နိုဝင်ဘာ ၉၊ ၂၀၂၃
Shy V (VOM)
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်ရှောင်ပြည်သူ ခြောက်သောင်းကျော်ရှိပြီး အဓိက စားစရာနဲ့ဆေးဝါး လိုအပ်နေကြောင်း ဒေသခံ ပြည်သူတွေဆီက သိရပါတယ်။
“အဓိက ကတော့ ဆီ၊ ဆား၊ ဟင်း တွေနဲ့ ဆေးဝါး တွေပေါ့။ ဝယ်ရမယ့် နေရမရှိသလို သွားဝယ်ရင်လည်း မရတော့တာ မျိုးရှိတယ်။ ကျွန်မတို့ဆီမှာက ဆား တောင်ဝယ်လို့ မရတော့ဘူး။ ဖုန်းလိုင်းတွေလည်း ဖြတ်တောက်ထားတယ်။ လိုင်းရလို့ ပြောရင်လည်း တခွန်း၊ နှစ်ခွန်းလောက်ပဲ ပြောလို့ရတော့ ဘယ်မှ မှာမရ၊ အဆက်အသွယ်မရ ဖြစ်နေတယ်။” လို့ အမျိုးသမီး တယောက်က ပြောပါတယ်။
မုံးကိုးက စစ်ရှောင်တွေတော့ လူဦးရေ နှစ်သောင်းခန့်ရှိနေတာကြောင့် အိမ်သာတွေပါ အခက်အခဲ ဖြစ်နေရတယ်လို့ စစ်ရှောင်တွေကို ကူညီ စီမံ ခန့်ခွဲ ပေးနေသူက ပြောပါတယ်။
တရုတ် – မြန်မာ နယ်ခြားမှတ်တိုင် ၁၀၂ ဘက် တိမ်းရှောင်ကြတဲ့ ဖောင်းဆိုင်ဒေသခံတွေအတွက်တော့ အစားအသောက် ပို့ဆောင်ဖို့ အခက်အခဲ ဖြစ်နေတယ်လို့ စစ်ရှောင်တွေကို ထောက်ပံ့ပစ္စည်း ပို့ဆောင်ပေးနေသူ ဖောင်းဆိုင် ဒေသခံက ပြောပါတယ်။
“ခါတိုင်းက ကျနော်တို့ တရုတ်ဘက်ခြမ်း နယ်စပ်ဖြစ်တဲ့ မန်ဟိုင်း ဒေသခံတွေကို တရုတ်ငွေ ပို့ပေးပြီးတော့ လိုအပ်တဲ့ ပစ္စည်း မှန်သမျှ အဲဒီ နယ်ခြားမှတ်တိုင် ၁၀၂ ဘက်က စစ်ရှောင်တွေဆီ ကူညီ ပို့ဆောင်ခိုင်းတာ။ အခုက တရုတ် အစိုးရက မန်ဟိုင်း နယ်စပ်က ဒေသခံတွေကို ပြီးခဲ့တဲ့ရက်ပိုင်းက မံစီမြို့ဘက် အကုန်ခေါ်သွားပြီ။ တယောက်မှ မရှိတော့ဘူး။ ကျနော်တို့ စစ်ရှောင်တွေအတွက် ကစားအသောက် ပို့ဆောင်ပေးမယ့်လူ မရှိတော့ဘူး။ ဘာဆိုင်မှလည်း မရှိတော့ဘူး” လို့ သူက ရှင်းပြပါတယ်။
လက်ရှိမှာလည်း တရုတ်ဘက် ဝမ်တိန်နယ်စပ်မြို့အထက်က ရွာကို ပြောင်းရွှေ့ဖို့ ပြောနေပြီလို့ တရုတ်ဘက်နယ်စပ် ဒေသခံ တယောက်က ပြောပါတယ်။
စစ်ရှောင် အများစုက အစားအသောက်နဲ့ ဆေးဝါး အဓိက လိုအပ်နေပြီး ရက်ကြာလာနာနဲ့အမျှ ဖျားနာသူတွေလည်း များလာနေကြောင်း၊ မြို့နဲ့ အလှမ်းဝေးနေတဲ့ စစ်ရှောင်တွေနဲ့ တောတောင်ဘက် ထွက်ပြေးနေသူတွေက ဆက်သွယ်ရ ပြတ်တောက်နေတဲ့အပြင် ပိုမို အခက်အခဲ ဖြစ်ရကြောင်း ဒေသခံတွေက ပြောပါတယ်။
VOM အနေနဲ့ ရရှိထား သလောက် စာရင်းအရ ကျောက်မဲမြို့နယ် ၆၀၀ ခန့်၊ မန်ဆူကျောင်း အပါအဝင် လားရှိုးမြို့နယ်မှာ ၉၇၀၀ ကျော်၊ သိန္နီ မြို့နယ်မှာ ၉၀၀၀ ကျော်၊ ကွတ်ခိုင်မြို့နယ်မှာ ၁၀၀၀ ကျော်၊ လောက်ကိုင်မြို့နယ်မှာ ၁၄၀၀၀ ကျော်၊ မုံးကိုးမြို့နယ်မှာ ၂၁၀၀၀ ကျော်၊ ပန်ဆိုင်းမြို့နယ်မှာ ၁၀၀၀ ကျော်၊ “ဝ” ဒေသမှာ ၅၀၀၀ ကျော်နဲ့ မူဆယ်မြို့ပေါ်မှာလည်း စစ်ဘေးရှောင် ရာချီ ရှိနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။
Photo Crd# CJ