ပြည်တွင်းရွှေဈေး ကျပ် ၃၈ သိန်းကျော် ရောက်ရှိလာ

 

ဇန်နဝါရီ ၂၄ – ၂၀၂၄

SN (VOM)

ပြည်တွင်း အခေါက်ရွှေဈေးနှုန်းဟာ မနေ့ ဇန်နဝါရီ ၂၃ ရက်၊ နေ့လယ်ပိုင်းကစပြီး ၃၈ သိန်းကျော်ကို ရောက်ရှိလာတယ်လို့ ရွှေလုပ်ငန်းတွေဆီကက သိရပါတယ်။

ပြည်တွင်း ရွှေဈေးဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာနဲ့ နိုဝင်ဘာလပိုင်းလောက်က ၃၄ သိန်း၊ ၃၅ သိန်း ဝန်းကျင်မှာ အချိန်အတော်ကြာ ငြိမ်သက်နေခဲ့ရာက တဖြည်းဖြည်းချင်း ဈေးပြန်လည် မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။

“ဒေါ်လာဈေးတွေ တက်တယ်၊ ကမ္ဘာ့ရွှေဈေးကလည်း မကျဘူးပေါ့လေ။ အဲ့ဒါကြောင့် ရွှေဈေးက တက်လာတာပါ။ တက်သွားတာက မနေ့ကမှ တက်သွားတာပေါ့နော်။ ဖြည်းဖြည်းချင်း တက်လာပြီးတော့ ၃၈ သိန်း ကျော်သွားတယ်။ အဲ့လိုပဲ ဒေါ်လာဈေးကလည်း ဖြည်းဖြည်းချင်း တက်လာတယ်။ ရွှေဈေးက ဆက်တက်မလား၊ ပြန်ကျမလား ဆိုတာကတော့ အခုလောလောဆယ် ကမ္ဘာ့ရွှေဈေးကလည်း ငြိမ်နေတယ်ဆိုတော့ ဒေါ်လာဈေးပေါ်မှာပဲ မူတည်တာပေါ့။ ဒေါ်လာဈေး ဆက်တက်ရင်တော့ တက်ဦးမှာပါ၊ ဒေါ်လာဈေးကျရင်တော့ ပြန်ကျသွားပါလိမ့်မယ်” လို့ ရွှေလုပ်ငန်းရှင်တယောက်က ပြောပါတယ်။

ရွှေဈေးဟာ မနေ့ ဇန်နဝါရီ ၂၃ ရက်၊ မနက်ပိုင်းမှာ ၃၈ သိန်းအတိကို ရောက်ရှိလာတာဖြစ်ပြီး နေ့လယ်ပိုင်းမှာတော့ သုံးဆယ့်ရှစ်သိန်း နှစ်သောင်းငါးထောင်ကို ထပ်မံ မြင့်တက်ခဲ့ကာ ဒီကနေ့ ဇန်နဝါရီ ၂၄ ရက်၊ နေ့လယ်ပိုင်းမှာတော့ သုံးဆယ့်ရှစ်သိန်း လေးသောင်းဈေး ဖြစ်ပေါ်နေပါတယ်။

“ရွှေဈေးတက်တော့ အရောင်းအဝယ် မကောင်းဘူး။ အဖမ်းအဆီးတွေလည်း ကြောက်ရတယ်။ အလုပ်အကိုင် မကောင်းကြဘူး” လို့ သူက ပြောပါတယ်။

ကမ္ဘာ့ရွှေဈေးဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁၂ ရက်ကနေ အခု ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၇ ရက်အထိ အနိမ့်ဆုံးဈေး တအောင်စ ဒေါ်လာ ၂၀၄၀ ၊ အမြင့်ဆုံးဈေး ၂၀၈၀ ဝန်းကျင် ရှိခဲ့ရာက ဇန်နဝါရီ ၈ ရက်မှစတင်ကာ ၂၀၂၀ စွန်းစွန်းကို ရောက်ရှိလာတာဖြစ်ပြီး အဲ့ဒီ့ ပမာဏဝန်းကျင်မှာပဲ ဆက်တိုက် ဈေးငြိမ်နေခဲ့ကာ ဒီကနေ့ ဇန်နဝါရီ ၂၄ ရက်၊ နေ့လယ်ပိုင်းမှာတော့ တအောင်စ ‌၂၀၂၄ ဒေါ်လာကို ရောက်ရှိနေပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက် မနက်ပိုင်းအထိ တဒေါ်လာ ၃၅၅၀၊ ၃၅၆၀ ဝန်းကျင်မှာရှိနေခဲ့တဲ့ အမေရိကန်ဒေါ်လာဈေးကတော့ ဒီဇင်ဘာ ၂၈ ရက်၊ ညနေပိုင်းမှာ ၃၄၈၀ ဝန်းကျင်ကို ရောက်ရှိလာပြီး အဲ့ဒီ့နောက်ပိုင်းမှာတော့ ၃၄၅၀ ဝန်းကျင်မှာ ရက်အတန်ကြာ ရှိနေခဲ့ရာက ဇန်နဝါရီ ၁၆ ရက်နေ့၊ နေ့လယ်ပိုင်းကစလို့ တဖြည်းဖြည်းချင်း ပြန်လည် မြင့်တက်လာခဲ့ပြီး ဒီကနေ့ ၂၄ ရက်၊ နေ့လယ်ပိုင်းမှာတော့ ၃၅၀၀ ဝန်းကျင်ကို ရောက်ရှိနေပါတယ်။

ပြည်တွင်းရွှေဈေးဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လအတွင်းက စင်္ကာပူဘဏ်က မြန်မာဘဏ်တွေနဲ့ အဆက်အသွယ်ဖြတ်တောက်မှု၊ နှစ်သောင်းတန် ငွေစက္ကူသစ် ရိုက်နှိပ်ထုတ်ဝေမှုအပါအဝင် ထိုင်း-မြန်မာကုန်သွယ်ရေး ရပ်တန့်သွားမှု၊ ဈေးကွက်အတွင်း အပြိုင်အဆိုင် ဈေးကစားမှုတွေကြောင့် ပြည်တွင်းရွှေဈေးနဲ့ အမေရိကန်ဒေါ်လာ ဈေးနှုန်းတွေ စံချိန်တင် မြင့်တက်ခဲ့ပြီး အခေါက်ရွှေ တကျပ်သားကို ‌ကျပ် သိန်း ၄၀ နီးပါး၊ အမေရိကန်တဒေါ်လာကို ကျပ် ၄၀၀၀ နီးပါးအထိ ရောက်ရှိခဲ့ပါတယ်။

Photo : Original Uploader

Related posts

Leave a Comment

VOM News

FREE
VIEW