ဒေါ်လာဈေးကြောင့် နိုင်ငံခြားဖြစ်ဆေးဝါးတွေ သုံးဆနီးပါး ဈေးမြင့်တက်လာ

ဖေဖော်ဝါရီ ၅ – ၂၀၂၄
SN (VOM)

ပြည်ပကတင်သွင်းရတဲ့ နိုင်ငံခြားဖြစ် ဆေးဝါးတွေဟာ ဒေါ်လာငွေလဲနှုန်းကြောင့် သုံးဆနီးပါး ဈေးမြင့်လာတယ်လို့ ဈေးကွက်အတွင်းက သိရပါတယ်။

မြန်မာ့ဆေးဝါးဈေးကွက်မှာ ၈၀ ရာခိုင်နှုန်းကျော်ကို ပြည်ပနိုင်ငံတွေဆီက တင်သွင်းနေခြင်းဖြစ်ပြီး ကျန်ရှိတဲ့ ၂၀ ရာခိုင်နှုန်းကို ပြည်တွင်းမှာ ထုတ်လုပ်နေတာဖြစ်ပါတယ်။

“ပြီးခဲ့တဲ့နှစ် မိုးတွင်းလောက်က စပြီး အိမ်သုံးဆေးဝါးတွေ တဖြည်းဖြည်း ပြတ်လာတယ်။ နာတာရှည်ရောဂါသမားတွေ စွဲသောက်နေရတဲ့ အကိုက်အခဲပျောက်ဆေးတွေ၊ ဆီးချိုဆေး တချို့တွေက ဈေးတွေ အရမ်းတက်သွားတယ်။ အဲဒီလိုဈေးတက်လို့ ပစ္စည်းစုံ ဝယ်လို့ရတယ်လို့မထင်နဲ့။ ဝယ်မရတဲ့ ဆေးပစ္စည်းတွေမှ အများကြီးပဲ။ ဝယ်မရတဲ့ဆေးတွေကို တခြား အာနိသင်တူတဲ့ ဆေးတွေ ပြောင်းပြီး ရောင်းနေရတယ်။ အရင်က ဆေးရောင်းစားတာ အရမ်းမြတ်တယ်၊ စီးပွားဖြစ်တယ်။ ဒါပေမယ့် အခုကာလမှာတော့ အရင်အချိန်နဲ့ပြောင်းပြန် ဖြစ်သွားပြီ” လို့ မြောက်ဒဂုံမြို့နယ်က ဆေးဆိုင်ပိုင်ရှင်တယောက်က ပြောပါတယ်။

လက်ရှိမှာ နိုင်ငံခြားဆေးဝါး ရောင်းချတဲ့ ဆေးဆိုင်တွေမှာ အိမ်သုံးဆေးဝါးတချို့နဲ့ နာတာရှည်ရောဂါဆေးဝါး၊ ကလေးသူငယ်တွေအတွက် ဆေးဝါးတွေ ပြတ်လပ်နေပြီး ဈေးနှုန်းတွေ မြင့်တက်နေတာ ဖြစ်ပါတယ်။

“ကလေးအတွက် အားဆေးသွားဝယ်တာ Cyprocal အားဆေးက ပြီးခဲ့တဲ့ ဒီဇင်ဘာလ အစက ဝယ်တုန်းက ၃၂၀၀ ပဲရှိတယ်။ ဇန်နဝါရီလလည်းကျရော ၅၉၀၀ ဖြစ်သွားတယ်။ တလပဲရှိသေးတယ်၊ ဈေးကအရမ်းကွာသွားတာ။ အားဆေးကလည်း မတိုက်ရင်မရတော့ စွဲတိုက်နေရတာပေါ့။ ဆရာဝန်ကိုယ်တိုင်က ဒီဆေးပဲညွှန်းထားလို့သာ တိုက်နေရတာ။ သွေးတိုးအတွက် စွဲသောက်နေရတဲ့ Adipin – 5 ဈေးကလည်း အရင်က ၇၀၀ ၊ အခု ၁၀၀၀ ဖြစ်သွားပြီ။ ဈေးဆိုင်ကတော့ ပစ္စည်း ပြတ်နေလို့ လက်ကျန်လေး ထိန်းရောင်းနေရတာမို့ပါလို့ ပြောတယ်။ Moxitam – 250 ဝယ်တော့လည်း မရှိလို့တဲ့ တခြား အာနိသင်တူတဲ့ ဆေးဆိုပြီး Amyn – 250 ပေးလိုက်တယ်” လို့ မြောက်ဥက္ကလာပမြို့မှာ နေထိုင်သူတယောက်က ပြောပါတယ်။

အကိုက်အခဲ ဒူးနာပျောက်ဆေး တကတ်ကို အရင်က ကျပ် ၁၀၀၀ ရှိရာက အခုအခါမှာတော့ ကျပ် ၂၈၀၀ မှ ၃၀၀၀ ဝန်းကျင်၊ ကလေးဖျားနာကိုက်ခဲအတွက် တိုက်ရတဲ့ ပါရာစီတမော့ ပါဝင်တဲ့ ဆေးအရည်တွေက အရင် ကျပ် ၂၀၀၀ လောက်ကနေ ကျပ် ၅၀၀၀၊ ၆၀၀၀ ဝန်းကျင်အထိ ရှိနေပြီး တံဆိပ်မတူ အာနိသင်တူ ဆေးတွေသာ ဝယ်ယူ ရရှိနေတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ လူဦးရေ သန်း ၅၀ ကျော်ရှိတဲ့အနက် နှစ်သန်းကျော်ဟာ နာတာရှည်ရောဂါရှိသူတွေဖြစ်ပြီး ဆေးဝါး ပုံမှန်သောက်သုံးမှသာ ရောဂါအခြေနေကို ထိန်းထားနိုင်တဲ့အတွက် ဈေးနှုန်းမြင့်တက်နေပေမယ့်လည်း ဝယ်သောက်နေကြရခြင်းဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာ ရင်ကြပ်ပန်းနာအတွက် ဂေါက်ရူဆေးတွေ၊ ဆီးချိုရောဂါသည်တွေ သောက်သုံးတဲ့ ဆေးဝါးတွေ၊ အဆုတ်ရောဂါအတွက် သုံးတဲ့ ပိုးသတ်ဆေးတွေ၊ မျက်စင်းဆေးတွေနဲ့ ဈေးကြီးတဲ့ တခြားနိုင်ငံခြားဖြစ် ဆေးဝါးတချို့မှာလည်း ပစ္စည်းပြတ်လပ်နေတယ်လို့ သိရပါတယ်။

အရင်က လက်လီဈေးကွက်အတွင်း ဆီးချို၊ သွေးတိုး ရောဂါဆေးတွေဟာ အမျိုးအစားပေါ် မူတည်ပြီး ကျပ် ၃၀၀၀ ဝန်းကျင် ရှိခဲ့တာမှာ လက်ရှိမှာတော့ ၉၀၀၀ ကျပ် နီးပါး ရောက်ရှိနေသလို အရင်က ကျပ် တသောင်းဝန်းကျင်ရှိခဲ့တဲ့ နှလုံးရောဂါ သောက်ဆေးဟာလည်း လက်ရှိမှာ ကျပ် သုံးသောင်းကျော်အထိ မြင့်တက် ရောက်ရှိနေတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံအနေနဲ့ နိုင်ငံခြားဖြစ်ဆေးဝါးတွေကို တရုတ်၊ အိန္ဒိယ၊ ပါကစ္စတန်နဲ့ ထိုင်းနိုင်ငံတို့မှ အများဆုံး တင်သွင်းနေခြင်းဖြစ်တယ်လို့ သိရပါတယ်။

အမေရိကန်ဒေါ်လာဈေးဟာ ဈေးကွက်အတွင်း ငွေလဲနှုန်းတွေ တည်ငြိမ်အောင်၊ ကျဆင်းလာအောင် သက်ဆိုင်ရာတာဝန်ရှိသူတွေ ဘယ်လိုပဲ ထိန်းသိမ်းဆောင်ရွက်နေတယ်လို ပြောဆိုနေကြပေမယ့်လည်း တဒေါ်လာ ၃၅၀၀ ကျော်ဝန်းကျင်ကို မကြာခဏဆိုသလို မြင့်တက် ရောက်ရှိနေတာဖြစ်ပြီး ဒီကနေ့ ဖေဖော်ဝါရီ ၅ ရက်၊ နေ့လယ်ပိုင်းမှာတော့ တဒေါ်လာ ၃၅၂၅ ကျပ်ဝန်းကျင်ဈေး ဖြစ်ပေါ်နေပါတယ်။

လွန်ခဲ့တဲ့ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်က အမေရိကန်ဒေါ်လာဈေးဟာ တဒေါ်လာ ၁၃၃၅ ကျပ်သာ ရှိခဲ့တာဖြစ်ပြီး သုံးနှစ်အတွင်း ကျပ် ၂၀၀၀ ကျော် မြင့်တက်လာတာ ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ်နောက်ပိုင်း ဒေါ်လာဈေးနှုန်းတွေ အဆမတန်မြင့်တက်လာပြီး မြန်မာငွေဈေး ကျဆင်းလာလို့ နိုင်ငံခြားကနေ တင်သွင်းရတဲ့ အိမ်သုံးဆေးဝါးတွေဟာ ဈေးနှုန်း တဖြည်းဖြည်း မြင့်တက်လာတာဖြစ်တယ်လို့ ဈေးကွက်ကျွမ်းကျင်သူတွေက ပြောပါတယ်။

Photo: Original Uploader

Related posts

Leave a Comment

VOM News

FREE
VIEW