မုံရွာနယ် ကြာပိုင်(ကျပိုင်)ကျေးရွာ မီးရှို့ခံရပြီး သေဆုံးသူ ၁၀ဦးကျော်ရှိ

 

ဒီဇင်ဘာ ၊ ၃ ၊ ၂၀၂၃

SP ( VOM)

စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင် ၊ မုံရွာမြို့နယ် တောင်ပိုင်း ၊ ညောင်ဖြူပင်တိုက်နယ် ၊ ကြာပိုင်(ကျပိုင်)ကျေးရွာမှာ မနေ့ဒီဇင်ဘာ ၂ ရက် ၊ မနက် ၁၀ နာရီဝန်းကျင်က မီးလောင်မှုဖြစ်ပွားပြီး ထိခိုက်သေဆုံးသူတွေ အများအပြားရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

” မနေ့က မနက်ပိုင်းမှာ ကြာပိုင်ရွာ အနောက်ပိုင်း တခုလုံး လူနေအိမ်တွေ မီးလောင်တယ် ၊ အိမ်ခြေ ၅၀ ကျော် ၊ ၇၀ ထက်မနည်း မီးလောင်တယ် ၊ ရှို့မီးဖြစ်တယ်လို့ သိရတယ် ၊ သေဆုံးသူ ၁၀ ယောက်ကျော်ရှိတယ် ၊ ကိုစိုးမိုးသူ (၂၉) နှစ်၊ ကိုစိရွှေ (၄၃) နှစ်၊ ချမ်းငြိမ်း (၂၉) နှစ်၊ ကိုပါလေရာ(၃၇) နှစ်၊ ဆန်းဝင်း (၅၃) နှစ်၊ ကိုငဒိုး (၃၈) နှစ်၊ ကိုလှိုင်ဝင်း (၃၉)နှစ်၊ ကိုထွန်းထွန်း (၂၀) နှစ်၊ ကိုလှိုင်သူရ (၂၃) နှစ်၊ ကိုထွန်းခင် (၄၃)နှစ်နဲ့ စီစစ်နေဆဲ ရုပ်အလောင်းတွေ ကျန်သေးတယ် ၊ အဲ့ဒီ သေဆုံးသူတွေဟာ ဖမ်းဆီးသတ်ဖြတ်ခံရတာလား ၊ မီးလောင်သေဆုံးတာလား ဆိုတာ စစ်ဆေးနေတုန်းဖြစ်တယ် ” လို့ ဒေသခံ လူမှုကူညီရေးသမားတယောက်က ပြောပါတယ်။

ကြာပိုင်ရွာနားမှာ တောပုရွာဆိုတာလည်းရှိပြီး တရွာနဲ့တရွာဟာ ၂၀၂၁နောက်ပိုင်း ခဏခဏအချင်းများကြပြီး အပြန်အလှန်တိုက်ခိုက်တာတွေ ရှိတယ်လို့ ပတ်ဝန်းကျင်ကျေးရွာနေသူတွေ ပြောစကားအရသိရပါတယ်။

ကြာပိုင်ရွာ မီးလောင်မှုဖြစ်စဥ်နဲ့ ပတ်သက်လို့ မုံရွာခရိုင် လုံခြုံရေးအဖွဲ့ဆီ VOM က ဆက်သွယ်ပေမယ့် အခုထိတော့ ဆက်သွယ်မရသေးပါဘူး။

ဒါ့အပြင် မနေ့ ဒီဇင်ဘာ ၂ ရက်က စစ်ကိုင်းတိုင်း ၊ ယင်းမာပင်ခရိုင် ၊ ပုလဲမြို့နယ် ၊ မြကုန်းကျေးရွာဘက်မှာလည်း မီးရှို့ခံရလို့ လူနေအိမ်တွေ ပျက်စီးတယ်လို့ သိရပြီး အရေအတွက်တော့ စုံစမ်းနေဆဲဖြစ်ပါတယ်။

“ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းကလည်း မုံရွာမြို့နယ် တောင်ပိုင်း မုံရွာ – မန္တလေး ကားလမ်းမှာရှိတဲ့ မင်းရွာမှာ ကြာဇံစက်လုပ်ငန်းတွေ မီးရှို့ခံရပြီး ကြာဇံစက်ပိုင်ရှင် အပါအဝင် လူလေးဦး သေဆုံးတယ် ၊ ဒီဇင်ဘာ ၁ ရက်ကလည်း ညောင်ဖြူပင်ရွာ တောင်ပိုင်း (ရဲစခန်းနား)မှာ မီးရှို့ခံရတာတွေရှိတယ် ဒီရက်ပိုင်း မုံရွာနယ် တောင်းပိုင်းမှာ မီးရှို့တဲ့ ဖြစ်စဥ် အကြိမ်ရေများလာနေတယ် ” လို့ ပရဟိတသမားတယောက်က ပြောပါတယ်။

၂၀၂၁ နိုင်ငံရေး အခင်းအကျင်း ပြောင်းလဲမှုဖြစ်စဥ်တွေမှာ နိုင်ငံအဝှမ်း မီးရှို့ခံရတဲ့ ဖြစ်စဥ်တွေနဲ့ ပတ်သက်ပြီး လေ့လာနေသူ တယောက်က

” ၂၀၂၁ ပဋိပက္ခတွေမှာ မီးလောင်မှုဖြစဥ်တွေ စတင်ဖြစ်ပေါ်ခဲ့တာ မကွေးတိုင်း ပခုက္ကူခရိုင် ၊ ပေါက်မြို့နယ် ၊ ကင်းဖျားကျေးရွာကဖြစ်တယ် ၊ အဲ့ဒီကနေတဆင့် ကယားပြည်နယ် ၊ မိုးဗြဲမြို့ဘက်နဲ့ ရန်ကုန် လှိုင်သာယာ ၊ နောက်ပြီး ချင်းပြည်နယ် ၊ ထန်တလန် စတဲ့ နေရာတွေ စတင်လောင်ခဲ့တယ် ၊ အဲ့ဒီကနေ တဆင့် ၂၀၂၂ တနှစ်ပတ်လုံးမှာ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ ဂန့်ဂေါခရိုင်ဘက်တွေမှာ နေရာအတော်များများ လောင်တယ် ၊ စစ်ကိုင်းတိုင်းထဲက ဒီပဲယင်း ၊ ရေဦး ၊ တန့်ဆည် ၊ ကန့်ဘလူ ၊ ရွှေဘို ၊ ဝက်လက် ၊ မြင်းမူ ၊ မြောင် ၊ တားလင်းကြီး ၊ အရာတော် စတဲ့ မြို့နယ်တွေဘက်မှာ နှစ်ကျော့ပြန် ၊ သုံးကျော့ပြန် မီးလောင်ခံရတဲ့ ရွာတွေရှိတယ် ၊ မီးလောင်လို့ ရွာလုံးကျွတ် အခုထိ ဇီးရိုးဖြစ်သွားတဲ့ ရွာတွေ ဆယ်ရွာထက်မနည်း ရှိတယ် ” လို့ပြောပါတယ်။

၂၀၂၁ နိုင်ငံရေး ပြောင်းလဲမှုတွေ ဖြစ်ပေါ်ပြီးနောက်ပိုင်း နိုင်ငံနဲ့အဝှမ်းမှာ လူနေအိမ် ၁ သိန်းနီးပါး မီးရှို့ဖျက်စီးခံရတယ်လို့ ISP Myanmar က ဖော်ပြထားပါသေးတယ်။

ဓာတ်ပုံ ၊ ကြာပိုင်ရွာ မီးလောင်မှုဖြစ်စဥ်မှာ သေဆုံးသူတွေ မြင်တွေ့ရပုံ (ဒေသခံတဦး)

 

Related posts

Leave a Comment

VOM News

FREE
VIEW