“အမိတက္ကသိုလ်ကို လွမ်းမိတဲ့ အခါ…”

 

 

သွေး (စစ်ကိုင်း)

 

တက္ကသိုလ်တက်ရောက် ပညာသင်ယူခဲ့သူတိုင်း တက္ကသိုလ်ရဲ့ နေ့ရက်တွေကို သတိတရရှိနေတတ်ကြပါတယ်။ ရန်ကုန်တက္ကသိုလ် လို့ ဆိုလိုက်ရင် “အဓိပတိလမ်း” နဲ့ “ကံ့ကော်ပန်း” တွေကို ပြေးမြင်ယောင်မိမှာ ဖြစ်သလို မန္တလေးတက္ကသိုလ် လို့ ဆိုလိုက်ရင် မိန်းအဆောက်အဉီနဲ့ စိန်ပန်းတွေကို မြင်ယောင်မိမှာ ဖြစ်ပါတယ်။ တက္ကသိုလ်ရဲ့ အငွေ့အသက်ကို ပြည့်ပြည့်ဝဝ ရရှိခဲ့တဲ့ ရက်စွဲတွေကို ပြန်တမ်းတမိတိုင်း ကျောင်းနေဖက် သူငယ်ချင်းတွေကိုပါ သတိရမိပါရဲ့။

 

မန္တလေးတက္ကသိုလ်မှာ ရူပဗေဒအထူးပြု ကျောင်းသူတစ်ယောက်အနေနဲ့ တက်ရောက်ခဲ့ရတဲ့ အချိန်တွေဟာ ကျမရဲ့ ဘဝမှာ အပျော်ရွှင်ဆုံးကာလ တစ်ခုပါပဲ။ အထက်မြန်မာနိုင်ငံက အထင်ကရတက္ကသိုလ် ဖြစ်တဲ့ အတွက် အနယ်နယ်အရပ်ရပ်က ကျောင်းသား, ကျောင်းသူတွေ တက်ရောက်တဲ့ တက္ကသိုလ်ဆိုရင်လည်း မမှားပါဘူး။ ကျမတို့ ကျောင်းတက်စဉ်က ဖယ်ရီလို့ ခေါ်တဲ့ ကျောင်းကြို/ပို့ကားနဲ့ တက်ရောက်သူတွေ ရှိသလို အဆောင်နေ ကျောင်းသား, ကျောင်းသူတွေလည်း ရှိပါတယ်။

 

အဲဒီကာလတုန်းက မန္တလေးတိုင်း, စစ်ကိုင်းတိုင်း, မကွေးတိုင်းတွေက အင်္ဂလိပ်စာ အထူးပြုကျောင်းသူ, ကျောင်းသားတွေလည်း မန္တလေးတက္ကသိုလ်မှာပဲ တက်ရောက်ရတာပါ။ ၁၉၉၄ ခုနှစ်ကနေ စ,တင်တက်ရောက် ခဲ့တဲ့ တက္ကသိုလ်ကျောင်းသူ ဘဝမှာ ခင်မင်နှစ်လိုဖွယ်ကောင်းတဲ့ သူငယ်ချင်းအများကြီးနဲ့ ဆုံတွေ့ခွင့်ရခဲ့ပါရဲ့။ စစ်ကိုင်းမြို့ပေါ်ကနေ ဖယ်ရီစီးရင် အသွား ၃ ကျပ်, အပြန် ၃ ကျပ်ပဲ ကျတာမို့ တစ်နေ့မှ လမ်းစရိတ်က ၆ ကျပ်ပဲ ကျပါတယ်။ မန္တလေးအနီးဝန်းကျင်မြို့တွေက ဖယ်ရီနဲ့ ကျောင်းတက်ကြသူတွေ အတွက် ဖယ်ရီစီးရတာက တကယ်ပဲ ပျော်စရာကောင်းနေပါတယ်။

 

အဆောင်နေကျောင်းသား, ကျောင်းသူတွေ အတွက် ရွှေပြည်အေး, အောင်မင်္ဂလာ, နဒီ, ဇေယျာ, မန္တလာ စ,တဲ့ အဆောင်တွေ ရှိသလို ကျောင်းသူတွေ အတွက် ရွှေမန်း, သစ္စာ, မြတမာ စ,တဲ့ အဆောင်တွေ ရှိပါတယ်။ မန္တလေး တက္ကသိုလ် အနီးဝန်းကျင်ရှိ ရပ်ကွက်တွေထဲမှာလည်း သီးခြားအဆောင်တွေလည်း အများအပြားရှိတာကို မှတ်မိနေ ပါတယ်။ အဆောင်နေ ကျောင်းသား, ကျောင်းသူတွေ အတွက် တစ်လ တစ်လ ပေးသွင်းရတဲ့ အဆောင်ကြေးက နေ,စား စရိတ်အပါအဝင် တစ်လမှာ ၄၀၀ ကျပ်ဝန်းကျင်ပဲ ရှိပါတယ်။

 

အဲဒီတုန်းက အခုခေတ်လို ဆိုင်ကယ်တွေ အများကြီး မရှိသေးဘဲ စက်ဘီးစီးကြသူတွေက အများအပြားပါ။ ‘စက်ဘီးမြို့တော်’ လို့လည်း ဆိုကြတာ မှတ်မိပါသေးတယ်။ တက္ကသိုလ်ဝင်းထဲမှာပဲ ကျောင်းသား, ကျောင်းသူတွေ အားကိုးရတဲ့ ‘ဦးလေးလှ’ လို့ ခေါ်တဲ့ ‘ဦးလှဝင်း’ ရဲ့ စက်ဘီး ပြင်ဆိုင်လေးလည်း ရှိပါတယ်။

 

“အညာ” နဲ့ “တမာ” ခွဲလို့ မရတာကြောင့် တက္ကသိုလ်ဝင်းထဲက တမာလမ်းမှာ တမာပန်းတွေ ပွင့်ဝေနေတဲ့ ရာသီ ဆိုရင် တမာရနံ့တွေ လမ်းတလျှောက် သင်းသွဲ့မွှေးမြနေပါတော့တယ်။ တမာတွေ ပွင့်ဝေနေတဲ့ တမာတန်း လမ်းလေးကို ဆက်လျှောက်သွားရင် “တက္ကသိုလ်စာတိုက်” ကို ရောက်ပါတယ်။ အခုခေတ်လို ဖုန်းတွေ တွင်တွင် ကျယ်ကျယ် မသုံးနိုင်သေးတဲ့ ကာလဖြစ်လို့ အပြန်အလှန် ဆက်သွယ်ရေး အတွက် တက္ကသိုလ်ကျောင်းသား, ကျောင်းသူတွေ အားထားခဲ့ရတဲ့ နေရာတစ်ခုပါပဲ။ မိဘဆီကို ဆက်သွယ်ဖို့ပဲ ဖြစ်ဖြစ်, ချစ်သူရည်းစားဆီပဲ ဖြစ်ဖြစ်, သူငယ်ချင်း အချင်းချင်းဆီ ဆက်သွယ်ဖို့ပဲ ဖြစ်ဖြစ်ပေါ့။

 

ရူပဗေဒကျောင်းသူ ဖြစ်တဲ့ ကျမအတွက် အင်္ဂလိပ်စာ, မြန်မာစာ, ဓာတုဗေဒ, ဥပဒေ, နိုင်ငံတကာ ဆက်ဆံရေး, ရုက္ခဗေဒ, ဘူမိဗေဒ အထူးပြု တက်ရောက်နေတဲ့ သူငယ်ချင်းတွေနဲ့ ခင်မင်ခွင့်ရခဲ့တာက မဟာကံကောင်းမှုကြီးပါ။ မြန်မာစာဌာနက စာပေဝါသနာပါတဲ့ ဆရာ, ဆရာမတွေနဲ့ ခင်မင်ခွင့်ရခဲ့ရုံသာမက နှစ်စဉ်နှစ်တိုင်း ဌာနက ပြုလုပ်တဲ့ “မြကွန်းသာ” နံရံကပ်စာစောင်မှာ ပါဝင်ရေးသားခွင့် ရခဲ့ပါတယ်။ အတန်းအားတဲ့ အချိန်တွေမှာ မြန်မာစာဌာနရဲ့ စာကြည့်တိုက်မှာ ဖတ်ချင်တဲ့ စာအုပ်တွေ ဖတ်ခွင့်ရခဲ့တာကိုလည်း အမှတ်တရ ရှိနေပါတယ်။

 

ကျမတို့ တက္ကသိုလ်တက်ရောက်တဲ့ ကာလတုန်းက အင်္ဂလိပ်စာဌာနနဲ့ မြန်မာစာဌာနဟာ မလှမ်းမကမ်းမှာ ရှိနေတာပါ။ ဒါကြောင့် အင်္ဂလိပ်စာဌာနဘက်ရောက်ရင် မြန်မာစာဌာနဘက်ပါ ရောက်ပြီးသားမျိုး ဖြစ်နေပါတယ်။ ထနောင်းပင်စိမ်းစိမ်းတွေနဲ့ စိန်ပန်းတွေဝေနေတဲ့ကြား ခန့်ညားလှတဲ့ ပင်မအဆောက်အဦကြီးကို မြင်တွေ့ရတဲ့ မြင်ကွင်းက တကယ့်ကို ကြည်နူးစရာပါပဲ။

 

“မြကွန်းသာ” နံရံကပ်စာစောင်မှာ ကျမအနေနဲ့ ကဗျာတွေ ဝင်ရေးခဲ့သလို ဝါသနာတူတဲ့ သူငယ်ချင်းတွေနဲ့ လက်ဖက်ရည်ဆိုင် ထိုင်ရင်း စာပေအကြောင်း ပြောခဲ့ရတာက အဖိုးမဖြတ်နိုင်တဲ့ ဆုလာဘ်တွေပါ။ ဘူမိဗေဒ ဌာနကတော့ “ကျောက်ရိုင်း” ဆိုတဲ့ နံရံကပ်စာစောင်ရှိပြီး အဲဒီမှာလည်း ဝင်ရေးခဲ့တာ အမှတ်တရပါပဲ။ ရူပဗေဒ အထူးပြု ဘာသာရပ်နဲ့ တက်ရောက်ရင်း ဒုတိယနှစ် စာမေးပွဲအောင်တော့ ‘မြန်မာစာ’ ဂုဏ်ထူးပါတဲ့ အတွက် မြန်မာစာဌာနက ဆရာ “ဦးမောင်မောင်လေး” က ကျမကို ဆုချတဲ့ အနေနဲ့ အစိမ်းရောင်လွယ်အိတ်လေး တစ်လုံး လက်ဆောင်ပေးခဲ့တာကိုလည်း အမှတ်ရမိနေပါတယ်။

 

မြန်မာစာဌာနကနေ နည်းနည်းလေး ဆက်လျှောက်လိုက်ရင် ရေနီမြောင်းဘေးက လက်ဖက်ရည်ဆိုင်လေးတွေဆီ ရောက်ပါတယ်။ ဒီနေ့အထိ သတိရနေမိတဲ့ လက်ဖက်ရည်ဆိုင်တွေက “Memory”, “မျက်လုံးစိမ်း” နဲ့ “ငွေဗျိုင်းဖြူ” ဆိုင်တွေ ဖြစ်ပါတယ်။ ကျမ အထူးပြု တက်ရောက်နေတဲ့ ရူပဗေဒ ဘာသာရပ်မှာလည်း အနယ်နယ်အရပ်ရပ်က အတန်းဖော် သူငယ်ချင်းတွေနဲ့ တက္ကသိုလ်နေ့ရက်တွေ ဖြတ်သန်းခဲ့ရတာကလည်း မမေ့နိုင်စရာပါ။ အတန်းဆင်းလို့ ပါလာတဲ့ ထမင်းဘူးလေးတွေ ကိုယ်စီကိုင်ပြီး လက်ဖက်ရည်ဆိုင် တစ်ဆိုင်မှာ ထမင်းစုစားကြပါတယ်။ ဟင်းကောင်းကောင်း ပါမလာတဲ့ နေ့ရက်တွေမှာ ဟင်းကောင်းကောင်း ပါလာတဲ့ သူငယ်ချင်းတွေက သူတို့ရဲ့ ဟင်းတွေ မျှဝေပေးကြတာမျိုး ရှိသလို… လက်ဖက်ရည်ဖိုး ရှင်းကြရင်လည်း အဆင်ပြေတဲ့ သူငယ်ချင်းက အဆင်မပြေတဲ့ သူငယ်ချင်းအတွက်ပါ ထည့်ဝင်ရှင်းပေးတာက အင်မတန်ချစ်စရာကောင်းတဲ့ ကျောင်းသူ, ကျောင်းသားတွေရဲ့ ဖြူစင်ရိုးရှင်းတဲ့ စိတ်နှလုံးကို လှစ်ဟပြနေတာပါပဲ။

 

ကျမတို့ အနေနဲ့ ရည်ညွှန်းစာအုပ်တွေ ဖတ်ရှု,ကိုးကားချင်တယ် ဆိုရင်လည်း မန္တလေးတက္ကသိုလ် စာကြည့်တိုက်ကြီးမှာ ဖတ်ရှုနိုင်သလို လိုအပ်ရင် စာတွေငှားပေးတာတွေလည်း ရှိပါတယ်။ တခြား မေဂျာက သူငယ်ချင်းတွေလည်း ရှိတဲ့ အတွက် သူတို့နေထိုင်တဲ့ အဆောင်တွေဆီ သွားရောက်လည်ပတ် ရတာကလည်း တက္ကသိုလ်ရဲ့ နေ့ရက်တွေထဲက အမှတ်တရရက်စွဲတွေပါပဲ။ အဆောင်နေ ကျောင်းသူ, ကျောင်းသား တွေရဲ့ ဖြတ်သန်းမှုက ပျော်ရွှင်စရာ ဖြစ်သလို ကျမတို့လို ဖယ်ရီနဲ့ ကျောင်းတက်သူတွေ အတွက်လည်း ပျော်စရာ ကောင်းခဲ့ပါတယ်။

 

မိန်းအဆောက်အဦကြီး ရှေ့က အုတ်ခုံတွေမှာ ထိုင်ရင်း ငေးချင်ရာငေး, တွေးချင်ရာတွေးနေရတာကလည်း ကျောင်းသား, ကျောင်းသူဘဝရဲ့ လွတ်လပ်မှုအရသာ တစ်မျိုးပါ။ အမှတ်တရ ဓာတ်ပုံတွေ ရိုက်ချင်ရင် ဓာတ်ပုံ ဆရာတွေ အများကြီး ရှိတာမို့ ကိုယ်နှစ်သက်သလို ဓာတ်ပုံတွေ ရိုက်ပေးပါတယ်။ ဓာတ်ပုံဆရာတွေထဲမှာ “Angel” နဲ့ “နေဝန်းနီ” ကတော့ နာမည်ကြီးတွေလို့ ပြောရမှာပါ။

 

၇၃ လမ်းမကြီးပေါ် တက္ကသိုလ်ပရဝုဏ် အပြင်ဘက်က “UNISON” (ယူနီဆန်) လက်ဖက်ရည်ဆိုင်ကတော့ ကျောင်းသား, ကျောင်းသူတွေ အသည်းစွဲထိုင်ကြတဲ့ ဆိုင်ကြီး ဖြစ်တာကြောင့် အင်မတန်စည်ကားပါတယ်။ လက်ဖက်ရည် တစ်ခွက်ရဲ့ ဈေးနှုန်းက ၁၉၉၅-၉၆ ဝန်းကျင်မှာ ၇ ကျပ်ကနေ ၁၀ ကျပ်ဝန်းကျင်ပဲ ရှိပါတယ်။ တစ်နေ့ကို ၅၀ ကျပ်/ ၁၀၀ ကျပ် ပါတဲ့ ကျောင်းသား, ကျောင်းသူတွေ အတွက် လုံလုံလောက်လောက် သုံးစွဲနိုင်တယ် လို့ ဆိုရမှာပါ။

 

“၇၃ အိပ်မက်လမ်းမ” ဆိုတဲ့ ကဗျာစာအုပ်လေးကို သူငယ်ချင်းတွေနဲ့ အတူ စုပေါင်း ထုတ်ဝေခဲ့တာလည်း မှတ်မိနေပါတယ်။ မေဂျာပေါင်းစုံက ကဗျာဝါသနာပါသူတွေ ပါဝင်ရေးသားထားတဲ့ အဲဒီစာအုပ်လေးကို တစ်အုပ်ကို ၁၀ ကျပ်, ၁၅ ကျပ်နဲ့ ရောင်းခဲ့တာ ဖြစ်ပြီး ကျောင်းသူ, ကျောင်းသား အချင်းချင်း ဝယ်ယူအားပေးကြကိုလည်း မမေ့နိုင်စရာပါ။

 

မန္တလေးမြို့တော်ရဲ့ အထင်ကရ တစ်ခုဖြစ်တဲ့ “ဈေးချိုတော်” ကို သွားကြမယ် ဆိုရင်လည်း တက္ကသိုလ်ရှေ့ကနေ အမှတ် (၃) ဘတ်စကားကြီးကို စီးရတာလည်း ပျော်စရာပါ။ “ဗိုက်ပူ” လို့လည်း ခေါ်တဲ့ အဲဒီဘတ်စကားကြီးတွေက အိပဲ့အိပဲနဲ့ သွားလေ့ရှိတာကြောင့် အရေးကြီးတယ် ဆိုရင်တော့ တော်တော်စိတ်မရှည်စရာပါ။ နေတပူပူ ချွေးတရွှဲရွှဲနဲ့ ဘတ်စကားထဲမှာ ထိုင်ကြရင်း…, သူငယ်ချင်းတစ်ယောက်က “ကားကြီးက နှေးတာ မဟုတ်ဘူး၊ ငါတို့ စိတ်ကိုက မြန်နေတာ” ဆိုပြီး ပြောလို့ ရယ်မောမိကြတယ်။ အမှတ်တရ ကဗျာလေးလည်း ရေးခဲ့ဖူးပါရဲ့။

 

အမှတ် (၃) လိုင်းကားကြီး

– တဖင့်တနွဲ့နဲ့

အကျင့်လည်း ပါနေပါပြီ…၊

– ကစဉ့်ကလျား လမ်းမကြီးပေါ်မှာ

နံပါတ် (၃) လို့ ရေးထားပြီး

ခရီးတွေ သွားနေပေမဲ့…

မန္တလေးရဲ့ ရင်ဘတ်ထဲကက မထွက်ဘူး…၊

– အနှစ်နှစ် အလလက

ရင်ခုန်သံတွေ ထင်ကျန်လို့…

ခြေရာတွေ အထပ်ထပ်ကျလို့

အကြင်နာဖွဲ့ မှတ်တမ်းတွေ

ဝေဒနာဖွဲ့ မှတ်တမ်းတွေ

အားလုံး သိမ်းကြုံးပြီး

မချိမဆန့် ခံစားနေရထင့်…၊

– ခက်တာက

ဒီဇရာအိုကြီးရဲ့ အပေါ်ကိုမှ

ရည်ရွယ်တာတွေ တင်ထားမိတာကိုး…၊

– လွယ်အိတ်လေးတွေ လွယ်ရင်း

နုပျိုဖွဲ့ အော်ဟစ်ကျီစယ်မှုတွေက

သူ့ရဲ့ ရင်ခုန်သံကို

မအိုဟောင်းနိုင်သေးသမျှတော့

အတိအကျ သယ်ပို့နေမှာပဲပေါ့…။   ။

 

မန္တလေးတက္ကသိုလ်ကို တက်ရောက်ကြတဲ့ ကျောင်းသူ, ကျောင်းသားတွေဟာ အထူးပြုမေဂျာချင်း မတူကြပေမဲ့…, ဇာတိမြို့ရွာချင်း မတူကြပေမဲ့…, အတူညီဆုံးက တက္ကသိုလ်တက်သူ သူငယ်ချင်း အချင်းချင်းကြား နားလည်ပေးမှု, ခင်မင်ရင်းနှီးမှု, ကူညီဖေးမမှုနဲ့ အနစ်နာခံတတ်မှုတွေပါ။ ဒါတွေဟာ ကျောင်းသား, ကျောင်းသူတို့ရဲ့ ‘ပကတိ အဖြူရောင်စိတ်ရင်း’ ကို ဖော်လှစ်ပြသ,နေတဲ့ ‘ပြယုဂ်အမွန်’ တစ်ခုမဟုတ်ပါလား။

 

တက္ကသိုလ်ရဲ့ အငွေ့အသက်ကို ပြည့်ပြည့်ဝဝ ခံစားရင်း ပညာသင်ယူခွင့် ရခဲ့ရတာမို့ ပျော်ရွှင်နွေးထွေးခဲ့တဲ့ ရက်စွဲတွေကို ရင်ခုန်သံ မရပ်သေးသမျှ ဘယ်တော့မှ မေ့နိုင်မှာ မဟုတ်ပါ။ မန္တလေးတက္ကသိုလ်ကြီးဟာ ကျမရဲ့ ‘အမိတက္ကသိုလ်’ ဖြစ်တာကြောင့် ဇာတိမြို့ စစ်ကိုင်းကို ပြန်ရောက်တိုင်း အမိတက္ကသိုလ်ဆီ ရောက်အောင် သွားရောက်မြဲ သွားရောက်လေ့ရှိပါတယ်။

 

လက်ရှိအချိန်မှာတော့ အမိတက္ကသိုလ်ဆီ အလွမ်းပြေ သွားရောက်တာတောင် အပြင်လူ လို့ သတ်မှတ်ထားတာ ကြောင့် ဝင်ခွင့်ရဖို့ မလွယ်ကူတဲ့ အခြေအနေပါ။ “၇၃ အိပ်မက်လမ်းမကြီး” နဲ့ ဝေးကွာသွားနေပြီလား လို့ တွေးမိတဲ့ အခါ အမိတက္ကသိုလ်ကြီးကို လွမ်းဆွတ်မှုနဲ့ အတူ မျက်ရည်ဝဲလာမိပါတယ်။ မန္တလေးတက္ကသိုလ် ကျောင်းသူဟောင်း တစ်ယောက်အနေနဲ့ စိန်ပန်းတွေ ဝေဆာနေအောင် ပွင့်နေတဲ့ အချိန်မှာ, တမာတန်းက သင်းမြမြဖြာနေတဲ့ အချိန်မှာ မိန်းအဆောက်အဦကြီးရှေ့ နောက်တစ်ခေါက် ပြန်ရောက်နိုင်ဦးမယ် လို့ ယုံကြည်မျှော်လင့်နေမိပါတယ်။

 

သွေး (စစ်ကိုင်း)

Related posts

Leave a Comment

VOM News

FREE
VIEW