ချင်း ၊ စစ်ကိုင်းနဲ့ မကွေးတိုင်းမှာ ထိတွေ့တိုက်ပွဲတွေဖြစ်လို့ ကုန်သွယ်ရေးလမ်းအများစု ပိတ်ထားခံရလို့ ကုန်စည်ပြတ်လပ်

 

 

နိုဝင်ဘာ ၊ ၂၃ ၊ ၂၀၂၄

SP(VOM)

 

ဒီရက်ပိုင်းအတွင်း ချင်းပြည်နယ် ၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းထဲမှာ ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေနဲ့ နစကတပ်တွေမကြာခဏ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားတာကြောင့် ကုန်စည်နဲ့ ခရီးသည် သယ်ယူပို့ဆောင်ရေး လမ်းပိုင်းတွေ အများစု ပိတ်ခံထားရတယ်လို့ ကားလုပ်ငန်းရှင်တွေဆီက သိရပါတယ်။

 

 

ဒီအကြောင်းနဲ့ ပတ်သက်လို့ အထက်မြန်မာပြည် ကားလုပ်ငန်းရှင် တယောက်က ” ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၀ ရက်စပြီး ဒီကနေ့အထိမကွေးတိုင်း ဂန့်ဂေါမြို့နယ်နဲ့ ချင်းပြည်နယ် ဟားခါးမြို့ကြားမှာရှိတဲ့ တောင်ပေါ် လမ်းပိုင်းကို ပိတ်ထားတယ် ၊ အဲ့ဒီလမ်းပိုင်းမှာ အတက်ကားနဲ့ အဆင်းကားတွေ ရာချီပြီး ပိတ်မိနေတယ် ၊ နောက်ပြီး စစ်ကိုင်းတိုင်း ကလေးမြို့နဲ့ ချင်းပြည်နယ် မြောက်ပိုင်းမှာရှိတဲ့ နယ်စပ်ကုန်သွယ်ရေး ဟိုင်မွာလ် ၊ ရိခေါဒါရ်လမ်းပိုင်းလည်း ပိတ်ထားတယ် ၊ အဲ့ဒါကြောင့် ချင်းပြည်နယ်မှာ စက်သုံးဆီ အပါအဝင် လူသုံးကုန်ပစ္စည်းတွေနဲ့ စားသောက်ကုန်တွေပါ ပြတ်လပ်နေပြီ ” လို့ ပြောပါတယ်။

 

 

မကွေးတိုင်း ၊ပခုက္ကူမြို့ခံ ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်တယောက်က ” ပခုက္ကူ – မင်းတပ် ၊ ပခုက္ကူ – ပေါက် ၊ ကျောက်ထု ၊ ထီးလင်း၊ မြိုင် စတဲ့ လမ်းပိုင်းတွေ ပိတ်ထားတယ် ၊ အဲ့ဒီ အပြင် ဂန့်ဂေါ ကလေး ၊ ဂန့်ဂေါ ထီးလင်း လမ်းပိုင်းလည်း နှစ်ပေါက်အောင် ပိတ်ထားတယ် ၊ ပခုက္ကူ ရေစကြို မုံရွာ လမ်းပိုင်းကတော့ ပိတ်မထားဘူး ၊ ဒါပေမယ့် လုံခြုံရေးအရ သွားရဲတဲ့သူ မရှိဘူး” လို့ ပြောပါတယ်။

 

 

စစ်ကိုင်းတိုင်းထဲက လမ်းတွေပိတ်ထားတာနဲ့ ပတ်သက်ပြီး ကားလုပ်ငန်းရှင် တယောက်က ” ၂၀၂၁ ကစလို့ ဒီနေ့အထိ မုံရွာ ယာကြီးကလေးဝ လမ်းပိတ်ထားတယ် ၊ မုံရွာ ဂန့်ဂေါ ကလေး လမ်းပိုင်းလည်း ပိတ်ထားတာ တနှစ်ကျော်ပြီ ၊ ကလေး ၊ တမူး သွားမယ်ဆိုရင်မဟာမြိုင်တောလမ်းကနေ သွားရတယ် ၊ အဲ့ဒီ မဟာမြိုင်တောလမ်းလည်း ဒီရက်ပိုင်း ပိတ်ထားတယ် ၊ နောက်ပြီး ၊ ပြီးခဲ့တဲ့ နိုဝင်ဘာ ၃ရက်ကစလို့ အခုထိ ခါမ်းပါတ်မြို့တိုက်ပွဲကြောင့် ကလေး တမူးလမ်းပိတ်ထားတယ် ၊ မုံရွာ မန္တလေး ကလေး လေကြောင်းလိုင်းတွေလည်းတနေ့ကစပြီး ယာယီပိတ်ထားတယ် ၊ ဝက်လက်မြို့နယ် ၊ ရွှေပန်းကုံး တိုက်ပွဲကြောင့် မုံရွာ အရာတော် ရွှေဘိုကားလမ်း ပိတ်ထားတယ် ၊လွင်ကြီးတိုက်ပွဲကြောင့် မုံရွာ ဖောင်းပြင် ဟုမ္မလင်း ခန္တီး စတဲ့မြို့တွေကို ရေလမ်းကုန်လမ်းတွေပိတ်ထားတယ် ၊ နောက်ပြီး ဖောင်းပြင် ဟုမ္မလင်း ပင်လည်ဘူး လမ်းလည်း ပိတ်ထားတယ် ” လို့ ပြောပါတယ်။

 

 

အဲ့ဒီ ဖြစ်စဥ်တွေနဲ့ ပတ်သက်လို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ၊ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဌာနရုံးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” စစ်ကိုင်းတိုင်းအတွင်းရေလမ်း ၊ ကုန်းလမ်းတွေ ပိတ်ထားတာမရှိဘူး ၊ ဒေသ အသီးသီးကို ကုန်စည် စီးဆင်းမှုမြန်ဆန်ဖို့ ကူညီပေးနေတာပဲရှိတယ် ၊ တနေ့က မုံရွာ – ဟုမ္မလင်း ကားလမ်းက လွင်းကြီးရွာနားမှာ တိုက်ပွဲဖြစ်တယ်လို့ သိရတယ် ၊ အမျိုးသား ရုပ်အလောင်း နှစ်လောင်းနဲ့ AK 47 သေနတ် တလက် ၊ M22 သေနတ် တလက် သိမ်းဆည်းရမိတယ် ၊ အခု အဲ့ဒီဘက်မှာ နယ်မြေရှင်းလင်းနေပြီဖြစ်လို့လမ်းတွေပွင့်တော့မှာ ” လို့ ပြောပါတယ်။

 

 

ဒါ့အပြင် ဖောင်းပြင် ၊ ဟုမ္မလင်းနဲ့ ခန္တီး မြို့နယ်တွေဟာ လူသုံးကုန်ပစ္စည်းတွေနဲ့ စားသောက်ကုန် ပစ္စည်းတွေကို မုံရွာ – မန္တလေးဘက်ကနေ အဓိက တင်သွင်း သုံးစွဲရတာဖြစ်ပြီး ပြီးခဲ့တဲ့ အောက်တိုဘာလကုန်ပိုင်းကစလို့ ကောလင်းတိုက်ပွဲ ၊ ပင်လည်ဘူး တိုက်ပွဲနဲ့ မဟာမြိုင်လမ်းတိုက်ပွဲတွေကြောင့် ကုန်စည်ဝင်ရောက်တာ မရှိတဲ့အတွက် ၊ ကုန်စည်ပြတ်လပ်နေတယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ ၊ ဂန့်ဂေါ – ဟားခါး လမ်းပိုင်းကို လတ်တလော တွေ့ရပုံ (ဒေသခံ ကားသမားတဦး)

 

#voiceofMyanmar #vom #ချင်း #စစ်ကိုင်း #မကွေးလမ်းပိုင်း

 

Related posts

Leave a Comment

VOM News

FREE
VIEW