ကိုးကန့်ဒေသက အွန်လိုင်းငွေလိမ်ဂိုဏ်း အဓိကခေါင်းဆောင် ခြောက်ယောက်နဲ့ အခြားလေးယောက်ကို တရုတ်ကို လွှဲပေး

ဇန်နဝါရီ ၃၁၊ ၂၀၂၄
Shy V(VOM)

မြန်မာနိုင်ငံမြောက်ပိုင်း၊ ကိုးကန့်ဒေသက အွန်လိုင်းလိမ်လည်မှု အဖွဲ့ရဲ့ အဓိကခေါင်းဆောင် ခြောက်ယောက်နဲ့ အခြားပြစ်မှု ကျူးလွန်သူ လေးယောက်ကို ဇန်နဝါရီလ ၃၀ ရက်နေ့တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့က နေပြည်တော်မှာ တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးအဖွဲ့ထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း တရုတ်သံရုံးက သတင်း ထုတ်ပြန်ချက်နဲ့ နယ်စပ် ဒေသခံတွေဆီက သိရပါတယ်။

“၁၀ ယောက်လို့ပြောတယ်။ အဲဒီ ငွေလိမ်ဂိုဏ်းလုပ်တဲ့ သူတွေ။ ပယ်ဆောက်ချိန် သားအဖလည်း ပါတယ်။ မြန်မာဘက်က ဖမ်းပေးတာတဲ့။ ခေါင်းဆောင် အကြီးပိုင်း ဟုတ်တယ်။ အကြီးစား အွန်လိုင်း ငွေလိမ် အဖွဲ့ပဲ။ အဲဒီ အဖွဲ့ကို ဖမ်းပေးနိုင်ပြီ” လို့ တရုတ်နယ်စပ် ဒေသခံ တ‌ယောက်က ပြောပါတယ်။

အခြားအရေးကြီး ပြစ်မှုကျူးလွန်ကြောင်း သံသယရှိသူ လေးယောက်အပါအဝင် မြန်မာနိုင်ငံမြောက်ပိုင်း ကိုးကန့်ဒေသက အွန်လိုင်းလိမ်လည်မှု အဖွဲ့ရဲ့ အဓိကခေါင်းဆောင် ခြောက်ယောက်ဖြစ်တဲ့ ပယ်ဆောက်ချိန်၊ ပယ်ရင်ချန်၊ ဝေ့ဟွိုင်ရန်၊ လျိုကျန့်ရှန်၊ လျိုကျန့်မောက်၊ ရွှီလောက်ဖာ တို့ ၁၀ ဦးကို ယမန်နေ့ဇန်နဝါရီ ၃၀ ရက်နေ့ညက တရားဥပဒေနဲ့ အညီဖမ်းဆီး လွှဲပြောင်းပေးကာ တရုတ်နိုင်ငံကို ပို့ဆောင်ခဲ့တယ်လို့ တရုတ်သံရုံးက သတင်း ထုတ်ထားပါတယ်။

မြန်မာနိုင်ငံက အွန်လိုင်းလိမ်လည်မှုကို အမြစ်ပြတ်ချေမှုန်းရန် တရုတ်-မြန်မာရဲတပ်ဖွဲ့က တရားဥပဒေစိုးမိုးမှု လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ အဆက်မပြတ်လုပ်ဆောင်ခဲ့ရာ ၂၀၂၃ ခုနှစ် ၉ လပိုင်းကုန်ခန့်ကစ ကနဦးကာလ အဆက်မပြတ် တိုက်ဖျက်မှုကြောင့် လက်ရှိအထိ မြန်မာနိုင်ငံ ရှမ်းပြည်နယ် မြောက်ပိုင်းက အွန်လိုင်းလိမ်လည်မှု ပြစ်မှုကျူးလွန်ကြောင်း သံသယရှိသူပေါင်း ၄၄,၀၀၀ ကို တရုတ်နိုင်ငံဘက်သို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး အဲဒီထဲမှာ နောက်ကွယ် ကနေ ငွေကြေး ထောက်ပံ့နေတဲ့ အမာခံ အဖွဲ့ခေါင်းဆောင်တွေ ၁၇၁ ဦးနဲ့ တရားခံပြေး ၂၉၀၈ ဦးပါဝင်တယ်လို့ ဆိုပါတယ်။

“သူတို့ တစ်လကို အနည်းဆုံး US ဒေါ်လာ ၂၀၀ မှ မလိမ်ပေးနိုင်ရင် နှိပ်စက်တယ်။ တိုက်ပိတ်ထားတယ်။ တရုတ်နိုင်ငံနဲ့ တခြား ဥရောပ နိုင်ငံတွေကို လိမ်ရတယ်။ စီးပွားရေး ရှယ်ယာ ခေါ်တဲ့ ပုံစံပေါ့။ ပထမ တခါ၊ နှစ်ခါတော့ သူတို့ယုံအောင် လုပ်တယ်။ ငွေလွဲလာပြီဆိုရင်တော့ block ပစ်တယ်။” လို့ အွန်လိုင်း ငွေလိမ် ကုမ္ပဏီမှာ အလုပ်လုပ်ဖူးတဲ့ လူငယ် တ‌ယောက်က ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၀ ရက်မှာ တရုတ်ဘက်က ဖမ်းဝရမ်းထုတ်ထားတဲ့ ကိုးကန့်ဒေသက အွန်လိုင်း ငွေလိမ်လည်တဲ့ ကုမ္ပဏီ လုပ်ကိုင်သူ ၁၀ ယောက် ထဲက ခြောက်ယောက် ဖြစ်တဲ့ ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသရဲ့ ဥက္ကဌဟောင်း ပယ်ဆောက်ချိန်၊ သူ့ရဲ့သား ပယ်ရင်ချန်၊ ဝေ့ဟွိုင်ရန်၊ လျိုကျန့်ရှန်၊ လျိုကျန့်မောက်၊ ရွှီလောက်ဖာ တို့ကို ဖမ်းဆီး လွဲပြောင်းပေူခဲ့တာ ဖြစ်ပြီး ကျန်ရှိနေသေးတဲ့ ရာဇဝတ်မှုဆိုင်ရာ သံသယရှိသူ လေးဦးဖြစ်တဲ့ Bai Yinglan, Wei Rong, Wei Qingsong နဲ့ Liu Jiguang တို့ ၄ ဦးကိုလည်း အရေးကြီးအလိုရှိနေကြောင်း CCTV News ရဲ့ ဇန်နဝါရီလ ၃၀ ရက်ည သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တရုတ် ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာနက ယူနန်ပြည်နယ် ပြည်သူ့လုံခြုံရေးဗျူရို ကနေ ရဲတပ်ဖွဲ့ဝင်တွေကို စင်းလုံးငှားလေယာဉ် စီစဉ်ပြီး မြန်မာနိုင်ငံသို့ သွားရောက်ကာ သက်ဆိုင်ရာ ရာဇဝတ်မှု သံသယရှိသူများကို နိုင်ငံတွင်းသို့ ပြန်လည် ပို့ဆောင်နိုင်ခဲ့တယ်လို့ လည်း ဖော်ပြထားပါတယ်။

ယခု လွဲပြောင်းမှုမှာ ပါဝင်တဲ့ တခြား ပြစ်မှုကျူးလွန်သူ လေးယောက်က ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်က လောက်ကိုင် ကျားခြံ ဟိုတယ်မှာ ပစ်ခတ်မှု ဖြစ်ပွားချိန် ပါဝင်သူတွေလို့ သံသယ ရှိသူတွေ ဖြစ်ပြီး အဲဒီ ပစ်ခတ်မှု ဖြစ်ပွားတုန်းက တရုတ် နိုင်ငံသား အချို့နဲ့ တရုတ် ထောက်လှမ်းရေး အချို့ သေဆုံးခဲ့ကြောင်း BBC သတင်းအရ သိရပါတယ်။

မြန်မာနိုင်ငံ နယ်စပ်တလျှောက်က အွန်လိုင်းလိမ်လည်မှုတွေရဲ့ အချက်အလက် အထောက်အထားတွေကို သိရဖို့ တရုတ်ထောက်လှမ်းရေးတွေကို တရုတ်အစိုးရက ငွေလိမ်ကုမ္ပဏီတွေမှာ စေလွှတ်ထားတာ မျိုးရှိတယ်လို့ သိရကြောင်း တရုတ်နိုင်ငံသားနဲ့ အိမ်ထောင်ပြုကာ တရုတ်ပြည်မမှာ နေထိုင်နေတဲ့ မြန်မာနိုင်ငံသားတွေက ပြောပြပါတယ်။

Photo Crd# CCTV News

Related posts

Leave a Comment

VOM News

FREE
VIEW