သုံးနှစ်နီးပါးကာလမှာ မြန်မာ့စီးပွားရေး အကျပ်အတည်း ဘယ်လိုရှိခဲ့လဲ

 

ဇန်နဝါရီ-၂၂-၂၀၂၄

SN (VOM)

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့က စတင်ခဲ့တဲ့ နိုင်ငံရေးပြောင်းလဲဖြစ်မှု ဖြစ်စဉ်ဟာ လက်ရှိမှာတော့ သုံးနှစ်ပြည့်ဖို့ ၁၀ ရက်လောက်သာ လိုပါတော့တယ်။ ဖြတ်သန်းခဲ့တဲ့ သုံးနှစ်နီးပါးကာလမှာ မြန်မာ့စီးပွားရေးအကျပ်အတည်းက ဘယ်အခြေအနေထိ ရောက်နေပြီလဲ၊ ကျပ်ငွေတန်ဖိုးကျဆင်းမှု၊ ကုန်ဈေးနှုန်း ကြီးမြင့်မှုဒဏ်ကို ပြည်သူတွေ ဘယ်လောက်အထိ ခါးစည်းခံခဲ့ကြရပြီလဲဆိုတာကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

#၂၀၂၁ ခုနှစ် မြန်မာ့စီးပွားရေး

ကိုဗစ်ပထမလှိုင်းနဲ့ ဒုတိယလှိုင်းကာလ (၂၀၂၀ ခုနှစ် တနှစ်တာ) မှာ နယ်စပ်ကုန်သွယ်ရေး နှေးကွေးသွားခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ တန့်နေခြင်း၊ နိုင်ငံခြားသား ခရီးသွားဝင်ရောက်မှု ရပ်ဆိုင်းသွားခြင်းနဲ့ CMP အထည်ချုပ်လုပ်ငန်းတွေရဲ့ ပြည်ပအမှာစာတွေ လျော့ကျသွားခြင်းတို့ကြောင့် မြန်မာ့စီးပွားရေးဟာ တုံ့ဆိုင်းနေခဲ့ပြီးသား ဖြစ်ပါတယ်။

အဲ့ဒီ့လို အားနည်းနေတဲ့ စီးပွားရေးဟာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ နိုင်ငံရေးအခြေအနေ ပြောင်းလဲမှုကြောင့် အရင်က ရင်းနှီးမြှုပ်နှံဖို့ စီစဉ်ထားတဲ့ အမေရိကန်ဒေါ်လာ ဘီလီယံနဲ့ ချီတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ရပ်ဆိုင်းသွားခဲ့ပါတယ်။ အဲ့ဒီ့လိုပဲ ကမ္ဘာ့ဘဏ်၊ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA)၊ ဥရောပသမဂ္ဂ (EU)၊ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ အကူအညီ၊ အထောက်အပံ့နဲ့ စီမံကိန်းတွေလည်း ရပ်ဆိုင်းခြင်း ခံရပြန်ပါတယ်။

ဒါ့အပြင် နောက်ဆက်တွဲ အကျိုးဆက်အဖြစ် ဘဏ်လုပ်ငန်းတွေ ပုံမှန် လည်ပတ်နိုင်ခြင်း မရှိတော့သလို ငွေသား လည်ပတ်စီးဆင်းမှုအခက်အခဲ၊ မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းပြီး သယ်ယူပို့ဆောင်ရေးစရိတ်နဲ့ သွင်းကုန် (လောင်စာဆီနဲ့ ကုန်ကြမ်း) ဈေးနှုန်းတွေ မြင့်တက်သွားခြင်းနဲ့ ဈေးကွက်ဝယ်လိုအား ကျဆင်းမှုတွေကို စီးပွားရေးလုပ်ငန်း အားလုံးလိုလိုမှာ ခါးစည်းခံရပါတော့တယ်။

ကုန်သွယ်မှုပိုင်းကို ကြည့်မယ်ဆိုရင်လည်း မြန်မာရဲ့ အဓိက ကုန်သွယ်ဘက်နိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံက Zero Covid Policy ကျင့်သုံးခဲ့တာကို တွေ့ရပါတယ်။ သူတို့နိုင်ငံထဲကို ကူးစက်မှု မပျံ့အောင် လုပ်ထားတဲ့အတွက် နယ်စပ်ကုန်သွယ်ရေးတွေမှာလည်း တော်တော်ကြီးကို ကျဆင်းနေတဲ့ အနေအထား ဖြစ်ပေါ်ခဲ့ပါတယ်။

အဲ့ဒီ့အချိန်မှာပဲ မေလကုန်ပိုင်းက စတင်လာတဲ့ ကိုဗစ်တတိယလှိုင်းကြောင့် ရပ်တန့်လုနီးပါး ဖြစ်နေတဲ့ မြန်မာ့အဓိက ပို့ကုန်ဈေးကွက် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးဟာ အလုံးစုံရပ်တန့် သွားပြန်ပါတယ်။ စက်ရုံအလုပ်ရုံတွေ အပါအဝင် စီးပွားရေးလုပ်ငန်းတွေဟာ ကိုဗစ်စည်းမျဉ်းကန့်သတ်မှုတွေကြောင့် ပုံမှန်လည်ပတ်နိုင်ခြင်း မရှိသေးချိန်မှာ ကိုဗစ်တတိယလှိုင်းကြောင့် စီးပွားရေးလုပ်ငန်းတွေဟာ ပြန်ပြီး ရပ်နားရပြန်ပါတယ်။

ကုန်သွယ်ရေးအခြေအနေဟာ ဇွန်လ ၃၀ ရက်အထိ ငါးလအတွင်း ၂၀၂၀ ခုနှစ်၊ အလားတူကာလကထက် ၁၈ ရာခိုင်နှုန်း ကျဆင်းပြီး သွင်းကုန်မှာတော့ ၂၆ ရာခိုင်နှုန်း ကျဆင်းသွားတယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

၂၀၂၁ ခုနှစ်အတွင်း စီးပွားရေးလုပ်ငန်းတွေ ရင်ဆိုင်ခဲ့ရတဲ့ ကြီးမားတဲ့ အခက်အခဲကတော့ အမေရိကန်ဒေါ်လာဈေးနှုန်း မြင့်တက်ခြင်းနဲ့ ဘဏ်တွေမှာ အပ်နှံထားတဲ့ လုပ်ငန်းငွေတွေကို အလွယ်တကူ ထုတ်ယူလို့မရတဲ့အတွက် ဖြစ်ပေါ်လာတဲ့ ငွေကြေးကျပ်တည်းမှု အခက်အခဲဖြစ်ပါတယ်။

ATM မှာ ပိုက်ဆံထုတ်လို့မရသလို ငွေရှိရင်လည်း ဘဏ်ကနေ အပတ်စဉ်တိုင်း ပုံမှန်ထုတ်ပေးလို့ မရတဲ့ အနေအထားမျိုး ဖြစ်ပေါ်ခဲ့ပါတယ်။ အဲဒီတော့ ရင်းနှီးမြှုပ်နှံမှုကိစ္စ၊ ဝန်ထမ်းတွေ လစာပေးဖို့၊ နောက် ငွေရေးကြေးရေးနဲ ပတ်သက်တဲ့ ကျန်တဲ့ကိစ္စ တော်တော်များများမှာ ပြဿနာတွေရှိခဲ့ပြီး ရာခိုင်နှုန်းတခုကို အမြတ်ပေးပြီးတော့ ထုတ်နေရတဲ့ အနေအထားမျိုးတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

နိုင်ငံရေး အ‌ပြောင်းအလဲဖြစ်ပြီးနောက်ပိုင်းမှာ မြန်မာနိုင်ငံရဲ့ ငွေကြေးဈေးကွက်ဟာ သမိုင်းမှာ မကြုံစဖူးတဲ့ ပုံစံမျိုးအထိ ဝရုန်းသုန်းကား ဖြစ်သွားခဲ့တာပါ။ ဘဏ်တွေ ဘယ်နေ့ပြိုလဲသွားမလဲ။ ဘဏ်တွေထဲမှာထားတဲ့ ငွေကြေးတွေ စိတ်ချရပါ့မလားဆိုတဲ့ စိုးရိမ်ပူပန်မှုက ဘဏ်အပ်ငွေ ရှိတဲ့သူတိုင်း ဖြစ်နေရတဲ့သောက တမျိုးပါပဲ။ ကိုယ့်ငွေနဲ့ ကိုယ် ဒုက္ခရောက်ကြရတယ်ဆိုတာမျိုးပါ။ တချို့ဆို မနက် ၄ နာရီကတည်းက ATM ရှေ့မှာ သွားတန်းစီရပါတယ်။ တချို့ကလည်း ၁၀ ရာခိုင်နှုန်း အမြတ်ပေးပြီး ငွေသားပြန်ဖော်ယူကြပါတယ်။ ၁၀၀ ရာခိုင်နှုန်းဆုံးမှာထက်စာရင် သူတို့ကို ၁၀ ရာခိုင်နှုန်း ပေးစားလိုက်တော့မယ်လို့ ဆုံးဖြတ်လိုက်ကြတဲ့သဘောပါ။

တနည်းအားဖြင့် မြန်မာကျပ်ငွေကို ကျပ်ငွေနဲ့ပဲ အမြတ်ပေးပြီး ပြန်လည်ဝယ်ယူနေရတဲ့ ထူးဆန်းတဲ့ ဈေးကွက်တခုပါပဲ။ ငွေသားကို ဘဏ်ထဲက ငွေနဲ့ လဲလှယ်ရာမှာ အမြတ်တင် ရောင်းချနေတဲ့ တရားမဝင်ငွေကြေးဈေးကွက်တခု နိုင်ငံရေး အပြောင်းအလဲဖြစ်ပြီး မကြာခင် ပေါ်ထွက်လာခဲ့ပါတယ်။ အကျိုးဆက်အနေနဲ့ မြန်မာငွေတန်ဖိုး အတော်လေး ကျဆင်းသွားခဲ့ပါတယ်။

နိုင်ငံရေး အပြောင်းအလဲမဖြစ်ခင် တကျပ်သားကို ဆယ့်သုံးသိန်း ငါးသောင်းလောက်ရှိခဲ့တဲ့ အခေါက်ရွှေဈေးဟာလည်း ၂၀၂၁ ခုနှစ်၊ မေလထဲမှာ ဆယ့်ခုနစ်သိန်းခွဲဝန်းကျင်လောက်အထိ ဖြစ်သွားခဲ့တာပါ။ ဒေါ်လာဈေးကလည်း ရွှေဈေးနဲ့ အပြိုင်ပါပဲ။ နိုင်ငံရေး အပြောင်းအလဲဖြစ်ပြီး ရက် ၁၀၀ ပြည့်တဲ့ မေလ ၁၁ ရက်နေ့မှာ အမေရိကန်ဒေါ်လာ လဲလှယ်နှုန်းဟာ တဒေါ်လာကို ကျပ် ၁၇၀၀ ကျော်သွားသလို အခေါက်ရွှေ တကျပ်သားဈေးနှုန်းဟာလည်း ကျပ် ဆယ့်ခြောက်သိန်း လေးသောင်းဝန်းကျင်အထိ စံချိန်တင် မြင့်တက်ခဲ့ပါတယ်။

နိုင်ငံတော်သုံးငွေ ကျပ်ငွေတန်ဖိုး ကျဆင်းတာ၊ စားနပ်ရိက္ခာ ကျပ်တည်းမှု ပြင်းထန်လာတာတွေကြောင့် အလုပ်လက်မဲ့ဖြစ်ရတဲ့ လူဦးရေကိုလည်း ဆိုးရွားစွာ တိုးပွားစေခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်၊ နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီး နောက်ပိုင်းမှာ မြန်မာ့စီးပွားရေးဟာ ၁၈ ရာခိုင်နှုန်း ကျုံ့ဝင်သွားတယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံ စီးပွားရေးနဲ့ ပတ်သက်ပြီးတော့ ကုလသမဂ္ဂရဲ့ သုံးသပ်ချက်တွေထဲမှာလည်း ကိုဗစ်ကာလ နောက်ပိုင်းကစပြီး ကျုံ့သွားတဲ့ စီးပွားရေးဟာ ၂၀၂၁ ခုနှစ်နောက်ပိုင်း ပိုပြီးတော့ ကျဆင်းသွားခဲ့တယ်လို့ ရေးသားထားပါတယ်။

#၂၀၂၂ ခုနှစ် မြန်မာ့စီးပွားရေး

မြန်မာနိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုနှုန်းနဲ့ ပတ်သက်လို့ ၂၀၂၂ ခုနှစ်၊ ပထမ ခြောက်လတာ ကာလအပြီးမှာ ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး (GDP) ၃ ဒသမ ၄ ရာခိုင်နှုန်း တိုးတက်မှုရှိခဲ့ပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှာ GDP ဟာ ၃ ဒသမ ၇ ရာခိုင်နှုန်း ရရှိမယ်လို့ မျှော်မှန်းကြောင်း စီမံဘဏ္ဍာဒုဝန်ကြီးက ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၀ ရက်က တရုတ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံပြီး Virtual စနစ်နဲ့ ကျင်းပခဲ့တဲ့ အာဆီယံ + ၃ နိုင်ငံတွေရဲ့ ဘဏ္ဍာရေးနဲ့ ဗဟိုဘဏ် ဒုတိယအကြီးအကဲတွေ အစည်းအဝေးမှာ ပြောဆိုခဲ့ပါတယ်။

ဒါပေမယ့် မြန်မာနိုင်ငံမှာ နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီးနောက် ဖြစ်ပေါ်လာတဲ့ နိုင်ငံရေး မတည်ငြိမ်မှုကြောင့် ပြည်တွင်းက စီးပွားရေးလုပ်ငန်းတွေဟာ ယိုင်နဲ့ခဲ့ရတဲ့အပြင် ပြည်ပကနေ လာရောက်ရင်းနှီးမြှုပ်နှံထားတဲ့ လုပ်ငန်းတွေ ၂၀၂၂ ခုနှစ်ထဲမှာပဲ မြန်မာနိုင်ငံကနေ တဖြည်းဖြည်း ပြန်လည် ထွက်ခွာသွားကြပါတယ်။

ပြင်သစ်စွမ်းအင်ကုမ္ပဏီကြီးဖြစ်တဲ့ TotalEnergies ဟာ မြန်မာနိုင်ငံမှာ လုပ်ကိုင်နေတဲ့ လုပ်ကိုင်နေတဲ့ စီမံကိန်းတွေကနေ အပြီးနှုတ်ထွက်လိုက်ပြီဖြစ်တယ်လို့ ၂၀၂၂ ခုနှစ်၊ ဇူလိုင်၂၀ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

အလားတူ အမေရိကန်စွမ်းအင်ကုမ္ပဏီ Chevron ဟာလည်း မြန်မာနိုင်ငံကနေ ထွက်ခွာမယ့် အစီအစဉ်ကို ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှာ ကြေညာခဲ့ပြီး ပြင်သစ် ရေနံကုမ္ပဏီကြီး Total ၊ မလေးရှားနိုင်ငံပိုင် Petronas နဲ့ ဂျပန်ကုမ္ပဏီ ENEOS တို့လည် လုပ်ငန်းတွေ ရုပ်သိမ်းခဲ့ပါတယ်။

ရတနာဓာတ်ငွေ့တွင်းက နိုင်ငံခြားဝင်ငွေ အများဆုံးရရှိနေတဲ့ လုပ်ငန်းတခုလည်းဖြစ်တဲ့ အမေရိကန် စွမ်းအင်ကုမ္ပဏီ Chevron က သူပိုင်ဆိုင်တဲ့ ရတနာဓာတ်ငွေ့စီမံကိန်းရဲ့ အမေရိကန်ဒေါ်လာသန်း ၂၅၀ ပမာဏရှိတဲ့ ရှယ်ယာဝေစုကိုရောင်းချပြီး ထွက်ခွာနိုင်ဖို့ ကြေညာခဲ့တာပါ။ အဲ့ဒီ့လို ကြေညာပြီးနောက်ပိုင်း ထိုင်းအစိုးရပိုင် PTT ရဲ့ လုပ်ငန်းခွဲ PTTEP International က ရတနာစီမံကိန်းကို အဓိက ဦးဆောင်လုပ်ကိုင်သူ အော်ပရေတာအဖြစ် တာဝန်ယူခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီး လပေါင်း ၂၂ လအကြာမှာတော့ မြန်မာပြည်ရဲ့ ငွေကြေးဖောင်းပွမှုနှုန်း ၂၀ ရာခိုင်နှုန်းနီးပါး မြင့်တက်လာတယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ်က ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဒါပေမယ့် နိုင်ငံရေးအပြောင်းအလဲမဖြစ်မီ ၂၀၂၀ ပြည့်နှစ်အတွင်းမှာ မြန်မာပြည်ရဲ့ ငွေကြေးဖောင်းပွမှုနှုန်းက ၇ ဒသမ ၃ ရာခိုင်နှုန်းသာ ရှိခဲ့တာကြောင့် နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီးနောက် ဖြစ်ပေါ်လာတဲ့ ငွေကြေးဖောင်းပွမှုဟာ ကြောက်ခမန်းလိလိ မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။

ဘာ့ကြောင့် ငွေကြေးဖောင်းပွမှု ရှိရတာပါလဲ။ ဘောဂဗေဒ သီအိုရီအရ ပြည်တွင်းမှာ လည်ပတ်နေတဲ့ ငွေကြေးပမာဏနဲ့ ပြည်တွင်းက ထုတ်လုပ်တဲ့ ကုန်ထုတ်လုပ်မှု ပမာဏတို့ဟာ အချိုးညီတဲ့ အားမျှခြေအပေါ်မှာ ရှိနေဖို့ လိုပါတယ်။ တကယ်လို့ ပြည်တွင်းမှာ လည်ပတ်နေတဲ့ ငွေကြေးပမာဏက များနေပြီး ပြည်တွင်းက ထုတ်လုပ်တဲ့ ကုန်ထုတ်လုပ်မှု ပမာဏက နည်းနေပြီဆိုရင် တိုင်းပြည်မှာ ငွေကြေးဖောင်းပွမှု ရှိနေပြီလို့ အကြမ်းဖျင်း သတ်မှတ်နိုင်ပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံရေးအပြောင်းအလဲ မဖြစ်မီ ကမ္ဘာ့ဘဏ်က ထုတ်ပြန်ခဲ့တဲ့ မြန်မာ့စီးပွားရေးအပေါ် စောင့်ကြည့်လေ့လာတဲ့ အစီရင်ခံစာအရ မြန်မာနိုင်ငံမှာ ပျမ်းမျှ ငွေကြေးဖောင်းပွမှုနှုန်းက ၂၀၁၇ ခုနှစ်ကနေ ၂၀၁၉ ခုနှစ် ကာလအတွင်း ငွေကြေးဖောင်းပွမှုနှုန်း ၆ ဒသမ ၄ ရာခိုင်နှုန်း ရှိခဲ့ပါတယ်။ ဒါပေမယ့် ကိုဗစ်မတိုင်မီကာလ ၂၀၂၀ ပြည့်နှစ်မှာတော့ ပြည်တွင်းမှာ လျှပ်စစ်မီတာခနဲ့ စားသောက်ကုန်ဈေးနှုန်းတွေ ကျဆင်းလာတဲ့အတွက် မြန်မာနိုင်ငံရဲ့ငွေကြေးဖောင်းပွမှုနှုန်းက ၅ ဒသမ ၂ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့တယ်လို့ ကမ္ဘာ့ဘဏ်က ဆိုပါတယ်။

ဗဟိုဘဏ်က ၂၀၂၂ ခုနှစ်၊ ဧပြီ ၃ ရက်နေ့စွဲနဲ့ နိုင်ငံခြားငွေကြေး အမေရိကန်ဒေါ်လာနဲ့ စပ်လျဉ်းပြီး ထုတ်ပြန်လိုက်တဲ့ ကြေညာချက်ဟာလည်း ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်တွေအတွက် တုန်လှုပ်ခြောက်ခြားစေခဲ့ရပါတယ်။ အကြောင်းရင်းက ပို့ကုန်ရ ဝင်ငွေတွေ အပါအဝင် ပြည်တွင်းမှာ နေထိုင်သူတွေရဲ့ နိုင်ငံခြားသုံးငွေဖြင့် ရရှိတဲ့ဝင်ငွေတွေကို ဗဟိုဘဏ်ငွေလဲနှုန်း တဒေါ်လာ ၁၈၅၀ ကျပ်နှုန်းနဲ့ ပြောင်းလဲရမယ်လို့ ဆိုပါတယ်။ ဒီကြေညာချက်ကြောင့် ပြည်တွင်းက ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်တွေဟာ အထိနာခဲ့ရပြီး အရှုံးတွေနဲ့ ရင်ဆိုင်ခဲ့ရတာပါ။

ကမ္ဘာ့ဘဏ်က ၂၀၂၀ ပြည့်နှစ်အတွင်းက ထုတ်ပြန်ခဲ့တဲ့ မြန်မာ့စီးပွားရေးအပေါ် လေ့လာသုံးသပ်ချက် အစီရင်ခံစာအရ မြန်မာနိုင်ငံမှာ နိုင်ငံခြားအရန်ငွေကြေး အမေရိကန်ဒေါ်လာ ၇ ဒသမ ၆၇ ဘီလီယံ ရှိတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် နိုင်ငံရေးအပြောင်းအလဲ ဖြစ်ပြီးနောက် နိုင်ငံခြားအရန်ငွေကြေး ပမာဏကို နစက က ထုတ်ပြန်တာ မရှိတော့တဲ့အတွက် လက်ကျန် ပမာဏ ဘယ်လောက်ကျန်ရှိလဲ ဆိုတာကိုတော့ မသိနိုင်တော့ပါဘူး။

၂၀၂၂ ခုနှစ်မှာ နိုင်ငံခြားငွေကြေး ဈေးကွက်အတွင်း အမေရိကန် တဒေါ်လာ တန်ဖိုးဟာ မြန်မာငွေ ကျပ် ၄၀၀၀ ကျော်အထိ စံချိန်တင် အမြင့်ဆုံး ရှိခဲ့တာပါ။ ဒီသက်ရောက်မှုက နိုင်ငံခြားငွေကြေးနဲ့ တင်သွင်းနေရတဲ့ သွင်းကုန်တွေရဲ့ ဈေးနှုန်းကို အဆမတန် ကြီးမြင့်လာစေပြီး အခြေခံကုန်ဈေးနှုန်းကိုလည်း လိုက်ပါ ကြီးမြင့်လာစေပါတယ်။

ပြည်တွင်း ရွှေဈေးကွက်အတွင်းမှာတော့ အကယ်ဒမီ (မီးလင်း) ရွှေဈေးကွက်ဟာ ၂၀၂၂ ခုနှစ်၊ နှစ်အစ ဇန်နဝါရီမှာ တကျပ်သားကို ၁၈ သိန်းခွဲကျပ်နဲ့ ဈေးစဖွင့်ခဲ့တာပါ။ ဒါပေမယ့် လပေါင်း ရှစ်လအကြာ သြဂုတ်လ နောက်ဆုံးအပတ်မှာတော့ ပြည်တွင်းရွှေဈေးဟာ တကျပ်သားကို ကျပ် ၃၈ သိန်းအထိ စံချိန်တင် အမြင့်ဆုံးရှိခဲ့တာကြောင့် ၂၀၂၂ တနှစ်တာအတွင်းမှာ ပြည်တွင်းရွှေဈေးက တကျပ်သားကို ကျပ် သိန်း ၂၀ နီးပါး ဈေးမြင့်တက်ခဲ့ပါတယ်။

ရွှေဈေး အခုလို အတက်ကြမ်းခဲ့တဲ့တာကြောင့် ရန်ကုန်နဲ့ မန္တလေးတိုင်းက ရွှေလုပ်ငန်းရှင်များအသင်းက ဦးဆောင်ပြီး လူတယောက်ကို အခေါက်ရွှေ တဆယ်ကျပ်သားနှုန်းနဲ့ ရောင်းချပေးလာတဲ့အတွက် ရွှေဈေးက ပြန်ကျလာပါတယ်။ ဒါကြောင့် အတက်ကြမ်းခဲ့တဲ့ ပြည်တွင်းရွှေဈေးဟာ စက်တင်ဘာလဆန်းမှာ တကျပ်သားကို ကျပ် ၃၂ သိန်းနဲ့ ၃၃ သိန်းကြား ပြန်ဆင်းသွားခဲ့ပြီး စက်တင်ဘာလ နောက်ဆုံးအပတ်မှာ ကျပ် ၂၆ သိန်းအထိ ပြန်ကျလာပါတယ်။ ဒီ့နောက် အောက်တိုဘာ ပထမအပတ်မှာတော့ နှစ်ဆယ့်လေးသိန်း သုံးသောင်းကျပ်နဲ့ အနိမ့်ဆုံးအထိ ရွှေဈေးက စံချိန်တင် ပြန်ဆင်းသွားပါတယ်။ ဒီဇင်ဘာနောက်ဆုံးပတ်မှာတော့ ပြည်တွင်းရွှေဈေးကွက်မှာ အကယ်ဒမီ(မီးလင်း)ရွှေ တကျပ်သား တန်ဖိုးဟာ ကျပ် ၂၆ သိန်းခွဲနဲ့ အရောင်းအဝယ် ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

#၂၀၂၃ ခုနှစ် မြန်မာ့စီးပွားရေး

နိုင်ငံရေး အပြောင်းအလဲဖြစ်ပြီးနောက် သိသာ ထင်ရှားတဲ့ ကောင်းမွန် တိုးတက်မှုတွေ မရှိခဲ့တဲ့ မြန်မာ့စီးပွားရေး အခြေအနေဟာ ၂၀၂၃ ခုနှစ်မှာတော့ အဆိုးရွားဆုံး အနေအထားကို ရောက်ခဲ့တာပါ။

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁၂ ရက်က ထုတ်ပြန်ခဲ့တဲ့ “ပဋိပက္ခကြားမှ စိန်ခေါ်မှုများ” လို့ အမည်ပေးထားတဲ့ ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာအရ စီးပွားရေးလုပ်ငန်းညွှန်းကိန်းတွေဟာ ၂၀၂၃ ခုနှစ်၊ နှစ်လယ်ကတည်းက ဆိုးရွားလာခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ စက်တင်ဘာလမှာ လုပ်ကိုင်နိုင်စွမ်းရဲ့ ၅၆ ရာခိုင်နှုန်းခန့်သာ လည်ပတ်နိုင်ခဲ့တဲ့ စီးပွားရေးလုပ်ငန်းတွေဟာ မတ်လမှစတင်ပြီး ၁၆ ရာခိုင်နှုန်းလောက် ပိုမိုကျဆင်းသွားခဲ့တယ်လို့ သိရပါတယ်။ လက်လီအရောင်းသမားတွေအတွက် အရောင်းကျဆင်းလာခြင်းကလည်း အဓိက စိန်ခေါ်မှုဖြစ်တယ်လို့ ဆိုပါတယ်။

အစီရင်ခံစာရဲ့ အထူးကဏ္ဍမှာ ပြီးခဲ့တဲ့ ဆယ်စုနှစ်ကတည်းက မြန်မာနိုင်ငံအတွက် အလုပ်အကိုင် ဖန်တီးမှုနဲ့ ဝင်ငွေအတွက် အဓိက တွန်းအားဖြစ်တဲ့ မြန်မာ့အထည်ချုပ်စက်ရုံ လုပ်ငန်းတွေရဲ့ အခြေအနေအပေါ် ဆက်လက် သုံးသပ်ထားပါသေးတယ်။

သုံးသပ်မှုမှာ မြန်မာ့အထည်ချုပ်ကဏ္ဍဟာ ပဋိပက္ခ၊ မြင့်မားတဲ့ ကုန်စည် သယ်ယူပို့ဆောင်စရိတ်တွေ၊ ကုန်သွယ်မှုနဲ့ နိုင်ငံခြားငွေ လဲလှယ်ရေးဆိုင်ရာ စည်းမျဉ်းတွေနဲ့ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုတွေက စီးပွားရေးလုပ်ငန်း ကုန်ကျစရိတ်အပေါ် ထပ်မံ ဖိစီးနေတယ်လို့ ပါရှိပါတယ်။ ဒီအချက်တွေကြောင့် အထည်ချုပ်ကဏ္ဍဟာ နိုင်ငံတကာဈေးကွက် ယှဉ်ပြိုင်နိုင်စွမ်းကို လျော့နည်းသွားစေတယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် အနောက်နိုင်ငံတွေက ရင်းနှီးမြုပ်နှံသူ အများအပြား မြန်မာနိုင်ငံကနေ ထွက်သွားကြတာကလည်း မြန်မာ့စီးပွားရေးကို ထိခိုက်စေတဲ့ အကြောင်းရင်းတခု ဖြစ်ပြီး အလုပ်လက်မဲ့နှုန်းကိုပါ ပိုပြီး တိုးပွားစေခဲ့ပါတယ်။ အဲ့ဒီ့လိုပဲ အနောက်နိုင်ငံတွေရဲ့ ကျယ်ပြန့်တဲ့ ပိတ်ဆို့ အရေးယူမှုတွေကလည်း ကုန်သွယ်မှုကို ပိုပြီး ထိခိုက်စေခဲ့ပါတယ်။ နိုင်ငံခြား အရန်ငွေတွေ လျော့နည်းနေခြင်းကြောင့်လည်း ပုဂ္ဂလိကကဏ္ဍရဲ့ နိုင်ငံခြားငွေ သုံးစွဲခွင့်ဟာ အဓိက အခက်အခဲ ဖြစ်နေခဲ့ပြန်ပါတယ်။

ဒါ့အပြင် ၂၀၂၃ ခုနှစ်အတွင်းမှာ မြန်မာနိုင်ငံထဲက ထွက်ခွာသွားကြတဲ့ သိသာထင်ရှားတဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီကြီးတွေ၊ ထွက်ခွာဖို့ပြင်ဆင်နေတဲ့ ကုမ္ပဏီကြီးတွေ အများအပြားရှိခဲ့ပါတယ်။ အဲ့ဒီ့ ကုမ္ပဏီကြီးတွေကတော့ ဆွစ်ဇာလန်နိုင်ငံက စားသောက်ကုန် လုပ်ငန်းကြီးဖြစ်တဲ့ Nestle ၊ ကမ္ဘာကျော် လူသုံးကုန်ရောင်းဝယ်ရေး ကုန်အမှတ်တံဆိပ်ဖြစ်တဲ့ ဗြိတိန် Mark & Spencer နဲ့ ဂျပန် Uniqlo ဖက်ရှင် အဝတ်အထည် လုပ်ငန်းတွေ၊ အဝတ်အထည်၊ အစားအသောက် အပါအဝင် လူသုံးကုန်ပစ္စည်းတွေ ရောင်းချနေတဲ့ ကုမ္ပဏီတွေ ထွက်ခွာခဲ့ပါတယ်။

၂၀၂၃ ခုနှစ်ရဲ့ နှစ်ကုန်ပိုင်းကို ရောက်လာချိန်မှာတော့ မြန်မာနိုင်ငံရဲ့ ပဋိပက္ခ အခြေအနေတွေဟာ အပြင်းထန်ဆုံး အနေအထားတခု ဖြစ်လာခဲ့ပါတယ်။ အဲ့ဒီ့လို မတည်ငြိမ်တဲ့ ပဋိပက္ခတွေကြား စီးပွားရေးအရ ဆက်လက် ရပ်တည်နိုင်ဖို့ ခက်ခဲလာတာကြောင့် ထိုင်းစီးပွားရေးလုပ်ငန်းတွေ အနေနဲ့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံတာတွေကို ခေတ္တ ရပ်ဆိုင်းထားလိုက်ကြတယ်လို့ သိရပါတယ်။

ထိုင်း-မြန်မာ စီးပွားရေးကောင်စီ Thai-Myanmar Business Council (TMBC) ၊ လက်လီအရောင်း (OR) ၊ ထိုင်းစွမ်းအင်ကုမ္ပဏီတခုဖြစ်တဲ့ PTT တို့ဟာလည်း သူတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုအသစ်တွေကို အချိန်ရွှေ့ဆိုင်းခဲ့တယ်လို့ သိရပါတယ်။

ကုလသမဂ္ဂရဲ့ သုံးသပ်ချက်အရ ကိုဗစ်ကာလနောက်ပိုင်းကစပြီး ကျုံ့သွားတဲ့ မြန်မာ့စီးပွားရေးဟာ ၂၀၂၁ ခုနှစ်၊ နိုင်ငံရေး အပြောင်းအလဲဖြစ်ပြီးနောက် ပိုပြီးတော့ ကျဆင်းသွားခဲ့တယ်လို့ သိရပါတယ်။ ၂၀၂၃ စီးပွားရေး ပမာဏဟာ ကိုဗစ်မဖြစ်ခင် ပမာဏထက် ၃၀ ရာခိုင်နှုန်း ကျုံ့သွားတယ်လို့ အဲ့ဒီ့ သုံးသပ်ချက်မှာ ဖော်ပြထားပါတယ်။ လူတဦးချင်းရဲ့ per capital GDP ၁၃ ရာခိုင်နှုန်းအထိ ကျဆင်းသွားပြီး စီးပွားရေး နာလန်ထူဖို့အတွက် အလားအလာ မရှိတဲ့ အခြေအနေလို့ သုံးသပ်မှုတွေရှိနေပါတယ်။

အခု ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလအတွက် ထုတ်ပြန်တဲ့ S&P Global အာဆီယံထုတ်လုပ်မှု စစ်တမ်းအရ အင်ဒိုနီးရှား၊ စင်္ကာပူနဲ့ ဖိလစ်ပိုင်ကလွဲပြီး မြန်မာအပါအဝင် တခြား အာဆီယံနိုင်ငံတွေရဲ့ ကုန်ထုတ်လုပ်မှု ကျဆင်းခဲ့တယ်လို့ ဖော်ပြထားပါတယ်။

၂၀၂၃ ခုနှစ်အတွင်းမှာတော့ ပြီးခဲ့တဲ့ နှစ်တွေကလိုပဲ နိုင်ငံတကာရဲ့ အရေးယူမှုတွေ ရှိခဲ့ပြီး အခုနှစ်ကတော့ ဒဏ်ခတ်ပိတ်ဆို့ အရေးယူခံရမှု အပြင်းထန်ဆုံး နှစ်တနှစ်လို့ ဆိုရမှာဖြစ်ပါတယ်။

အခုလို နိုင်ငံတကာရဲ့ ပိတ်ဆို့ အရေးယူမှုတွေဟာ အရေးယူခံရတဲ့ လူဂ္ဂိုလ်တွေနဲ့ အဖွဲ့အစည်းတွေထက် မြန်မာပြည်သူတွေ၊ အခြေခံ လူတန်းစားတွေအပေါ် ရိုက်ခတ်မှု ပိုပြီး ကြီးမားလျက်ရပြီး ကြုံတွေ့နေရတဲ့ မြန်မာ့စီးပွားရေး အခက်အခဲတွေဟာ နိုင်ငံရေးအကျပ်အတည်းတွေကြောင့် ဖြစ်ပေါ်ရတဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေ ဖြစ်ပါတယ်။

ဒီလို အခက်အခဲတွေကြားထဲမှာ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁ ရက်နေ့ကစပြီး အရင်က ရောင်းပေးနေတဲ့ ဗဟိုဘဏ်သတ်မှတ်ဈေး တဒေါ်လာ ၂၁၀၀ နဲ့ တင်သွင်းမယ့် စက်သုံးဆီပမာဏရဲ့ ၄၀ ရာခိုင်နှုန်းကို မရောင်းပေးတော့ဘဲ ရပ်တန့်လိုက်ပြန်ပါတယ်။ အဲ့ဒီ့လို ရပ်တန့်လိုက်တဲ့အတွက် ကုန်သည်တွေအနေနဲ့ ပြင်ပပေါက်ဈေး ၁၀၀ ရာခိုင်နှုန်းအတိုင်း စက်သုံးဆီ ဝယ်ယူတင်သွင်းနေကြရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁ ရက်နေ့ကစပြီး ဓါတ်ဆီဖြစ်တဲ့ 92,95 တန်ဖိုးရဲ့ ၄၀ ရာခိုင်နှုန်းကို ဗဟိုဘဏ်သတ်မှတ်ဈေးနဲ့ ရောင်းပေးခဲ့ပြီး ကျန်တဲ့ ၆၀ ရာခိုင်နှုန်းကို ပြင်ပပေါက်ဈေးနဲ့ ဝယ်ယူတင်သွင်းခဲ့ရတယ်လို့ သိရပါတယ်။ စွမ်းအင်ဝန်ကြီးဌာနက အဲ့ဒီ ရာခိုင်နှုန်းအတိုင်းတွက်ချက်ပြီး ရောင်းဈေးသတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် အဲ့ဒီ ၄၀ ရာခိုင်နှုန်းကို မရောင်းပေးတော့ဘဲ ၁၀၀ ရာခိုင်နှုန်းကို ပြင်ပ ဒေါ်လာပေါက်ဈေးနဲ့တွက်ပြီး သတ်မှတ်လိုက်တာကြောင့် ဒီဇင်ဘာ ၁ ရက်နေ့ကစပြီး 92,95 ဓါတ်ဆီဈေးတွေ ခုန်တက်ခဲ့ပါတယ်။ ဒီဇယ်ဈေးတွေတော့ လောလောဆယ်အထိ ဆီတန်ဖိုးရဲ့ ၅၀ ရာခိုင်နှုန်းကို တဒေါ်လာ ၂၁၀၀ ၊ ကျန် ၅၀ ရာခိုင်နှုန်းကို ပြင်ပ ဒေါ်လာပေါက်ဈေးနဲ့ တွက်ချက်ပေးနေဆဲ ဖြစ်တဲ့အတွက် အရင်ကထက် ဈေးအနည်းငယ်သာ အတက်ပြခဲ့ပါတယ်။

အဲ့ဒီ့လို စက်သုံးဆီ တင်သွင်းမှုပုံစံ သတ်မှတ်ချက် ပြောင်းလဲလိုက်ခြင်းရဲ့ နောက်ဆက်တွဲ ဆိုးကျိုးကတော့ စက်သုံးဆီအရောင်းဆိုင်တွေမှာ ကားတွေ အချိန်ကြာမြင့်စွာ ဆီတန်းစီဝယ်နေရသလို တချို့ဆိုင်တွေကတော့ ဆီပြတ်တောက်နေလို့ အရောင်းပိတ်ထားရတဲ့အထိ ဖြစ်ခဲ့ပြီး သီလဝါဆိပ်ကမ်းမှာလည်း ဆီဖြည့်ဖို့အတွက် ဆီဘောက်ဆာကားတွေ တန်းစီ စောင့်ဆိုင်းနေရတာတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြား‌ငွေတွေ ရောင်းဝယ်ဖောက်ကားတဲ့လုပ်ငန်း (AD) လိုင်စင်ရ ဘဏ်တွေအနေနဲ့ နိုင်ငံခြားငွေကြေးဈေးကွက် (Online Trading) မှာ အ‌ရောင်းအဝယ်ပြုလုပ်ရာမှာ ငွေလဲလှယ်နှုန်းကို ဗဟိုဘဏ်မှ သတ်မှတ်ပေးတော့မှာ မဟုတ်ဘဲ ဈေးကွက်အတွင်း နိုင်ငံခြားငွေရောင်းချလိုသူနဲ့ ဝယ်ယူလိုသူတွေက တင်သွင်းတဲ့ ငွေလဲလှယ်နှုန်းပေါ် မူတည်ပြီး Market Rate အတိုင်း လွတ်လပ်စွာ ဆောင်ရွက်ခွင့်ပြုတယ်လို့ ဒီဇင်ဘာ ၅ ရက်မှာ ထပ်မံ ထုတ်ပြန် ကြေညာလိုက်ပြန်ပါတယ်။

ဈေးကွက်အတွင်း ဝယ်ယူရရှိခဲ့တဲ့ နိုင်ငံခြားငွေကို ပြည်ပကို လွှဲပြောင်းရာမှာ နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီက သတ်မှတ်ထားတဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ လွှဲပြောင်းပေးရမှာဖြစ်တယ်လို့လည်း အဲ့ဒီ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ဒီဇင်ဘာ ၆ ရက်နေ့မှာလည်း ပို့ကုန်ရငွေ သတ်မှတ်ချက်ကို ဖြေလျှော့ပေးလိုက်ပြန်ပါတယ်။ နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီးနောက်ပိုင်း ပို့ကုန်သမားတွေဆီက ရရှိတဲ့ ဒေါ်လာငွေကို နစက က ဗဟိုဘဏ်သတ်မှတ်ဈေး တဒေါ်လာ ၂,၁၀၀ ကျပ်နဲ့ ၅၀ ရာခိုင်နှုန်း ဖြတ်ယူနေရာက အခုအခါ ၃၅ ရာခိုင်နှုန်းသာ ဖြတ်ယူပြီး ကျန် ၆၅ ရာခိုင်နှုန်းကို ဈေးကွက်ပေါက်ဈေးအတိုင်း လဲလှယ်ခွင့်ပြုလိုက်တယ်လို့ ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

အခုလို ဖြေလျှော့ပေးခြင်းက ပို့ကုန်တင်ပို့နိုင်ဖို့အတွက် နိုင်ငံတွင်းရှိ ထုတ်ကုန်ပစ္စည်းတွေကို မြှင့်တင်နိုင်ဖို့ ရည်ရွယ်တာဖြစ်ပြီး သွင်းကုန်ကိစ္စရပ်တွေဖြစ်တဲ့ စက်သုံးဆီကဏ္ဍမှာလည်း အကျိုးသက်‌ရောက်မှု ရှိနိုင်တယ်လို့ နစကရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းက နေ့စဉ် သတင်းထုတ်ပြန်မှုမှာ ထည့်သွင်းပြောဆိုထားပါတယ်။

ဗဟိုဘဏ်ရဲ့ နိုင်ငံခြားငွေလဲဈေးကွက် ဖွင့်ပေးလိုက်တယ်ဆိုတဲ့ ဒီဇင်ဘာ ၅ ရက်နေ့ ထုတ်ပြန်ချက် ထွက်ပေါ်လာပြီးနောက်ပိုင်း သွင်းကုန်လုပ်ငန်းရှင်တွေ ‌ဒေါ်လာဝယ်ယူရေး အခက်အခဲတွေ ဖြစ်ပေါ်ခဲ့ပြီး အထူးသဖြင့် စက်သုံးဆီလုပ်ငန်းရှင်တွေ အခက်အခဲတွေ ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။ သီလဝါဆိပ်ကမ်းနဲ့ ရန်ကုန်မြစ်ဝအထိ ဆီတင်သင်္ဘောတွေ ရောက်ရှိနေပေမယ့်လည်း လက်ကျန်ငွေ မချေနိုင်တဲ့အတွက် ဆီချမပေးတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်ခဲ့ရတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။

အဲ့ဒီ့ဖြစ်စဉ်တွေ ဖြစ်ပွားခဲ့ပြီးနောက် ဗဟိုဘဏ်က စက်သုံးဆီတင်သွင်းတဲ့ ကုမ္ပဏီတွေအတွက် ပထမဆုံးအကြိမ်အဖြစ် အမေရိကန်ဒေါ်လာ ၉ ဒသမ ၇၂ သန်းကို ဒီဇင်ဘာ ၁၈ ရက်နေ့က ရောင်းချပေးခဲ့တယ်လို့ ဗဟိုဘဏ်က ထုတ်ပြန် ကြေညာခဲ့ပါတယ်။ ဒါ့အပြင် ဒီဇင်ဘာ ၂၁ ရက်နေ့မှာလည်း အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၄၃ သန်းကို ထပ်မံ ရောင်းချပေးခဲ့ပါတယ်။ ဒါပေမယ့် အခုလို ရောင်းချပေးမှုတွေအတွက် ဗဟိုဘဏ်အနေနဲ့ ငွေလဲနှုန်းပမာဏကိုတော့ ဖော်ပြထားခြင်း မရှိခဲ့ပါဘူး။

လက်ရှိ ဖြစ်ပေါ်နေတဲ့ စက်သုံးဆီ အခက်အခဲတွေဟာ မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းရောင်းချ ဖြန့်ဖြူးရေးအသင်းက ပြောင်းလဲလိုက်တဲ့ မူဝါဒသစ်ကြောင့် ဖြစ်တယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။ အဲ့ဒီ့ မူဝါဒသစ်မှာ ရန်ကုန် သီလဝါဆိပ်ကမ်းမှာ စက်သုံးဆီထုတ်ယူမှုအတွက် စက်သုံးဆီခွဲတမ်း (Purchase Order-PO) ခွင့်ပြုမှုကို ထုတ်ယူရမယ့်နေ့အလိုက် သက်တမ်း သုံးရက်သာ သတ်မှတ်ပေးထားပြီး PO သက်တမ်း သုံးရက်အတွင်း ဆီထုတ်ယူနိုင်ခြင်း မရှိရင်တော့ အဲ့ဒီ့ ဆီခွဲတမ်းတွေကို ပယ်ဖျက်သွားမှာဖြစ်တယ်လို့ ပါရှိပါတယ်။

၂၀၂၃ ခုနှစ်အတွင်း မြန်မာနိုင်ငံဟာ တိုက်ပွဲတွေနဲ့ ပဋိပက္ခအခြေအနေတွေကြောင့် ပြည်ပကို တင်ပို့နေတဲ့ စိုက်ပျိုးရေးထွက်ကုန်တွေ ထုတ်လုပ်မှု လျော့ကျနေပါတယ်။ နယ်စပ်ကုန်သွယ်ရေးဂိတ် အများစုမှာ ပိတ်ထားရပြီး လမ်းကြောင်းတွေ ပြတ်တောက်နေတာကြောင့် ပြည်ပကို ပို့ကုန်တင်ပို့ရာမှာ ပင်လယ်ရေကြောင်း တခုတည်းကိုသာ အားထားနေရတဲ့ အခြေအနေ ဖြစ်ပါတယ်။ မြန်မာ့ကုန်သွယ်ရေးရဲ့ ၈၀ ရာခိုင်နှုန်းဟာ နယ်စပ်ကုန်သွယ်ရေးကို အဓိက အားထားနေရတာဖြစ်ပြီး ကျန် ၂၀ ရာခိုင်နှုန်းကတော့ ပင်လယ်ရေကြောင်းက ကုန်သွယ်မှု ပြုလုပ်နေတာလို့ သိရပါတယ်။

စီးပွား/ကူးသန်းဝန်ကြီးဌာနရဲ့ စာရင်းတွေအရ နစကလက်ထက်မှာ ပို့ကုန်ရငွေ ဆက်တိုက် ကျဆင်းလျက်ရှိပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်ရဲ့ ခြောက်လအတွင်း ပြည်ပ ပို့ကုန်တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ သန်း ၁,၀၁၄ ကျော်အထိ ကျဆင်းသွားတယ်လို့ သိရပါတယ်။ လွန်ခဲ့တဲ့ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်ကတော့ မြန်မာနိုင်ငံရဲ့ ပို့ကုန်ရငွေဟာ အမေရိကန်ဒေါ်လာ ၃၃ ဘီလီယံကျော် ရှိခဲ့ပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာတော့ ဇွန်လအထိ အမေရိကန်ဒေါ်လာ ၃၄ ဒသမ ၃၅၃ ဘီလီယံ ကုန်သွယ်မှု ပြုလုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ကမ္ဘာ့နိုင်ငံပေါင်း ၁၉၆ နိုင်ငံရဲ့ စီးပွားရေးဆိုင်ရာ အညွှန်းကိန်းတွေအတွက် အချက်အလက် မျှဝေနေတဲ့ Trading Economics အဖွဲ့က သုံးသပ်ချက်အရ မြန်မာနိုင်ငံရဲ့ အလုပ်လက်မဲ့ နှုန်းဟာ ၂၀၁၉ ခုနှစ်က ဝ ဒသမ ၇ ရာခိုင်နှုန်းသာရှိခဲ့ပြီး အခု ၂၀၂၃ ခုနှစ်မှာတော့ ၂ ဒသမ ၂ ရာခိုင်နှုန်း ရှိနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF က ထုတ်ပြန်တဲ့ ၂၀၂၃ အတွက် ကမ္ဘာ့အဆင်းရဲဆုံး ၂၅ နိုင်ငံစာရင်းမှာ မြန်မာနိုင်ငံက နံပါတ် ၂၄ မှာ ပါဝင်နေသလို အရှေ့တောင်အာရှမှာတော့ မြန်မာနိုင်ငံက အဆင်းရဲဆုံးနိုင်ငံအဖြစ် စာရင်းဝင်နေတယ်လို့ သိရပါတယ်။

၂၀၂၃ ခုနှစ်အတွင်း အောက်တိုဘာလကတည်းက မြန်မာနိုင်ငံမှာ ပဋိပက္ခ ဖြစ်ပွားမှုတွေ မြင့်တက်လာခဲ့ပါတယ်။ အဲ့ဒီ့ ပဋိပက္ခတွေက ကုန်သွယ်မှု လမ်းကြောင်းတွေကို ထိခိုက်စေသလို ကုန်စည် သယ်ယူပို့ဆောင်ရေး စရိတ်တွေကိုလည်း မြင့်တက်စေခဲ့တာ ဖြစ်ပါတယ်။

ပဋိပက္ခဖြစ်ပွားမှု အရှိန်ဆက်လက်မြင့်မားလာခြင်း မရှိရင်တောင် အခု ၂၀၂၄ ခုနှစ်အတွင်း မြန်မာ့စီးပွားရေးတိုးတက်မှု နှေးကွေးနေမယ့်အပြင် ၂၀၂၅ ခုနှစ်မှာလည်း စိုက်ပျိုးရေး၊ ကုန်ထုတ်လုပ်ရေးနဲ့ ကုန်သွယ်မှုကဏ္ဍ အပါအဝင် ကုန်ထုတ်ကဏ္ဍတွေမှာ နှေးကွေးကြန့်ကြာမှုတွေ ဆက်လက်ကျယ်ပြန့်လာနိုင်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ထားပါတယ်။

မြန်မာနိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုနှုန်းဟာ ၂၀၁၉ ခုနှစ်နဲ့နှိုင်းယှဉ်ရင် ၁၀ ရာခိုင်နှုန်း ဆက်လက် နိမ့်ကျလျက်ရှိတာကြောင့် အရှေ့အာရှဒေသမှာ ကမ္ဘာ့ကပ်ရောဂါမတိုင်မီက ရှိခဲ့တဲ့ စီးပွားရေးအခြေအနေကို ပြန်မရောက်နိုင်တဲ့ တခုတည်းသော နိုင်ငံအဖြစ် ဆက်လက် တည်ရှိနေတယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ မြန်မာ့စီးပွားရေး လေ့လာစောင့်ကြည့်မှု အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

 

Related posts

Leave a Comment

VOM News

FREE
VIEW