မြန်မာလုပ်သားခေါ်ယူဖို့ ဂျပန် နိုင်ငံရဲ့ ကမ်းလှမ်းစာ သုံးရာနီးပါး လက်ခံရရှိထား

 

Edited – Facebook ကဖြုတ်ချတာကြောင့် ပြန်လည်တင်ပေးခြင်းဖြစ်ပါတယ်။

ဒီဇင်ဘာ ၁၊ ၂၀၂၃

TT (VOM)

ဂျပန်နိုင်ငံက စက်ရုံတွေမှာ ခန့်ထားဖို့ အလုပ်သမားခေါ်ယူတဲ့ ကမ်းလှမ်းစာ (၂၈၈) စောင်လက်ခံရရှိထားပြီး စိစစ်ပြီးဖြစ်တယ်လို့ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံး (တိုကျို) က ထုတ်ပြန်ထားပါတယ်။

ဂျပန်နိုင်ငံက စက်ရုံတွေကနေ မြန်မာလုပ်သား ၈၀၀ ကျော် ခေါ်ဖို့ ရှိနေတဲ့ အထဲကနေမှ နိုဝင်ဘာလ (၁၆)ရက်နေ့ကနေ နိုဝင်ဘာလ (၃၀)ရက်နေ့ အတွင်း စိစစ်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနကို ပေးပို့ပြန်ကြားခဲ့တဲ့ အလုပ်ကမ်းလှမ်းစာ ၂၈၈ စောင် ကို လက်ခံရထားတာပဲ ဖြစ်ပါတယ်။

“ဂျပန်က အလုပ်ကမ်းလှမ်းစာတွေ က တသုတ်ပြီး တသုတ် ရောက်နေတာပါ။ ကိုယ့်နိုင်ငံက လူငယ်တွေဘက်က အရည်အချင်းရှိအောင် ကြိုတင်ပြင်ဆင်ထားဖို့ လိုပါတယ် ၊ ဂျပန်ကုမ္မဏီတွေဖက် လူတွေ့အင်တာဗျူးတွေမှာ တကယ် ကျွမ်းကျင်တဲ့ သူမျိုး ကိုပဲ ရွေးချယ် ခေါ်ယူတာပါ။ ခေါ်ယူတဲ့ဦးရေ များတာနဲ့အမျှ အရည်အချင်း ရှိသူတွေကိုပဲ ပိုပြီးစိစစ်ရွေးလာတယ်” လို့ နှစ်ပေါင်း ၂၀ ကျော် သက်တမ်းရှိ နိုင်ငံခြား အလုပ်သမား ပို့ဆောင်ရေး အေဂျင်စီ တခု ရဲ့ မန်နေးဂျင်းဒါရိုက်တာ တဦးက ပြောပါတယ်။

ကမ်းလှမ်းစာ (၂၈၈) စောင်အရ ခေါ်ယူမယ့် အလုပ်သမားဦးရေက အမျိုးသား သုံးရာကျော်နဲ့ အမျိုးသမီးငါးရာကျော် ဖြစ်ပါတယ်။

မြန်မာသံရုံး၊ တိုကျိုမြို့အနေနဲ့ အလုပ်သမားဝန်ကြီးဌာနက နိုင်ငံခြားရေးဝန်ကြီးဌာနက တစ်ဆင့် ပေးပို့လာတဲ့ အလုပ်ကမ်းလှမ်းစာ ( Demand Letter ) တွေကို အချိန်နဲ့ တစ်ပြေးညီ စိစစ် ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။

အဲ့ဒီလို စိစစ်ဆောင်ရွက်တဲ့အခါ ဂျပန်နိုင်ငံရှိ အလုပ်သမားကြီးကြပ်ရေး ကုမ္ပဏီနဲ့ အလုပ်ခေါ်ယူတဲ့ စက်ရုံ/ ကုမ္ပဏီတွေက ဂျပန်နိုင်ငံမှာ တရားဝင် တည်ထောင်ထားခြင်း ရှိ/ မရှိ စာရွက်စာတမ်း အထောက်အထားတွေ စီစစ်ထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

“ခေါ်တဲ့ဦးရေများပေမယ့် လျှောက်တဲ့ ဦးရေကလည်း များတော့ အင်တာဗျူးမှာ သူတို့ စိတ်တိုင်းကျအောင် ကြိုးစားရတယ်။ ကိုယ့်နိုင်ငံမှာက အလုပ်တွေက ရှာရခက်တယ်၊ ပင်ပန်းတာခြင်း တူပေမယ့်ရတဲ့ ငွေကွာတော့ နိုင်ငံခြား ထွက်ဖို့ပဲ ကြိုးစားတာပါ” လို့ ဂျပန် နိုင်ငံ က ထမင်းဘူးစက်ရုံတစ်ခုမှာ သွားရောက်လုပ်ကိုင်ဖို့ ပြင်ဆင်နေတဲ့ ပုသိမ်မြို့ က အသက် ၂၈ နှစ်အရွယ် မသီရိ က ပြောပါတယ်။

လက်ရှိမှာ ဂျပန်နိုင်ငံကို သွားရောက် အလုပ် လုပ်ကိုင်ဖို့ လျှောက်ထားသူဦးရေ များလာပြီး ကျွမ်းကျင်အလုပ်သမားဗီဇ နဲ့ ဘိုးဘွားစောင့်ရှောက်ရေး လုပ်ငန်းတွေ၊ ဆောက်လုပ်ရေး ၊ စိုက်ပျိုးရေး စတဲ့ လုပ်ငန်းတွေမှာ သွားရောက်လုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ဂျပန်နိုင်ငံကို အလုပ်သမားစေလွှတ်နေတဲ့ တရားဝင်လိုင်စင်ရ အေဂျင်စီ (၄၅၀)ကျော်ရှိတယ်လို့ သိရပါတယ်။

 

Related posts

Leave a Comment

VOM News

FREE
VIEW