ယုဇနဥယျာဉ်မြို့တော်မှာ ကလေးနှစ်ယောက် ငါးလွှာက ပြုတ်ကျ သေဆုံး

 

ဇန်နဝါရီ ၁၇ – ၂၀၂၄

SN (VOM)

ရန်ကုန်မြို့၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၊ ယုဇနဥယျာဉ်မြို့တော်မှာ မနေ့ ဇန်နဝါရီ ၁၅ ရက်က ကလေးနှစ်ယောက် ငါးလွှာကနေ ပြုတ်ကျ သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ ရပ်ကွက်တွင်း နေထိုင်သူတွေဆီက သိရပါတယ်။

အဲ့ဒီ့ဖြစ်စဉ်ဟာ မနေ့ ညပိုင်းက ယုဇနဥယျာဉ်မြို့တော် (A)၊ ၁၀ လမ်း၊ တိုက်အမှတ် ၁၅ မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အသက် တနှစ်ကျော်အရွယ်နဲ့ အသက် ငါးနှစ်အရွယ် ကလေးနှစ်ယောက် သေဆုံးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

“သေသွားတဲ့ ကလေးတွေက မိန်းကလေးတွေပါ။ ငါးလွှာ အိပ်ခန်း၊ ကုတင်ပေါ်မှာ ဆော့နေရင်း ပြတင်းပေါက်ကနေ ပြုတ်ကျသွားတာ။ တနှစ်အရွယ်လေးကတော့ ပွဲချင်းပြီးသေသွားတယ်။ ငါးနှစ်ကလေးလေးကတော့ ဆေးရုံမှာဆုံးတာပါ။ ဒီကလေးတွေက ဘာမှတော့ သွေးသားမတော်စပ်ဘူး။ အိမ်နီးချင်းတွေလို့ သိရတယ်။ အတူတူဆော့ရင်း ဖြစ်သွားကြတာပါ” လို့ ယုဇနဥယျာဉ်မြို့တော်မှာ နေထိုင်သူတယောက်က ပြောပါတယ်။

ဒီဖြစ်စဉ်ကြောင့် ယုဇနဥယျာဉ်မြို့တော်ရဲ့ အဆောက်အအုံ ကြံ့ခိုင်မှုပိုင်းနဲ့ပတ်သက်လို့ လူထုကြား ဝေဖန်မှုတွေလည်း ထွက်ပေါ်နေပြီး အဲ့ဒီ့ ယုဇနဥယာဥ်မြို့တော်စီမံကိန်းဟာ လွန်ခဲ့တဲ့ ၁၉၉၆ ခုနှစ်ကတည်းက စတင်ခဲ့တာ ဖြစ်တဲ့အတွက် သက်တမ်းအားဖြင့် နှစ်ပေါင်း သုံးဆယ်နီးပါး ကြာမြင့်နေပြီဖြစ်တဲ့ အဆောက်အအုံတွေများတယ်လို့ သိရပါတယ်။

“စပြီး တည်ဆောက်ချိန်ကတည်းက စီမံကိန်းပုံစံနဲ့ စီမံခန့်ခွဲမှုဆိုင်ရာ အားနည်းချက်တွေ ရှိခဲ့တယ်လို့ သိရပါတယ်။ အရင်နှစ်ကလည်း နောက်ဖေးလှေခါးက လူပြုတ်ကျပြီး သေဖူးတယ်။ အခုချိန်ဆို သံပန်းတပ်လည်း အုတ်ဘောင်တွေက ဆွေးနေပြီ။ အဲ့အိမ်ရာကို ဆေးသုတ်ပြန်ရောင်းနေကြတာ။ တိုက်သားတွေက အကုန်လုံး ခိုင်ခံ့မှု အားနည်းပြီး အချပ်လိုက်ကွာကျနေပါပြီ။ အန္တရာယ်အရမ်းများနေတဲ့ အဆောက်အအုံတွေပါ” လို့ အဲ့ဒီ့ဥယျာဉ်အိမ်ရာမှာ နေထိုင်ခဲ့သူတယောက်က ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၂၆ ရက်ကလည်း ယုဇနဥယျာဉ်မြို့တော်၊ (၁၂)လမ်း၊ A ဘလောက်ရှိ တိုက်အမှတ် (၆) မှာ တိုက်ခန်းနောက်ဖေး ဝရန်တာဆောင် ပြိုကျမှု ဖြစ်ပွားခဲ့ပြီး သားအမိနှစ်ယောက် ပြင်းထန်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

ယုဇနဥယာဉ်မြို့တော်ရှိ A ဘလောက်၊ B ဘလောက်၊ C ဘလောက်မှ တိုက်ခန်းတွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးဆယ်ခန့်က တည်ဆောက်ထားတဲ့ တိုက်ခန်းတွေဖြစ်ပြီး လက်ရှိအချိန်အထိ လူအများ နေထိုင်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

Photo:Original Uploader

Related posts

Leave a Comment

VOM News

FREE
VIEW