မူဆယ်မှာ ပြန်ပေးဆွဲမှု ပိုမိုဆိုးရွားလာ

 

ဇန်နဝါရီ ၁၀၊ ၂၀၂၄

Shy V (VOM)

ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်မြို့ပေါ်မှာ ကုန်သည် လုပ်ငန်းရှင်တွေ ပြန်ပေးဆွဲ ခံရမှု အခြေအနေ ပိုမိုဆိုးဝါး လာနေကြောင်း နယ်စပ် ကုန်သည် လုပ်ငန်းရှင်တွေဆီက သိရပါတယ်။

“အဖွားကြီး တယောက် ထပ် ပြန်ပေးဆွဲခံရတယ်။ သူ မလွတ်လာသေးဘူး။ သူ‌တို့ (ပြန်ပေးဆွဲသူတွေ) တောင်းတဲ့ ပိုက်ဆံ မပေးနိုင်သေးလို့လေ။ အဲအဖွားကြီးက အဲလောက် ပိုက်ဆံ မရှိဘူး။ သူ့ကို ရွေးဖို့ အိမ်ခြံဝင်း ရောင်းတာလည်း ရောင်းလို့ မရလို့လေ။ အခုချိန်က ဘယ်သူမှ မဝယ်ချင်ဘူးလေ။ အဲဒါကြောင့် ပြန်မလွတ်သေးတာ” လို့ နယ်စပ် ကုန်သည် လုပ်ငန်းရှင် တဦးက ပြောပါတယ်။

ပြန်ပေးဆွဲတဲ့ သူတွေက လူငယ်ပိုင်းအရွယ်တွေ ဖြစ်ကြပြီး ပြည်သူ့စစ်အသိုင်းအဝိုင်က ဖြစ်ကာ တရုတ်ကလေးတွေ ဖြစ်တယ်လို့ သူက ပြောပါတယ်။

“နောက်တယောက် ပြန်ပေးဆွဲ ခံရတာ။ ကုန်ဂိတ် လုပ်ငန်းရှင်အမျိုးသား။ အဲဒီ တယောက်ကို သူတို့ အခု ပြန်ပေးငွေ တောင်း‌နေတယ်။ ညှိနေတာ မပြီးသေးဘူး။ အဲတော့ မူဆယ် တမြို့လုံးမှာ ဘယ်သူ့ကိုမှလည်း တိုင်လို့ မရဘူး။ ဘယ်သူ့ကိုမှလည်း အားကိုးလို့ မရဘူး။ အားလုံး အုပ်ချုပ်ရေး ပျက်ပြားပြီးတော့ လုပ်ချင်ရာလုပ် နေကြတယ်။ ပြည်သူလူထုက ကြားထဲက ဒုက္ခ ရောက်နေတယ်။ ဘယ်သူဆိုတာကို တဖက်လူက သိနေလို့ပဲ။ ရှင်းရှင်းပြောရင် ဒီမှာ မူဆယ်မှာ လုပ်စားနေတဲ့ ဒေသခံ ပြည်သူ့ စစ်တွေပဲ။ သူတို့က အဲဒီ သူတို့ဆွဲမယ့်လူကို စောင့်ကြည့်နေတာ။ စောင့်ကြည့်ပြီးတော့ အခွင့်အရေးရတာနဲ့ သေနတ်နဲ့ထောက် ပြီးတော့ ကားပေါ် ခေါ်တင်သွားတာ။ တင်သွားပြီးတော့ မျက်လုံးပိတ်ထားတယ်။” လို့ နယ်စပ် ကုန်ဂိတ် လုပ်ငန်းရှင် တဦးက ပြောပါတယ်။

ပြန်ပေးဆွဲခံရသူတွေဟာ ပြန်ပေးဆွဲသွားကတည်းက မျက်လုံးကို စည်းထားခံရပြီး အစားအသောက်တော့ ပုံမှန်ကျွေးတာရှိပေမယ့် သူတို့ဝောင်းခံတဲ့ ငွေ မပေးနိုင်ရင် မတရား ရိုက်နှက် နှိပ်စက်တယ်လို့ သူက ပြောပါတယ်။

“အဲဒီ ပြန်ပေးဆွဲတာကို လုပ်နေတဲ့ အဖွဲ့က ပြည်သူ့စစ်အမည်ခံ အဖွဲ့တွေပဲ။ ဒီကောင်တွေ ကျားဖြန် (အွန်လိုင်းငွေလိမ်) အဆင်မပြေဝောာ့တဲ့အတွက်ကြောင့် ဝင်ငွေ မရှိလို့ မူဆယ်မှာရှိတဲ့ နည်းနည်း နာမည် စာရင်းပေါက်တဲ့ လူတွေကို လိုက်ပြီးတော့ ပြန်ပေးဆွဲတယ်၊ ငွေညှစ်တယ်။ မပေးရင် နှိပ်စက်တယ် အဲဒါမျိုး လုပ်တာ။ ဧက ၄၀ ကို ခေါ်ခေါ် သွားတာ။” လို့ သူက ရှင်းပြပါတယ်။

မူဆယ်မြို့ရှောင်လမ်းရှိ ဧက ၄၀ ဆိုတဲ့ ခြံဝင်းဟာ အွန်လိုင်းငွေလိမ် ကုမ္ပဏီ ခြံဝင်းဖြစ်ပြီး သီးသန့် ကမ္ဘာလို ပြည်သူ့စစ် အစောင့် အထပ်ထပ်ချထားတဲ့ ခြံဝင်းဖြစ်ပါတယ်။

နိုဝင်ဘာ လကုန်ပိုင်းကနေ အခု ဇန်နဝါရီလဆန်း ပထမပတ် အထိ ပြန်ပေးဆွဲခံရသူ လုပ်ငန်းရှင် အယောက် ၂၀ ဝန်းကျင် ရှိလာပြီး တချို့က ကြောက်တာကြောင့် ပြန်ပေးဆွဲခံရတာကို လူအသိမခံချင်ကြဘူးလို့ ဆိုပါတယ်။

ပြန်ပေးဆွဲခံရသူတွေဟာ အနည်းဆုံး မြန်မာငွေ သိန်း နှစ်ထောင် ကနေ သိန်း တသောင်းခွဲ အထိ ပေးပြီး ရွေးယူကြရတယ်လို့ ပြန်ပေးဆွဲခံရသူတွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလကတော့ နမ္မတူဆိုင်၊ ယမင်းစတိုး၊ 999 နဲ့ အခြား ကုန်စုံဆိုင်ရှင် တွေနဲ့ လုပ်ငန်းရှင်တွေလည်း ပြန်ပေးဆွဲ ခံခဲ့ရပြီး မူဆယ်မှာ ပြန်ပေးဆွဲမှု အများအပြား ရှိနေပေမယ့် မည်သူမျှ၊ မည်သည့် အဖွဲ့အစည်းကမှ အကာအကွယ် မပေးနိုင်ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

 

Related posts

Leave a Comment

VOM News

FREE
VIEW