မူဆယ်ခရိုင်အတွင်း ပိတ်ထားရတဲ့ စာသင်ကျောင်းတွေက ကျောင်းသူ၊ကျောင်သားတွေကို မူဆယ်မြို့ပေါ် ကျောင်းတွေမှာ တက်ရောက်ခွင့်ပြု

ဇန်နဝါရီ ၁၈၊ ၂၀၂၄
Shy V(VOM)

လတ်တလော ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကြောင့် ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်ခရိုင်အတွင်းရှိ မုန်းကိုးမြို့၊ မန့်ဟီးရိုးမြို့ (မန်ဟျှိုး)၊ ပန်ဆိုင်းမြို့ (ကြူကုတ်) စတဲ့ မြို့နယ်ခွဲတွေ အပါအဝင် မူဆယ်မြို့နယ် နဲ့ နမ့်ခမ်းမြို့နယ်ရှိ ပိတ်ထားရတဲ့ အခြေခံပညာသင်ကျောင်းက ကျောင်းသူကျောင်းသား‌တွေ အနေနဲ့ မူဆယ်မြို့ပေါ်ရှိ အခြေခံပညာကျောင်းတွေမှာ ဆက်လက်တက်ရောက်နိုင်ကြောင်း ဇန်နဝါရီ ၁‌၇ ရက်နေ့က မူဆယ်ခရိုင် ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကနေ သတင်းထုတ်ပြန်ပါတယ်။

မုံးကိုးမြို့ကနေ တရုတ်နိုင်ငံမှာ တက္ကသိုလ်မှာ တက်ရောက်ခဲ့သူ တဦးက
“စာ တော်တော်၊ ညံ့ညံ့ နိုင်ငံခြားမှာ ကျောင်းတက်ဖို့ ရည်ရွယ်ထားတဲ့ သူတွေက တရားဝင် အစိုးရလို့ သတ်မှတ်ထားတဲ့ အစိုးရကျောင်းက လက်မှတ် လိုကို လိုတယ်။ အဲဒါကြောင့် အစိုးရကျောင်းက ဆယ်တန်း အောင်ကို အောင်ထားသင့်တယ်။ ကျွမ်းကျင်ဖို့ကဝောာ့ ကိုယ်ကိုယ်တိုင် ကြိုးစားမှ ရမှာပဲ။ ကျနော့်သူငယ်ချင်းနဲ့ ကျနော် တရုတ်နိုင်ငံမှာ ကျောင်းသွားတက်တာ သူက တရုတ်စာ လန်ပြန်နေအောင်တော်တယ်။ ဒါပေမယ့် သူက အစိုးရ ကျောင်းမတက်ဖူးလို့ တက္ကသိုလ် တက်လို့မရဘူး။ ဒီပလိုမာပဲ တက်လို့ရတယ်။ အခွင့်အရေး အများကြီး ဆုံးရှုံးသွားတယ်” လို့ ပြောပါတယ်။

မူဆယ်မြို့ပေါ်ရှိ ကျောင်းတွေမှာ ဆက်လက် တက်ရောက်နိုင်ဖို့ မိမိတက်ရောက်ခဲ့တဲ့အခြေခံပညာသင်ကျောင်းရှိ ဆရာ/ဆရာမကြီး ဒါမှမဟုတ် တာဝန်ခံ ဆရာ/ဆရာမ တွေဆီက ယခုနှစ်တက်ရောက်နေတဲ့ အတန်းနဲ့ အဲဒီကျောင်းမှာ နှစ်စ ကနေ စတက်ရောက်နေတာ မှန်ကန်ကြောင်း ထောက်ခံချက် ယူဆောင်လာရမှာဖြစ်တယ်လို့ ဆိုပါတယ်။

ကျောင်းဆက်တက်လိုတဲ့ ကျောင်းသူ၊ကျောင်းသားတွေအနေနဲ့ နီးစပ်ရာ အခြေခံ ပညာသင်ကျောင်း တွေမှာ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ကြောင်း နဲ့ ဆက်လက် ကျောင်းတက်ရောက်ပါက ၂၀၂၃ – ၂၀၂၄ ပညာသင်နှစ်အတွက် အတန်းပြီးဆုံးကြောင်း လက်မှတ်ရရှိမှာဖြစ်ကြောင်း ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ အောက်တိုဘာ ၂၇ ရက်နေ့ကစ မြောက်ပိုင်း မဟာမိတ် ညီနောင် ပူပေါင်းအဖွဲ့တွေရဲ့ ၁၀၂၇ စစ်ဆင်ရေးကြောင့် နစကတပ်နဲ့ မြောက်ပိုင်း မဟာမိတ် ပူးပေါင်းအဖွဲ့တို့အကြား မူဆယ်ခရိုင်အတွင်း နေရာတော်တော်များများမှာ တိုက်ပွဲ ပြင်းထန်ခဲ့လို့ အခြေခံပညာသင်ကျောင်း အများစု ပိတ်ထားခဲ့ရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW