မူဆယ် ၁၀၅ မိုင် အောင်သီရိ ဘုန်းကြီးကျောင်းမှာ ပြည်သူ ရာချီ ပိတ်မိနေပြီး ရေ၊ စားစရာ အခက်အခဲ ဖြစ်နေ

 

ဒီဇင်ဘာ ၅၊ ၂၀၂၃

Shy V (VOM)

ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ် ၁၀၅ မိုင် အောင်သီရိ ဘုန်းကြီးကျောင်းမှာ စစ်တပ်နဲ့ မြောက်ပိုင်း မဟာမိတ်အဖွဲ့တို့အကြား တိုက်ပွဲကြောင့် လက်ရှိ ပြည်သူ ရာချီ ပိတ်မိနေပြီး ရေ၊ စားစရာ အခက်အခဲ ဖြစ်နေကြောင်း ဒေသခံဆွေဆီက သိရပါတယ်။

“စားရေး သောက်ရေး‌တွေရော ခက်ခဲနေတယ်။ ပိတ်မိနေတာ ဘုန်းကြီးကျောင်းမှာ။ လူ ၆၀၀ ကျော်၊ ၇၀၀ နီးပါး ပိတ်မိ‌နေတာ အောင်သီရိဘုန်းကြီးကျောင်းမှာ။ ဟိုနေ့က (ဖုန်း) ခဏရလိုက်တယ်။ ကြိုးစားထွက်ကြတယ်။ ထွက်မရကြဘူးတဲ့။” လို့ ‌ဒေသခံ မိန်းကလေး တယောက်က ပြောပါတယ်။

မူဆယ် ၁၀၅ မိုင်မှာတော့ နှစ်ဖက်တိုင်ပွဲကြောင့် မီးမရတော့သလို ရေလည်းမရတော့တဲ့အပြင် ဖုန်းလိုင်းတွေလည်း မရတော့ဘူး လို့ သူက ပြောပါတယ်။

လက်ရှိ ပိတ်မိနေတဲ့ သူတွေက နယ်မြေ ၁ နဲ့ နယ်မြေ ၂ က ပြည်သူတွေ အများစု ဖြစ်နေပြီး ကချင်၊ ရှမ်း၊ ပလောင်၊ ဂေါ်ရခါးတွေ ပါတယ်လို့ ဆိုပါတယ်။

၁၀၅ မိုင် အောင်သီရိ မင်္ဂလာသုခ အနီး ရွာမထဲက နေအိမ် တအိမ်ထဲမှာလည်း ပြည်သူတချို့ ပိတ်မိနေလို့ ကူညီကယ်ဆယ် ပေးဖို့ လူမှု ကွန်ယက်ကနေ အကူအညီ တောင်းထားတာကို တွေ့ရပါတယ်။

အဲဒီနေအိမ်ထဲ သက်ကြီးရွယ်အို၊ နို့စို့ကလေးတွေ အပါအဝင် မွေးရက်နီးနေတဲ့ ကိယ်ဝန်ဆောင်မိခင်တွေပါ ပိတ်မိနေကြကြောင်း ပြောထားပါတယ်။

“ခုက ဝင်မရ၊ ထွက်မရနဲ့ဆိုတော့ ခက်တာပဲ။ ဖုန်း ဆက်တိုက်ဆက်နေတာ။ မရဘူး ဖြစ်နေတာ။ MPT လိုင်းဆို မရတာ တ လကျော်ပြီ။ Mytel က အရင်လ၂၇ ရက်နေ့ထိပဲ ရသွားတာ။ ခု မရတော့ဘူး။” လို့ နောက်ထပ် ဒေသခံ တယောက်က ပြောပါတယ်။ နယ်မြေ ၃ ဘက်မှာလည်း ပြည်သူတွေ အနည်းငယ် ကျန်နေ‌သေးတယ်လို့ သူက ပြောပါတယ်။

စစ်တပ်နဲ့ မြောက်ပိုင်း မဟာအိတ်အဖွဲ့ တ့်ုအကြား ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၆ ရက်နေ့ကစ တိုက်ပွဲ ပိုမို ပြင်းထန်လာခဲ့ပြီး နှစ်ဖက်တိုက်ပွဲကြောင့် ပြည်သူ ၆ ဦးထက်မနည်း သေဆုံးခဲ့ပြီး ပြည်သူ ၁၂ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ တဲ့အပြင် နေအိမ် အ‌ဆောက်အဦး အများအပြားလည်း လက်နက်ကျည် ထိမှန် ပျက်စီးခဲ့ပါတယ်။

Photo Crd# ဒေသခံ

Related posts

Leave a Comment

VOM News

FREE
VIEW