မဲခေါင်သတင်းဌာနကို မီဒီယာလုပ်ငန်းလိုင်စင် ပိတ်သိမ်း

 

ဒီဇင်ဘာ ၃၁ – ၂၀၂၃

SN (VOM)

ပြည်တွင်း သတင်းမီဒီယာဌာနတခုဖြစ်တဲ့ MaeKong News (မဲခေါင်သတင်း) ဌာနကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်မှစတင်ကာ သတင်းအေဂျင်စီ အသိအမှတ်ပြု လုပ်ငန်းလိုင်စင် ပိတ်သိမ်းလိုက်တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနက မနေ့ ဒီဇင်ဘာ ၃၀ ရက်နေ့မှာ ထုတ်ပြန် ကြေညာလိုက်ပါတယ်။

မဲခေါင်သတင်းဌာနဟာ ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်းလုပ်ငန်းဥပဒေပုဒ်မ ၈၊ ပုဒ်မခွဲ (ခ) ပါ စည်းကမ်းချက်ကို လိုက်နာခြင်းမရှိဘဲ နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ အများပြည်သူ အေးချမ်းသာယာစေရေးတို့ကို ထိခိုက်ပျက်ပြားစေတဲ့ အကြောင်းအရာတွေကို ရေးသားလွှင့်တင် ဖော်ပြခဲ့တဲ့အတွက် အခုလို လုပ်ငန်းလိုင်စင် ပိတ်သိမ်းခဲ့တာဖြစ်တယ်လို့ အဲ့ဒီ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒါနဲ့ပတ်သက်လို့ မဲခေါင်သတင်းဌာန၊ တွဲဖက်တည်ထောင်သူ မလဲ့နန္ဒာကျော်က “အခုလို မီဒီယာလိုင်စင် ပိတ်သိမ်းလိုက်တဲ့အတွက် ဘာတွေဆုံးရှုံးမှုရှိလဲဆိုတော့ ကျွန်မတို့အတွက်တော့ ဘာမှ ဆုံးရှုံးမှုမရှိဘူး၊ ဘာမှမထူးဘူးလို့ပဲ ပြောရမှာပါ။ ဆုံးရှုံးမှု မရှိဘူးဆိုတာထက် ထပ်ပြီး ဆုံးရှုံးစရာမရှိဘူး၊ ထပ်ပြီး နစ်နာတာမရှိတော့ဘူး။ နစက က ကျွန်မတို့ မဲခေါင်သတင်းဌာန တည်ထောင်သူကို ၅၀၅ (က) နဲ့ အမှုဖွင့်ပြီးတော့ ဖမ်းဝရမ်းထုတ်ထားတယ်။ ပြီးတော့ တာချီလိတ်မှာ နှစ်ယောက်၊ ဘားအံမှာ တယောက်၊ ကျွန်မတို့ သတင်းထောက်တွေကို မဲခေါင်သတင်းဌာန အမည်တပ်ပြီး ဖမ်းထားတာရှိတယ်။ လက်ရှိမှာလည်း ထောင်သွင်းအကျဉ်းချထားတယ်။ ပြီးတော့ ကျွန်မတို့ သတင်းအဖွဲ့တဖွဲ့လုံးကလည်း ပြည်တွင်းမှာ ရပ်တည်လို့မရဘူး။ လိုက်ဖမ်းနေတဲ့အတွက် တခြားတနေရာမှာ အခြေစိုက်ပြီးတော့လုပ်နေရတယ်။ အဲ့ဒီ့တော့ အခုလိုင်စင် သိမ်းလိုက်တာက ကျွန်မတို့အတွက် ဘာမှမထူးဘူး၊ ထူးပြီးတော့ တရားဥပဒေအကာအကွယ် ဆုံးရှုံးသွားတာလည်း မရှိဘူး။ လိုင်စင်ရှိနေလို့လည်း ဘာမှ တရားဥပဒေအကာအကွယ် ရတာလည်းမရှိဘူး။ အဲ့ဒီ့အတွက် ကျွန်မတို့အတွက်တော့ ဘာမှမထူးဘူးလို့ပဲ ပြောရမှာဖြစ်ပါတယ်” လို့ ပြောပါတယ်။

လက်ရှိမှာ နစကအနေနဲ့ မဲခေါင်သတင်းဌာန တည်ထောင်‌သူတယောက်ဖြစ်တဲ့ ကိုဉာဏ်လင်းထက်ကို နိုင်ငံတော်အကြည်အညိုပျက်စေမှု ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) နဲ့ ဝရမ်းထုတ်ထားသလို ၂၀၂၂ ခုနှစ်အတွင်းမှာပဲ မဲခေါင်သတင်းဌာနမှာ အလုပ်လုပ်ခဲ့တဲ့ သတင်းထောက်နှစ်ယောက်ကို ဆူပူလှုံ့ဆော်မှု ရာဇသတ်ကြီး ဥပဒေ ၅၀၅ (က) နဲ့ ထောင်ဒဏ် သုံးနှစ်၊ အလွတ်တန်း သတင်းထောက် တယောက်ကိုတော့ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂ (က) နဲ့ ထောင်ဒဏ် ခြောက်နှစ် ချမှတ်ထားပါတယ်။

“နစကရဲ့ လွတ်လပ်တဲ့ မီဒီယာတွေအပေါ် ထားတဲ့သဘောထားဟာ နိုင်ငံရေးအပြောင်းအလဲ ဖြစ်ပြီးကတည်းက ရန်သူလိုသဘောထားတယ်။ ဖမ်းဆီးတယ်၊ ထောင်ချတယ်၊ နှိပ်စက်တယ်။ ပစ္စည်းဥစ္စာတွေ သိမ်းဆည်းတယ်။ နည်းမျိုးစုံနဲ့ ဖိနှိပ်ခဲ့တယ်။ သတင်းမီဒီယာလွတ်လပ်ခွင့်ကို လုံးဝ ရစရာမရှိအောင် ဖျက်စီးခဲ့ပြီးဖြစ်ပါတယ်။ အခု လက်ရှိမှာလည်း ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ Dawei Watch သတင်းဌာနက သတင်းထောက်နှစ်ယောက်ကို ပြည်တွင်းမှာ ဖမ်းဆီးတယ်။ အခုလည်း မီဒီယာလိုင်စင် ပိတ်တာတွေကို ဆက်လုပ်နေတယ်ဆိုတာကို ကြည့်ခြင်းအားဖြင့် နစကရဲ့ လွတ်လပ်တဲ့ မီဒီယာတွေအပေါ် ထားတဲ့သဘောထားက လုံးဝ မပြောင်းလဲသေးဘူး။” လို့ သူက ပြောပါတယ်။

မဲခေါင်သတင်းဌာနကို ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလက ရှမ်းပြည်နယ်အတွင်း စတင်တည်ထောင်ခဲ့ပြီး ဒေသအခြေစိုက် သတင်းမီဒီယာတခုအဖြစ် ရပ်တည်ခဲ့တယ်လို့ သိရပါတာပါ။

လက်ရှိမှာ ပြန်ကြားရေးဝန်ကြီးဌာနက မဲခေါင်သတင်းဌာနကို မီဒီယာအမျိုးအစားတခုခုကို အသုံးပြုပြီးဖြစ်စေ၊ နည်းပညာတရပ်ရပ်ကို အသုံးပြုပြီးဖြစ်စေ ရေးသားထုတ်လွှင့်ဖော်ပြတာမျိုး မပြုလုပ်ဖို့လည်း သတိပေးထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြန်ကြားရေးဝန်ကြီးဌာန အနေနဲ့ အသိအမှတ်ပြုလက်မှတ် သက်တမ်းကုန်ဆုံးနေတဲ့ ပုံနှိပ်လုပ်ငန်း၊ ထုတ်ဝေရေးလုပ်ငန်းနဲ့ သတင်းအေဂျင်စီလုပ်ငန်း လုပ်ကိုင်သူတွေကို လုပ်ငန်းအသိအမှတ်ပြုလက်မှတ် အသစ်လဲလှယ်ကြဖို့ကိုလည်း အသိပေး ကြေညာထားပါတယ်။

ဌာနအနေနဲ့ ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်းလုပ်ငန်း နည်းဥပဒေ ထွက်ရှိခဲ့တဲ့ ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်က စတင်ပြီး ပုံနှိပ်သူ၊ ထုတ်ဝေသူနဲ့ သတင်းအေဂျင်စီလုပ်ငန်း အသိအမှတ်ပြု လက်မှတ်တွေကို ငါးနှစ်သက်တမ်း ခွင့်ပြုပေးခဲ့တယ်လို့ သိရပါတယ်။

ခွင့်ပြုပေးထားခဲ့တဲ့ အသိအမှတ်ပြု လက်မှတ်တွေ သက်တမ်းကုန်ဆုံးသွားရင် နည်းဥပဒေ ၂၁ အရ သက်တမ်းကုန်ဆုံးတဲ့ရက်ကစတင်ပြီး ရက်ပေါင်း ၆၀ အတွင်း သတ်မှတ်ပုံစံနဲ့အတူ အခကြေးငွေကျပ် တသောင်းပေးသွင်းကာ ပြန်ကြားရေးဝန်ကြီးဌာနကို အသိအမှတ်ပြုလက်မှတ် အသစ်လဲလှယ်ဖို့ လာရောက် ဆောင်ရွက်ရမယ်လို့ အဲ့ဒီဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သက်တမ်းကုန်ဆုံးပြီးနောက်ပိုင်း လုပ်ငန်းဆက်လက် လုပ်ကိုင်‌နေခဲ့ရင်တော့ ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်းလုပ်ငန်းဥပဒေအရ အရေးယူခံရမှာဖြစ်တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနက သတိပေးထားပါတယ်။

လတ်တလောမှာ ပြည်ပကနေ သတင်းရေးသားတဲ့ သတင်းဌာနတချို့ရဲ့ သတင်းမှားတာတွေကိုထောက်ပြပြီး ကောလာဟလသတင်းမှားဆိုကာ နစက က နေ့စဥ်တုံ့ပြန်နေရပါတယ်။

နစကအနေနဲ့ ပြည်တွင်းမီဒီယာတွေဖြစ်တဲ့ Ayeyarwaddy Times၊ DVB၊ Khit Thit၊ Mizzima၊ Myanmar Now၊ 7 Day စတဲ့ သတင်းဌာနတွေအပါအဝင် သတင်းဌာန ၁၅ ခု၊ စာပေတိုက်လေးခုနဲ့ ပုံနှိပ်တိုက်နှစ်ခုတို့ကိုလည်း လိုင်စင်ပိတ်သိမ်းထားတယ်လို့ မှတ်တမ်းေတွအရ သိရပါတယ်။

 

Related posts

Leave a Comment

VOM News

FREE
VIEW