ပြည်တွင်းရွှေဈေး အတက်အကျ အပြောင်းအလဲမြန်ပေမယ့် ၃၉ သိန်းဝန်းကျင်ထိ မြင့်တက်လာ

ဇန်နဝါရီ ၃၁ – ၂၀၂၄
SN (VOM)

ပြည်တွင်းရွှေဈေးနှုန်းဟာ ဒီကနေ့ ဇန်နဝါရီ ၃၁ ရက်၊ နေ့လယ်ပိုင်းမှာတင် အတက်အကျ အပြောင်းအလဲ မြန်ဆန်နေပြီး ဈေးနှုန်းမတည်မငြိမ် ဖြစ်နေတယ်လို့ ရွှေလုပ်ငန်းရှင် အသိုင်းအဝိုင်းက သိရပါတယ်။

ပြည်တွင်းရွှေဈေးနှုန်းဟာ ဒီကနေ့ နေ့လယ် ၁၂ နာရီ ၅၆ မိနစ်ဝန်းကျင်မှာ ၃၉ သိန်းအတိကို ရောက်ရှိလာပြီး ၁ နာရီ၊ ၂၃ မိနစ် ဝန်းကျင်မှာတော့ ကျပ် သုံးဆယ့်ကိုးသိန်း‌ တသောင်းငါးထောင်ကို ရောက်ရှိခဲ့ကာ ‌၆ မိနစ်အတွင်းမှာပဲ ကျပ် တသိန်းတသောင်းငါးထောင် ပြန်လည်ကျဆင်းခဲ့ပြီး ကျပ် သုံးဆယ့်ရှစ်သိန်း ကိုးသောင်းဝန်းကျင်ကို ပြန်လည် ရောက်ရှိနေပါတယ်။

“ကမ္ဘာ့ဈေးလည်း နည်းနည်း တက်တာကိုး။ အဲ့တော့ ဈေးကွက် လန့်နေတဲ့ အနေအထားပါ။ ထပ်တက်နိုင်လား၊ ပြန်ကျမလားဆိုတာက အခုလက်ရှိ အနေအထားကတော့ တော်တော်ကို ခန့်မှန်းရခက်ပါတယ်။ ရောင်းရင်၊ ဝယ်ရင်လည်း တော်တော်ကို သတိထားဖို့ လိုပါတယ်” လို့ ရွှေလုပ်ငန်းရှင်တယောက်က ပြောပါတယ်။

ပြည်တွင်းရွှေဈေးဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလကစလို့ တရိပ်ရိပ် မြင့်တက်လာခဲ့တာဖြစ်ပြီး အခု ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၃ ရက်၊ မနက်ပိုင်းမှာတော့ ၃၈ သိန်းအတိကို ရောက်ရှိလာကာ အဲ့ဒီ့နောက်ပိုင်း တဖြည်းဖြည်း ဆက်လက် မြင့်တက်ခဲ့ပြီး လက်ရှိမှာတော့ ကျပ် ၃၉ သိန်း ဝန်းကျင်မှာ ဈေးအတက်အကျမငြိမ် ဖြစ်နေပါတယ်။

“လက်ရှိမှာ ကမ္ဘာ့ရွှေဈေးကလည်း တအောင်စ ၁၆ ဒေါ်လာလောက် ပြန်တက်လာတယ်။ ဒေါ်လာဈေးကလည်း လက်ရှိမှာ ၃၅၀၀ ကျော်ပေါ့၊ ၃၆၀၀ ပြည့်ဖို့ ဒေါ်လာ ၄၀ လောက်ပဲ လိုတော့တဲ့ အနေအထားပေါ့။ အဲ့ဒါကြောင့် ရွှေဈေးမာနေတာပါ။ ထပ်တက်မလား၊ ပြန်ကျမလားဆိုတာတော့ ကမ္ဘာ့ရွှေဈေးနဲ့ ဒေါ်လာဈေးပေါ်ပဲ မူတည်တာပေါ့” လို့ နောက်ထပ် ရွှေလုပ်ငန်းတယောက်က ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၆ ရက်နေ့အထိ တအောင်စ ဒေါ်လာ ၂၀၂၀ စွန်းစွန်းမှာရှိနေခဲ့တဲ့ ကမ္ဘာ့ရွှေဈေးဟာ ဇန်နဝါရီ ၂၇ ရက်နဲ့ ၂၈ ရက်နေ့တွေမှာ ပြန်လည် ကျဆင်းခဲ့ပြီး ၂၀၁၈ ဒေါ်လာဈေး ဖြစ်ပေါ်ခဲ့ပေမယ့် ၂၉ ရက်နေ့ကစလို့ ပြန်လည် မြင့်တက်လာခဲ့တာဖြစ်ပြီး ဒီကနေ့ ဇန်နဝါရီ ၃၁ ရက်၊ နေ့လယ်ပိုင်းမှာတော့ တအောင်စ ၂၀၃၄ ဒေါ်လာကို ရောက်ရှိနေပါတယ်။

ဇန်နဝါရီ ၂၄ ရက်၊ ညနေပိုင်းကစလို့ တဒေါ်လာ ၃၅၀၀ ဝန်းကျင်ဈေး ပြန်လည်ရောက်ရှိလာတဲ့ အမေရိကန်ဒေါ်လာဈေးကတော့ ဒီကနေ့ ၃၁ ရက်နေ့မှာ ၃၅၆၀ ဝန်းကျင်ဈေး ဖြစ်ပေါ်နေပြီး တပတ်အတွင်း ဒေါ်လာ ၆၀ မြင့်တက်လာတာကို တွေ့ရပါတယ်။

လက်ရှိမှာ ရွှေဈေးနှုန်း အတက်အကျမငြိမ် ဖြစ်နေတာတွေကြောင့် ‌ရွှေဈေးကွက်အတွင်း အရောင်းသာရှိပြီး အဝယ်ဈေးကွက် အေးနေတယ်လို့ ရွှေလုပ်ငန်းရှင်တွေက ပြောပါတယ်။

Photo: Original Uploader

Related posts

Leave a Comment

VOM News

FREE
VIEW