မြန်မာ့နိုင်ငံရေး အကျပ်အတည်း အရပ်သားတွေအပေါ် ဆိုးရွားစွာ သက်ရောက်နေကြောင်း ကုလအကြီးအကဲ သတိပေး

ကုလသမဂ္ဂ၊ ဖေဖော်ဝါရီ-၁-၂၀၂၄
မျိုးဆက်(VOM)

မြန်မာနိုင်ငံမှာ စစ်ရေးပဋိပက္ခတွေ အဆုံးသတ်ရေးနဲ့ ဒီမိုကရေစီစနစ်ပြန်လည်ထွန်းကားဖို့အတွက် နိုင်ငံတကာက အားထုတ်ကြိုးပမ်းကြဖို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံရေးဖြစ်စဉ် အပြောင်းအလဲဖြစ်ပွားပြီး သုံးနှစ်မြောက်ဖြစ်တဲ့ ဒီနေ့ ဖေဖော်ဝါရီ ၁ ရက်မှာ အခုလို တောင်းဆိုလိုက်တာဖြစ်ပြီး မြန်မာ့နိုင်ငံရေးအကျပ်အတည်းဟာ အရပ်သားတွေအပေါ် ဆိုးရွားစွာ သက်ရောက်နေတယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က သတိပေးထားပါတယ်။

ပြီးခဲ့တဲ့ သုံးနှစ်မတိုင်ခင်က အခြေအနေနဲ့ ဒီနေ့နှိုင်းယှဉ်မယ်ဆိုရင် မြန်မာပြည်သူ သုံးပုံတပုံ သို့မုဟုတ် လူဦးရေ ၁၈ ဒသမ ၆ သန်းဟာ လူသားချင်းစာနာမှုဆိုင်ရာ အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ ဂူတာရက်စ်က ထောက်ပြပြောဆိုပါတယ်။

ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေမှာ အကြမ်းဖက်မှုပုံစံအားလုံးကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ရှုံ့ချထားပြီး အရပ်သားတွေကို အကာအကွယ်ပေးဖို့နဲ့ ရန်လိုမှုတွေရပ်တန့်ဖို့ သူက တိုက်တွန်းထားပါတယ်။

အရပ်သားတွေကို ပစ်မှတ်ထား အကြမ်းဖက်တာနဲ့ နိုင်ငံရေးအရ ဖိနှိပ်တာတွေကို အဆုံးသတ်ရမှာဖြစ်ပြီး ကျူးလွန်သူတွေကို တာဝန်ခံမှုရှိစေရေး ထည့်သွင်းစဉ်းစားသင့်တယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဂူတာရက်စ်က ပြောပါတယ်။

Ref:NHK
Photo:AP

Related posts

Leave a Comment

VOM News

FREE
VIEW