မြဝတီ ကုန်သွယ်ရေးဇုန်ကနေ ထိုင်းကို ကုန်သွယ်မှု ရပ်တန့်နေ

 

ရန်ကုန် ၊ ဒီဇင်ဘာ ၃ -၂၀၂၃

GG (VOM)

ကရင်ပြည်နယ် ကော့ကရိတ်မြို့ နဲ့ သင်္ဃန်းညီနောင်မြို့သစ်မှာ ဒေသတွင်းလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ နစက တပ်တွေအကြား အပြန်အလှန်ထိတွေ့တိုက်ပွဲတွေဖြစ်ပွားမှုကြောင့် မြဝတီ ကုန်သွယ်ရေးဇုန်ကနေ ကုန်သွယ်မှုတွေ ရပ်တန့်နေတယ်လို့ ဒေသခံတွေနဲ့ကုန်သည်တွေဆီကသိရပါတယ်။

မြဝတီ ကုန်သွယ်ရေး ဇုန်မှာ ဒီဇင်ဘာလ ၁ ရက်နေ့ ညနေပိုင်းကလည်း ဒရုန်းဗုံးချ တိုက်ခိုက်ခံခဲ့ရတာအပါအဝင် အာရှလမ်းပိတ်နေတာတွေကြောင့် ဇုန်ထဲမှာ ကုန်ကားတွေ ထားတာသိပ်မရှိဘူးလို့ သိရပါတယ်။

ကော့ကရိတ်မှာ နိုဝင်ဘာလ ၃၀ ရက်နေ့ညကတည်းက ပစ်ခတ်မှုတွေရှိခဲ့ပြီး ဒီဇင်ဘာလ ၁ ရက်နေ့မနက်အစောကစလို့ တိုက်ပွဲတွေပြင်းထန်လာတာကြောင့် မြို့ကို စွန့်ခွာပြီး စစ်ဘေးရှောင်သူတွေ အများအပြားရှိလာနေပါတယ်။

” အာရှလမ်းပိတ်တော့ ကုန်စည်စီးဆင်းမှုရပ်နေတယ်၊ ကုန်စည်စီးဆင်းမှု မရှိတော့ ဇုန်ကလည်းကုန်စည်စီးဆင်းမှုမရှိတော့ ပိတ်သလိုဖြစ်သွားတယ်။ ဇုန်ဝန်းထဲလည်းကုန်ကားတွေမထားရဲကြဘူး၊မီးလောင်ရင် ကုန်မှာလေ၊ဇုန်မှာဝန်ထမ်းတွေလည်းမရှိလောက်တော့ဘူး ၊အဲ့ပတ်ဝန်းကျင်မှာလက်နက်ကိုင်တွေရှိနေတယ်၊ ထို့ကော်ကိုးလမ်းကသွားနေတာ တော့ရှိတယ်၊ကုန်များပြီး ကားကြီးရင် လမ်းအတက်တွေအဆင်မပြေနိုင်သလို အချို့တံတားတွေက တန် ၂၀ အောက်ပဲဖြတ်လို့ရတယ်၊ကုန်ကားဆိုရင် ၁၂ ဘီးကားကို ကုန်အနည်းအကျဉ်း နဲ့သွားတာတော့ရှိတာတွေ့ရတယ် ” လို့ မြဝတီဒေသခံတစ်ဦးကပြောပါတယ် ။

မြဝတီ ကော့ကရိတ် အာရှလမ်းပိတ်နေတာကြောင့် လမ်းမှာပိတ်မိနေတဲ့ ခရီးသည်တင်ကားနဲ့ ကုန်ကား တချို့ကတော့ ထို့ကော်ကိုး လမ်းဘက်ကနေ မြဝတီကိုသွားရောက်တာရှိပေမယ့်လည်း မြဝတီကုန်သွယ်ရေး ဇုန်ကနေ ကုန်သွယ်မှုလုပ်နိုင်တဲ့အခြေအနေမရှိတာကြောင့် ကုန်စည်စီးဆင်းမှု ရပ်တန့်နေတာဖြစ်တယ်လို့ ပါတယ်။

ထို့ကော်ကိုး လမ်းကနေ သွားလာနေတဲ့ ကုန်ကားတွေကလည်း မြဝတီကိုသွားဖို့ လမ်းမှာရောက်နေပြီး တိုက်ပွဲကြောင့်ပိတ်မိနေတဲ့ကုန်ကားတွေသာဖြစ်တယ်လို့သိရပါတယ်။

” ပိတ်မိနေတဲ့ ကားတွေကတော့ ရတဲ့လမ်းက အရဲစွန့်သွားကြတာ၊သွားပေမယ့်လည်း ကုန်သွယ်မှုကမရပါဘူး။မြဝတီမြို့ပေါ်မှာပဲကားတွေထားရတယ်၊တချို့ကုန်ကားတွေဆို သိန်းပေါင်းသောင်းချီပါတယ်။နောက်ထပ်ရန်ကုန်ကနေ ကားတွေကတော့ နယ်မြေအခြေအနေ ကိုပဲစောင့်ကြည့်နေကြတယ်၊ လာတော့လည်းကုန်သွယ်မှုမှမလုပ်နိုင်တာ ၊ ကျနော်တို့တောင် မြဝတီကနေ ပြန်လာတဲ့ကားတွေမို့လို့ လွှတ်ပေးလိုက်တာ ” လို့ ကုန်ကားသမားတစ်ဦးကပြောပါတယ်။

မြဝတီ ကုန်သွယ်ရေး ဇုန်ကနေ ကုန်သွယ်ရေးမလုပ်နိုင်တဲ့အတွက် ဇုန်ကနေ ထိုင်းကို တင်ပို့နေတဲ့ ပြည်တွင်းထွက် စိုက်ပျိုးရေး ထွက်ကုန်ပစ္စည်းတွေအပါအဝင် ပို့ကုန်ပစ္စည်းတွေ မတင်ပို့နိုင်တော့တဲ့အပြင် သွင်းကုန်ပစ္စည်းတွေလည်း တင်သွင်းနိုင်ခြင်းမရှိဘူးလို့ သိရပါတယ်။

ပို့ကုန်ပစ္စည်းတွေ မတင်ပို့နိုင်ခြင်း ၊သွင်းကုန်ပစ္စည်းတွေ တင်သွင်းနိုင်မှုမရှိတဲ့နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ကတော့ ထိုင်းကတင်သွင်းရတဲ့ ပစ္စည်းတွေ ဈေးတက်ပြီး ပစ္စည်းပြတ်လပ်တာတွေရှိလာနိုင်သလို ပြည်တွင်းကနေ ထိုင်းကိုတင်ပို့နေတဲ့ ကုန်ပစ္စည်း ဈေးနူန်းတွေလည်း ဈေးကျလာနိုင်တယ်လို့သိရပါတယ်။

“တိုက်ပွဲတွေဖြစ်တာ အချိန်ကြာလာတာနဲ့အမျှ အာရှလမ်းပိတ်တာကြာလာမယ်၊ကုန်သွယ်ရေးဇုန်ကလည်း အလုပ်မလုပ်နိုင်ဘူးဆိုတော့ ၊ ဒီနိုင်ငံက လူတွေရဲ့သဘောအရ ရှိတဲ့ပစ္စည်းကို ဈေးတက်ရောင်းမှာပဲ ဒါက ထုံးစံလိုဖြစ်နေပြီ ၊ ကိုယ့်နိုင်ငံကထွက်ကုန်ကတော့ ရှင်းပါတယ် ပြည်ပမပို့နိုင်ရင် ဈေးကကျလာနိုင်တယ်။ပြည်တွင်းသုံးစွဲမှု များနေရင်တော့ အကျနည်းမယ်ပေါ့ ” ပို့ကုန်လုပ်ငန်းရှင်တစ်ဦးကပြောပါတယ်။

ထိုင်းကို လတ်တလောမှာ တင်ပို့ခဲ့တဲ့ ပို့ကုန်ပစ္စည်းတွေကတော့ ကြက်သွန်နီ၊ ငရုတ်သီး၊ သတ္တုနှင့်သတ္တုရိုင်း၊ ဂေါ်ဖီ၊ ချုပ်ပြီးအထည်၊မတ်ပဲ၊ ကွမ်းသီး၊ ငါးမျိုးစုံ၊ အခြားရေထွက်ကုန်ပစ္စည်းတွေ တင်ပို့နေတာဖြစ်တယ်လို့သိရပါတယ်။

သွင်းကုန်ပစ္စည်းတွေအနေနဲ့က ချုပ်ပြီးအထည်၊ ပလပ်စတစ်ကုန်ကြမ်းပစ္စည်း၊တွင်းထွက်(သတ္တုမှအပ)ဆောက်လုပ်ရေးပစ္စည်း၊ဆေးဝါး ပစ္စည်း၊ စက်နှင့်စက်ပစ္စည်း၊ မော်တော်ယာဉ်နှင့်မော်တော်ယာဉ် ပစ္စည်း၊ ဆပ်ပြာ၊ သံနှင့်သံမဏိဆောက်လုပ်‌ရေးပစ္စည်း၊တာယာနှင့်ကျွတ်၊ သံနှင့်သံမဏိပစ္စည်း တွေကို တင်သွင်းနေတာဖြစ်တယ်လို့သိရပါတယ်။

မြဝတီကုန်သွယ်ရေးဇုန်ကနေ ထိုင်းကို ကုန်သွယ်မှုအနေနဲ့ ရက်သတ္တပတ်မှာ ပို့ကုန်တင်ပို့မှုကနေ အမေရိကန်ဒေါ်လာ ၄ သန်းကျော်ကနေ ၇ သန်းနီးပါးအထိ ရရှိပြီး သွင်းကုန်အနေနဲ့က အမေရိကန်ဒေါ်လာ ၁၄ သန်းကျော်ကနေ ၂၃ သန်းအထက်ထိ တင်သွင်းမှုရှိတယ်လို့သိရပါတယ်။

ခုနှစ် ပြီးခဲ့တဲ့ မတ်လတုန်းကလည်း မြဝတီနဲ့ ကော့ကရိတ်မှာ ဒေသတွင်း လက်နက်ကိုင်တွေနဲ့ နစက တပ်တွေအကြား ထိတွေတိုက်ပွဲတွေဖြစ်ပွားခဲ့တာကြောင့် မြဝတီကုန်သွယ်ရေးဇုန်က ပို့ကုန်သွင်းကုန်ရုံး မီးလောင်ပျက်စီးခဲ့ရပြီး ကုန်သွယ်မှုတွေ ယာယီရပ်တန့်ခဲ့ပါတယ်။

၂၀၂၂ ခုနှစ်ထဲမှာလည်း မြဝတီ ကော့ကရိတ်အာရှလမ်းမှာ တိုက်ပွဲတွေဖြစ်လို့ ကုန်ကားတွေမီးလောင်တာ ၊ သွားလာမရတာတွေကြောင့် ကုန်သွယ်မှုရပ့်တန့်ခဲ့ရတာတွေရှိခဲ့ပါတယ်။

Photo Crd :Original Uploader

 

Related posts

Leave a Comment

VOM News

FREE
VIEW