နိုဝင်ဘာ ၁၉ – ၂၀၂၃
SN (VOM)
ဒီနေ့ နိုဝင်ဘာ ၁၉ ရက်၊ နေ့လယ် ၁၂ နာရီ၊ ၁၅ မိနစ်ဝန်းကျင်က ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ ဖော့ကန်ရပ်ကွက်၊ သံမဏိစက်ရုံအနောက်ဘက်မှာ ကမ်းကပ်ထားတဲ့ သင်္ဘောတစီး မီးလောင်မှုဖြစ်ပွားခဲ့ပြီး နှစ်ယောက် သေဆုံးခဲ့ကာ သုံးယောက် ဒဏ်ရာရရှိခဲ့တယ်လို့ တွဲလက် လူမှုကူညီရေးအဖွဲ့မှ သိရပါတယ်။
“သူတို့က ဒီသင်္ဘောကို ပြုပြင်နေတာလို့တော့ ပြောတယ်။ အလုပ်သမားတွေ ဝရိန်တို့နေကြတာ။ အလုပ်နားချိန်ရောက်တော့ ခဏ စက်ပိတ်ပြီး နားလိုက်ကြတာ။ အဲ့ကနေ အပူလွန်ကဲပြီးတော့ မီးစလောင်ပြီး မီးဖွားက ဆီကန်နားကို သွားကျတာ။ အဲ့ဒီ့မှာ ပေါက်ကွဲကုန်တာ။ နေရာမှာတင် သေဆုံးသွားတဲ့နှစ်ယောက်မှာ တယောက်ကတော့ အလောင်းပြန်ရတယ်၊ နောက်တယောက်ကတော့ ပြာပုံနဲ့ အရိုးစုပဲ ပြန်ရတာပေါ့။ ဒဏ်ရာရတဲ့ အမျိုးသား သုံးဦးမှာကျတော့ နှစ်ဦးကတော့ စိုးရိမ်ရတယ်၊ အနီရောင်အဆင့်ပေါ့၊ နောက်တဦးကတော့ သိပ်မစိုးရိမ်ရတဲ့အတွက် အဝါရောင်အဆင့် သတ်မှတ်ထားပါတယ်။ မီးလောင်တာ သင်္ဘောတစီးလုံးလည်း ကုန်သွားတယ်။ တခြား သင်္ဘောတွေ၊ တခြားနေရာတွေကို ကူးစက် လောင်ကျွမ်းတာမျိုးတော့ မရှိပါဘူး” လို့ တွဲလက် လူမှုကူညီရေးအဖွဲ့မှ တာဝန်ရှိသူတယောက်က ပြောပါတယ်။
လက်ရှိမှာ သေဆုံးသူတွေနဲ့ ထိခိုက်ဒဏ်ရာရရှိသူတွေကို တွဲလက် လူမှုကူညီရေးအဖွဲ့အပြင် ကနောင် နာကူ/ရှင်ကူ အသင်းတို့က အင်းစိန်မြို့နယ် ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးထားတယ်လို့ သိရပါတယ်။
အဲ့ဒီ့ မီးလောင်မှုကို အင်းစိန်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်တွေ၊ မရမ်းကုန်းမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်တွေ ထွက်ခွာငြှိမ်းသတ်ခဲ့ပြီး နေ့လယ် ၁၂ နာရီ၊ ၂၈ မိနစ်ဝန်းကျင်မှာ မီးထိန်းနိုင်ခဲ့ကာ ၁၂ နာရီခွဲဝန်းကျင်မှာ မီးငြှိမ်းသတ်နိုင်ခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရပါတယ်။
ဓါတ်ပုံ-တွဲလက် လူမှုကူညီရေးအဖွဲ့