ဇန်နဝါရီ ၁၊ ၁၀၂၄
Shy V (VOM)
ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးခရိုင်၊ လားရှိုးမြိုနယ်၊ လားရှိုးနဲ့ နမ္မတူကြားက အီနိုင်းရွာရှိ အီနိုင်း တံတား မိုင်းခွဲ ခံရလို့ ထက်ပိုင်းကျိုးကျသွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“အီနိုင်း တံတား ကျိုးသွားပြန်ပြီ။ လားရှိုးနဲ့ မူဆယ်ကြား တောလမ်းကနေ ဖြတ်ဖြတ်လာကြတယ်ဆိုမှ တံတားကျိုးပြန်ကျိုးသွားပြီ။ အိမ်ပြန်လို့ မရတော့ဘူး။ မနေ့ည တညလုံး ဒီ လားရှိုးကနေ အမြှောက် ပစ်သံတွေ ကြားနေရတယ်။” လို့ လားရှိုးကနေ မူဆယ် ပြန်မယ့် အမျိုးသမီး တယောက်က ပြောပါတယ်။
မြောက်ပိုင်း မဟာမိတ် တပ်ပေါင်းစုတွေရဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း မန္တလေး – မူဆယ် အဝေးပြေးလမ်းမကြီး သွားလို့မရတော့တာကြောင့် မူဆယ် – နမ့်ခမ်း – မိုင်းဝီး – နမ္မတူ – လားရှိုး တောင်ပေါ်လမ်းကို အဓိက ထားသွားလာနေရတာ အခုလို နမ္မတူ နဲ့ လားရှိုး ကြားက အီနိုင်းတံတား ကျိုးသွားတော့ အခက်အခဲ ပိုဖြစ်ရပြီလို့ သူက ပြောပါတယ်။
“မနေ့ည နဲ့ ဒီ မနက် အစောပိုင်း ပေါက်ကွဲ သံ ၄ ကြိမ်ကြားရတယ်။ ဘယ် တစ်ကြိမ်က တံတား ထိပြီး ကျိုးသွားလဲတော့ မသိဘူး။ ဒီမနက်မှ သွားကြည့်တာ။ တံတားက လုံးဝ သွားလို့မရတော့ဘူး။ တံတား တဝက်ကနေ ကျိုးတာ လုံးဝ သွားလို့ မရတော့ဘူး။” လို့ အီနိုင်း ဒေသခံ တယောက်က ပြောပါတယ်။
လားရှိုးမြို့ဘက်လည်း သွားလာလို့ မရတာကြောင့် ဒေသခံ ပြည်သူတွေအနေနဲ့ စားသောက်ကုန်တွေ ဝယ်ယူ သယ်ဆောင်လို့ မရတော့တာကြောင့် အတော်ခက်ခဲသွားပြီလို့ သူက ပြောပါတယ်။
လမ်းတံတားတွေ ကျိုးကျပျက်စီး ကုန်တာကြောင့် ယာဉ်မောင်းတွေ အနေနဲ့လည်း ဘာမှ လုပ်ကိုင်လို့ မရတော့ပဲ အခက်အခဲ ဖြစ်နေပြီလို့ ယာဉ်မောင်းတွေက ပြောပါတယ်။
မြောက်ပိုင်း မဟာမိတ်ပူးပေါင်း တပ်ဖွဲ့တွေရဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း ကွန်လုံ နဲ့ ဟိုပန်ကြားက နမ့်တိန်ချောင်းတံတား၊ လားရှိုး နဲ့ သိန္နီကြားက သိန္နီ တံတား၊ သီပေါ နဲ့ ကျောက်မဲကြားက ကျင်သီ တံတား၊ သီပေါ နဲ့ နမ္မတူကြားက မိုးတေတံတားတွေ မိုင်းခွဲ ဖျက်ဆီး ခံခဲ့ရပြီး ကွမ်းလုံတံတားလည်း Drop ဗုံး ထိမှန် ပျက်စီးခဲ့ပါတယ်။
Photo Crd# CJ