RFA ပြင်ပဆောင်းပါးရှင် ခင်မိုးညို ခေါ် သတင်းမှတ်တမ်း ရုပ်ရှင်ရိုက်ကူးတဲ့ ရှင်ဒေဝီ ထောင်ဒဏ်တသက်တကျွန်း ပြစ်ဒဏ်ချခံရ

ဇန်နဝါရီ ၊ ၁၀ ၊ ၂၀၂၄
SP (VOM)
ရန်ကုန်တိုင်း ၊ အင်းစိန်မြို့ ၊ အင်းစိန်အကျဥ်းထောင်ထဲက ၊ မြောက်ဥက္ကလာပမြို့နယ် စစ်ခုံရုံးကနေ သတင်းမှတ်တမ်း ရုပ်ရှင်ရိုက်ကူးတဲ့ ဒေါ်ရှင်ဒေဝီကို ဒီကနေ့မှာ ထောင်ဒဏ် တသက်တကျွန်း အမိန့်ချလိုက်တယ်လို့ ရန်ကုန် သတင်းအသိုင်းအဝိုင်းဆီက သိရပါတယ်။
” ပြီးခဲ့တဲ့ (၂၀၂၃) နှစ် အောက်တိုဘာ ၁၅ ရက် တုန်းက RFA သတင်းဌာန ပြင်ပ ဆောင်းပါးရှင် ဒေါ်ရှင်ဒေဝီ ( ခင်မိုးညို) ကို ရန်ကုန် အောင်မင်္ဂလာ အဝေးပြေးကားကွင်းမှာ အဖမ်းခံရတယ်လို့ သတင်းကြားသေးတယ် ၊ နောက်တော့ ဘာသတင်းမှ မကြားရတော့ဘူး ၊ အဆက်သွယ်လည်း မရတော့ဘူး ၊ ဒီကနေ့မှ ထောင်ဒဏ်တသက်တကျွန်း ချမှတ်ခံရတယ်လို့ ကြားရတယ် ၊ အကြမ်းဖက်မှုဆိုင်ရာ တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ည) နဲ့ ၅၄ (ဃ) အရ အင်းစိန်ထောင် စစ်ခုံရုံးကနေ ချလိုက်တာ ” လို့ ဒေါ်ရှင်ဒေဝီနဲ့အတူ သတင်းယူခဲ့တဲ့ သတင်းသမားတယောက်က ပြောပါတယ်။
ဒါ့အပြင် ရန်ကုန် သတင်း အသိုင်းအဝိုင်း တယောက်က ” သူက နိုင်ငံတကာ ရုပ်ရှင်ပြိုင်ပွဲတွေ ဝင်ရောက်ယှဥ်ပြိုင်တယ် ၊ ဆုတွေလည်း ရဖူးတယ် ၊ အဓိကတော့ သတင်းမှတ်တမ်းတွေ ၊ ပဋိပက္ခဒေသကြားက လူနေမှုဘဝတွေ စတာတွေ ရိုက်ကူးမှတ်တမ်းတင်လေ့ရှိသူဖြစ်တယ် ၊ သူ့ရဲ့ လုပ်ငန်းမှာ အသုံးပြုဖို့ ဒရုန်းကင်မရာကို မှာယူတယ် ၊ အဲ့ဒီ ပစ္စည်းကို ထုတ်ယူဖို့ ကားကွင်းမှာပဲ အဖမ်းခံရတယ် ” လို့ ပြောပါတယ်။
ဘာလင်အခြေစိုက် အကျိုးအမြတ် မမျှော်ကိုးသော အဖွဲ့စည်းတခုတဲ့ Yangon Film School မှာ အလုပ်ရုံဆွေးနွေးပွဲ တခုအပြီးနောက် ၂၀၀၇ ခုနှစ် ကစတင်လို့ ဒေါ်ရှင်ဒေဝီဟာ သူ့ရဲ့ မှတ်တမ်းတင် ရုပ်ရှင်ရိုက်ကူးရေး လုပ်ငန်တွေ လုပ်ကိုင်ခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီနောက် ၂၀၁၃ မှာ ဒေါ်ရှင်ဒေဝီ ရိုက်ကူးခဲ့တဲ့ဆင်းရဲတာကြောင့် ပညာမသင်ကြားနိုင်တဲ့ မြန်မာနိုင်ငံ အလယ်ပိုင်းက ဆယ်ကျော်သက် မိန်းကလေးတယောက်ရဲ့ ဘဝအကြောင်းကို ၁၅ မိနစ်စာ မှတ်တမ်းရုပ်ရှင် “Now I am 13” မှာ ဆုရရှိပြီး အဲ့ဒီ ရုပ်ရှင်မှာ Kota Kinabalu နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွင် ငွေဆုနဲ့ ၂၀၁၄ ၊ ဝဿန်ရုပ်ရှင်ပွဲတော်မှာ အကောင်းဆုံး မှတ်တမ်းရုပ်ရှင်ဆုကို ရရှိတယ်လို့ သိရပါတယ်။
ဒေါ်ရှင်ဒေဝီရဲ့ နောက်ထပ် အောင်မြင်ခဲ့တဲ့ “Brighter Future” အမည်ရှိ မှတ်တမ်းရုပ်ရှင်မှာ မန္တလေးရှိ ဖောင်တော်ဦး ဘုန်းတော်ကြီးသင် ပညာရေးကျောင်းအကြောင်းကို ရိုက်ကူးထားပြီး ၂၀၀၉ ခုနှစ် ပြည်တွင်း ပြပွဲတခုဖြစ်တဲ့ Art of Freedom ရုပ်ရှင်ပြပွဲမှာ အကောင်းဆုံး မှတ်တမ်းရုပ်ရှင်ဆုကို ရရှိခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒိနောက်၂၀၀၅ ကနေ ၂၀၁၀ အထိ ဒေါ်ရှင်ဒေဝီဟာ ဗီဒီယိုဂျာနယ်လစ်အဖြစ် DVB သတင်းဌာနမှာ လုပ်ဆောင်ခဲ့ပြီး ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးကိုလည်း မှတ်တမ်းတင်ခဲ့တယ်လို့ သိရပါတယ်။
ဓါတ်ပုံ အောင်နိုင် (မြန်မာ့လင်းရောင်ခြည် စာမျက်နှာ)

Related posts

Leave a Comment

VOM News

FREE
VIEW