မလှိုင်မြို့နယ်မှာ ဒီနေ့ တရက်တည်း ငါးလောင်းပြိုင် လူသတ်မှုဖြစ်ပွား ၊ ဘုန်းကြီးတပါး အပါအဝင်ငါးယောက်သေဆုံး

ဖေဖော်ဝါရီ ၊ ၅ ၊ ၂၀၂၄
SP (VOM)

မန္တလေးတိုင်း ၊ မိတ္ထီလာခရိုင် ၊ မလှိုင်မြို့နယ်မှာ ဒီကနေ့ မနက်ပိုင်းက ကျောင်းထိုင်ဘုန်းကြီး အပါအဝင် လူငါးယောက် ပစ်သတ်ခံရတယ်လို့ မလှိုင်ဒေသခံတွေဆီက သိရပါတယ်။

အဲ့ဒီ အကြောင်းနဲ့ ပတ်သက်ပြီး ဒေသခံတယောက်က ” မလှိုင်မြို့နယ်နဲ့ နွားထိုးကြီးမြို့နယ် အစပ်မှာရှိတဲ့ သရက်ကန် (တောင်)ရွာမှာ ဒီကနေ့ မနက် ၅ နာရီဝန်းကျင်က သရက်ကန်ရွာ ဘုန်းကြီးကျောင်း ၊ ကျောင်းထိုင်ဆရာတော်နဲ့ ကပ္ပိယ အမျိုးသားတယောက် ပစ်သတ်ခံရတယ် ၊ ဘုန်းကြီးရဲ့ ရုပ်အလောင်းကို ရေချိုးခန်းထဲက တွေ့ရတယ် ၊ ကပ္ပိယကျောင်းစောင့် အမျိုးသားရဲ့ ရုပ်အလောင်းကို သိမ်ကျောင်း တံခါးကြားကတွေ့ရတယ် ၊ နောက်ပြီး သရက်ကန် (တောင်) ကျေးရွာမှာနေတဲ့ ရွာခွဲတာဝန်ခံ ဥက္ကဌ ဦးစိန်မြင့်အောင်ရဲ့ နေအိမ်ကို ဝင်ရောက် ပစ်ခတ်မှုတွေဖြစ်လို့ အိမ်ရှင် မိသားစုက ထွက်ပြေးလွတ်မြောက်သွားပေမယ့် အိမ်မှာကျန်ခဲ့တဲ့ ဆိုင်ကယ် နှစ်စီးနဲ့ ပိုက်ဆံ သိန်း ၂၀ ကျော် ပါသွားတယ် “လို့ ပြောပါတယ်။

ဒါ့အပြင် ဒီကနေ့ မနက် အစောပိုင်းက မလှိုင်မြို့နယ်နဲ့ ဝမ်းတွင်းမြို့နယ် အစပ်ကြားမှာရှိတဲ့ မြင်းဦးလှည့်ကျေးရွာဘက်မှာလည်း အမျိုးသား နှစ်ယောက်နဲ့ အမျိုးသမီး တယောက် ပစ်သတ်ခံရတယ်လို့ သိရပါတယ်။

အဲ့ဒါကြောင့် ဒီကနေ့ တရက်တည်းမှာ မလှိုင်မြို့နယ်မှာ လူငါးယောက်အသတ်ခံရတယ်လို့ သိရပါတယ်။

အဲ့ဒီဖြစ်စဥ်နဲ့ ပတ်သက်လို့ မန္တလေးတိုင်း လုံခြုံရေးအဖွဲ့နဲ့ မိတ္ထီလာခရိုင် လုံခြုံရေးအဖွဲ့ဆီ VOM က ဆက်သွယ်ခဲ့ပေမယ့် အခုထိတော့ ဆက်သွယ် မရသေးပါဘူး။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၃ ရက် ၊ မနက် ၁၀ နာရီဝန်းကျင်က ငါန်းဇွန် မြို့နယ်၊ ကျင်းသာကျေးရွာ ၊ အခြေခံ ပညာမူလတန်းကျောင်း (ကျင်းသာ)မှာ တာဝန်ထမ်းဆောင်နေတဲ့ မူလတန်းပြဆရာမ ဒေါ်ချိုချိုမာ (၄၆) နှစ် နဲ့ လက်ပံကားယားကျေးရွာကနေ ပန်းရံလာလုပ်တဲ့ ဦးကျော်စိုးမိုး (၃၂) နှစ် ဆိုသူ နှစ်ယောက် ပစ်သတ်ခံရတယ်လို့ သိရပါတယ်။

အဲ့ဒိ အပြင် မန္တလေးတိုင်း ၊ ကျောက်ဆည်မြို့နယ် ၊ ရေကြည်ကျေးရွာမှာနေတဲ့ ဦးအောင်ဇော် (၅၃) နှစ်ဆိုသူလည်း ဖေဖော်ဝါရီ ၂ ရက်နေ့ ၊ ညနေ ၆ နာရီ ဝန်းကျင်က သူ့ရဲ့နေအိမ်ထဲမှာပဲ အသတ်ခံရတယ်လို့ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW