တရုတ် အစိုးရကို လွှဲပြောင်းပေးလိုက်တဲ့ ငွေလိမ်ဂိုဏ်း ကိုးကန့်သူဌေးတွေကို အမိန့်မချရသေးဘဲ ဆက်လက်စစ်ဆေးနေ

 

ဖေဖော်ဝါရီ ၅၊ ၂၀၂၄

Shy V (VOM)

မြန်မာနိုင်ငံ ကနေ တရုတ် အစိုးရကို လွှဲပြောင်းပေးလိုက်တဲ့ ငွေလိမ် လုပ်ငန်းလုပ်ကိုင်တဲ့ ကိုးကန့် လုပ်ငန်းရှင် သူဌေးတွေကို လက်ရှိ တရုတ် တရားရုံးမှာ စစ်ဆေးနေဆဲ ဖြစ်ကြောင်း နယ်စပ်လုပ်ငန်းရှင်တွေနဲ့ ယူနန်ပြည်နယ်က တရုတ်နိုင်ငံသား တွေဆီက သိရပါတယ်။

ဦးပယ်ဆောက်ချိန်၊ ဦးပယ်ဆောက်ချိန်ရဲ့သား ပယ်ရင်ချန်၊ ဦးဝေစန်း၊ ဦးလျိုအားပေါက်၊ ရွှီလောက်ဖာ တို့ ၅ ယောက်ကို တရုတ်နိုင်ငံက သေမိန့်ချလိုက်ကြောင်းနဲ့ ကျန် တစ်ယောက်ကို ထောင်ဒဏ် ၂၅ နှစ် ချမှတ်လိုက်ကြောင်း သတင်းထွက်နေတာဟာ မမှန်ကန်ဘူးလို့ ဆိုပါတယ်။

“ဖမ်းသွားတာ ၆ ယောက်။ ဘာမှ အမှုတော့ မထွက်လာသေးပါဘူးနော်။ ဘာသံတွေ၊ ညာသံတွေ ဘာမှ မထွက်လာသေးဘူး။ အမှုမစစ်သေးဘူး။ မပြီးသေးဘူး။ ဟို အရင် ဖမ်းတဲ့လူတွေတောင် ဘာမှ အမှု မထွက်လာသေးဘူး။” လို့ တရုတ် နယ်စပ် လုပ်ငန်းရှင် တစ်ယောက်က ပြောပါတယ်။

“အခုချက်ချင်းတော့ မသတ်သေးပါဘူး။ သတ်ဖို့ မသတ်ဖို့က နောက်မှ။ သေဒဏ် ချဖို့ မချဖို့က အခု ပြစ်မှုတွေကို စစ်ဆေးရအုံးမယ်။ အခု တရားရုံးမှာပဲ ရှိသေးတယ်။ ဘယ်မှာ ဘယ်လို လုပ်ခဲ့သလဲဆိုတာ စစ်ဆေးပြီး တရားရုံးထိုင်ပြီးမှ ဆုံးဖြတ်ရမှာ။ တခါထဲ အဲလောက်တော့ မမြန်ပါဘူး။ တရုတ်လက်ထဲရောက်ရင်တော့ တရားဥပဒေနဲ့ အညီလုပ်တာ။ တရားရုံး ဝင်ပြီးမှ တရားရုံးက ဆုံးဖြတ်မှာ။” လို့ ယူနန်ပြည်နယ်၊ မံစီမြို့နယ်မှာ နေထိုင်တဲ့ တရုတ်နိုင်ငံသား တစ်ဦးက ပြောပြပါတယ်။

တရုတ်နိုင်ငံအနေနဲ့ သေဒဏ် ကွပ်မျက်မယ်ဆိုရင်လည်း ၆၂၆ ဆိုတဲ့ ကမ္ဘာ့မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့မှာမှ ဘယ်ပြစ်မှုမျိုးမဆို သေဒဏ် ကွပ်မျက်တာမျိုးရှိကာ တနှစ်မှ တခါ သေမိန့် ကွပ်မျက်တာမျိုး လုပ်တယ်လို့ သူက ပြောပါတယ်။

“၆ လပိုင်း ၂၆ ရက်နေ့ အဲဒီနေ့မှာမှ ကွပ်မျက် စီရင်မှာ။ တရားဝင်ဆုံးဖြတ်လည်း အဲဒီနေ့မှ ဆုံးဖြတ်မှာ။ အချိန်မရွေး အခါမရွေးတော့ မဟုတ်ဘူး။ အခု တစ်ယောက်ပြီး တစ်ယောက် စစ်ဆေး၊ အခု ဖမ်းထားတဲ့လူတွေကိုလည်း တစ်ယောက်ချင်းစီ စစ်ဆေး၊ ဘယ်သူတွေ ပါသေးလဲဆိုတာ အသေးစိတ် ပြန်ထွက်လာမှာ။ အရင် အစက လူတွေကို ဖမ်းမိလို့ အခုဖမ်းထားတဲ့ လူတွေ ပြန်ထွက်လာတာ။ အခု ဒီကောင်တွေကို ပြန်ဖမ်းလာတော့ ဘယ်သူတွေ ပြန်ထွက်လာမလဲ ဆိုတာ မသိသေးဘူး။ သူတို့ (တရုတ်ဘက်က သက်ဆိုင်ရာတွေ) ပြောတာ ကျာဖြန် (အွန်လိုင်းငွေလိမ်လည်) ခေါင်းဆောင်လို့တော့ ပြောနေတယ်။ ဘယ်သူက အဓိက ခေါင်းဆောင်လဲဆိုတာ မသိဘူး။ မြန်မာဘက် ပိုဆိုးတဲ့ ခေါင်းဆောင်တွေလည်း ရှိအုံးမယ်ထင်တယ်။” လို့ သူက ရှင်းပြပါတယ်။

မြန်မာနိုင်ငံ မြောက်ပိုင်းက တရုတ်အလိုရှိနေတဲ့ အွန်လိုင်းငွေလိမ်လည်တဲ့ လုပ်ငန်းလုပ်ကိုင်တဲ့ ခေါင်းဆောင်တွေလို့ သံသယရှိသူ ပယ်ဆောက်ချိန်၊ ဘယ်ရင်ချန်၊ ဝေ့ဟိုင်ရန်၊ လျိုကျန့်ရှန်၊ လျိုကျန့်မောက်၊ ရွှီလောက်ဖာ တို့ ၆ ယောက်ကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၀ ရက်နေ့ညက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က နေပြည်တော်မှာ တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးအဖွဲ့ကို လွှဲပြောင်းပေးခဲ့ရာ တရုတ်ဘက်က ယူနန်ပြည်နယ်၊ ကူမင်းမြို့ရှိ ချံရှူးလေဆိပ်ကနေ စင်းလုံးငှား လေယာဉ်နဲ့ ခေါ်ဆောင်သွားတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့ကလည်း တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံက ဖမ်းဝရမ်းထုတ်ထားတဲ့ မြီရှောက်ခန်း အပါအဝင် မိသားစု ၄ ယောက်ထဲက ၃ ယောက်ကို ဖမ်းဆီးရမိခဲ့ပြီး တရုတ်နိုင်ငံကို လွှဲပြောင်းခဲ့ပြီး မြီရှောက်ချန်းကတော့ ဖမ်းဆီးစဉ် သူ့ကိုယ်သူ့ သေနတ်နဲ့ ပစ်ခတ်ခဲ့လို့ ဆေးရုံမှာ သေဆုံးခဲ့ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့မှာလည်း တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် လင်ချန်းခရိုင်မှာ ပြုလုပ်ခဲ့တဲ့ ကုန်စည်ပြပွဲ တက်ရောက်ခဲ့တဲ့ ကိုးကန့်လုပ်ငန်းရှင် ၁၁ ဦးကို အွန်လိုင်းငွေလိမ်လည်မှု နဲ့ ဆက်စပ်နိုင်တယ်လို့ဆိုကာ တရုတ်ဘက်က ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

Photo Crd# Original Uploader

 

Related posts

Leave a Comment

VOM News

FREE
VIEW