အပြိုင်အဆိုင် စစ်သားစုဆောင်းနေတာဟာ တိုင်းပြည်အတွက်စိုးရိမ်စရာ

အပြိုင်အဆိုင် စစ်သားစုဆောင်းနေတာဟာ တိုင်းပြည်အတွက်စိုးရိမ်စရာ

ဖေဖော်ဝါရီ ၇၊ ၂၀၂၄

GG+Shv(VOM)

လွတ်လပ်ရေးရဲ့ ဖွားဖက်တော်လို့ ဆိုရမယ့် ပြည်တွင်းစစ်ဟာ နှစ်ပေါင်း ၇၀ ကျော် ၈၀နီးနီး သက်တမ်းရှိပေမယ့် မအိုသေးဘဲ မီးခဲပြာဖုံးချိန်ခဏ ငြိမ်သလိုရှိပြီး ခုကာလမှာ အရှိန်ပြင်းပြင်းနဲ့ ပြန်လည်တောက်လောင်နေပါတယ်။

မိမိတို့ရပိုင်ခွင့်ေတွ အပြည့်အဝ မရသေးလို့ဆိုပြီး အစိုးရအဆက်ဆက်ကို တော်လှန်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကလည်း ဒီနှစ်ပိုင်းတွေမှာ စစ်အင်အားဖြည့်တင်းတဲ့အနေနဲ့ စစ်သားစုဆောင်းကြသလို နစကဖက်ကလည်း အရံအင်အားအနေနဲ့ ပြည်သူ့စစ်ဆိုတာတွေ ဖွဲ့စည်းပေးပြီး လက်နက်တပ်ဆင်ပေးတာတွေ တွေ့လာရပါတယ်။

အပြိုင်အဆိုင် စစ်သားစုဆောင်းနေတာဟာ တိုင်းပြည်အတွက်စိုးရိမ်စရာ

ရှမ်းပြည်နယ် မြောက်ပိုင်းမှာတော့ တိုင်းရင်းသား လက်နက်ကိုင်တွေ ဖြစ်တဲ့ TNLA, KIA နဲ့ SSPP/SSA အဖွဲ့ တွေက ကိုယ့်လူမျိုး အလိုက် စစ်သားစုဆောင်းနေတာတွေ ရှိလာပြီး MNDAA အဖွဲ့ကတော့ ကိုးကန့် လူမျိုးအပြင် အခြားတိုင်းရင်းသား လူမျိုးတွေထဲကလည်း စစ်သားစုဆောင်းတာ ရှိပါတယ်။

သူတို့ သိမ်းထားတဲ့ ဒေသတွေမှာ ရှိတဲ့ မူးယစ်ဆေးဝါး သုံးစွဲသူတွေကိုပါ ဖမ်းဆီးပြီး စစ်သင်တန်း ပေးဖို့ ရှိတဲ့အကြောင်း မုန်းပေါ်ဒေသ ရောက်နေတဲ့ MNDAA အရာရှိ တစ်ဦးက ပြောပါတယ်။

“နမ္မတူမှာလည်း စစ်သား စုဆောင်းလို့ အိမ် ပြန်လို့ မရဘူး။ တရုတ်ဘက်က အလုပ်ပိတ်ရင်လည်း အိမ်ပြန်ဖို့ အဆင် မပြေဘူး။ မူဆယ်မှပဲ အခန်း ခဏငှားနေပြီး အလုပ်ဖွင့်ရင် ပြန်ဝင်မယ်” လို့ လူငယ် တစ်ဦးက ပြောပါတယ်။

TNLA အဖွဲ့ကလည်း သူတို့ထိမ်းချုပ်နယ်မြေတွင်းမှာ စစ်မှုထမ်းဥပဒေကို ဖေဖော်ဝါရီ ၄ ရက်နေ့က တရားဝင်ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါတယ်။

ရှမ်းပြည်နယ် တောင်ပိုင်းမှာလည်း စစ်သားစုဆောင်းမှုတွေ ရှိနေပြီး စစ်သင်တန်းတွေ ပေးနေတာ နေရာအများအပြားရှိလာတယ် လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

“ဘယ်နေရာ သင်တန်းပေးလဲဆို တော်တော် များများကို ဖြစ်နေတာ။ ရေ တောင် မရေ နိုင်ဘူး။ ဒီ ပအို့ဝ်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ‌ တွေမှာရော ပအို့ဝ်ကိုယ်ပိုင် အုပ်ချုပ်ခွင့် မရလည်း သူတို့ လူမျိုး အများဆုံး ရှိတဲ့ နေရာမှာရော အများကြီးပဲ။” လို့ သူက ပြောပါတယ်။

ပဲခူးတိုင်း အပါအဝင် တိုင်းနဲ့ပြည်နယ်အချို့မှာ ရပ်ကွက် ၊ကျေးရွာတွေကနေ ပြည်သူစစ်ဖွဲ့ဖို့ လူကောက်ခံမှုတွေ ပြုလုပ်နေသလို စစ်သင်တန်းပို့ချပြီးတဲ့တပ်သားတွေကိုတော့ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေအဖြစ် လက်နက်တွေတပ်ဆင်ပေးနေပြီဖြစ်တယ်လို့သိရပါတယ်။

ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ ပဲခူးအနောက်ခြမ်း ပြည်မြို့ နယ်မြေခံတပ်ရင်းမှာ ပဲခူးအနောက်ခြမ်းက ပြည်သူ့စစ်(ဌာနေ ) တပ်ဖွဲ့ဝင်တွေကို လက်နက်တပ်ဆင် အပ်နှင်းပွဲကို တိုင်းဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းကိုယ်တိုင်တက်ရောက်ပြီး ပေးအပ်ခဲ့တယ်လို့ နစက က တရားဝင် သတင်းထုတ်ပြန်လာပါတယ်။

ပြည်သူ့စစ်တွေကို လက်ရှိ ပြည်ခရိုင်ထဲက ရစစ်ဆေးရေးဂိတ်အချို့မှာ တာဝန်တွေ စတင်ပေးအပ်ထားသလို ကျေးရွာအချို့မှာလည်း စစ်ဆေးရေး ကာကွယ်ရေးတာဝန်တွေ ပေးအပ်နေပြီဖြစ်တယ်လို့သိရပါတယ်။

” အရင်စတာ ကျနော်တို့ ပဲခူးတိုင်းကစတာပေါ့။ ရွာတွေမှာ မဲနိူက်ရတာတွေရှိတယ် ၊မဲနိူက်လို့ မဲပေါက်ပြီးမလိုက်ချင်ရင် လိုက်ချင်တဲ့လူငှားထည့်ဖို့ ပိုက်ဆံပေးရတယ်။ မလိုက်ချင်တဲ့သူကများပါတယ်။ လိုက်ချင်သူက လက်ချိုးရေလို့ရပါတယ်။ ခုကာလ မိသားစုစားသောက်ဖို့တောင် မနည်းရှာနေရတာ ဒီပြည်သူ့စစ်ထဲလိုက်ရင် မိသားစုဘာနဲ့ကျွေးမလဲ။ ကျနော်တို့တောင်သူတွေ လောက်လေးခွတောင်မှန်အောင်ကိုင်တတ်တာမဟုတ်ဘူး။ ဒီသေနတ်ကြီးတွေနဲ့ ဘယ်လိုလုပ်မလဲ ၊ သေနတ်ကိုင်ပြီဆိုတာနဲ့ pdf တွေကလည်း လစ်ရင်လစ်သလို လာတိုက်တာခံရအုံးမယ်။ ကျနော်တို့ကိုယ့်ဘာသာ အေးအေးဆေးဆေးလုပ်ကိုင်စားသောက်ပါရစေလို့ ပြောချင်ပါတယ်။ ” လို့ ပဲခူးတိုင်း ဒေသခံပြည်သူတစ်ဦးကပြောပါတယ်။

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့ မြို့နယ်ခန်းမမှာ ဖေဖော်ဝါရီ ၆ မနက် ၁၁ နာရီက အခြေခံစစ်ပညာ သင်တန်း အမှတ်စဉ် (၁/၂၀၂၄) သင်တန်းဆင်း ပြည်သူ့စစ် (ဌာနေ) တွေကို ဆန်ရိက္ခာများ ထောက်ပံ့ပေးအပ်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း ေဒသတွင်း ပြန်ကြားရေးဌာန IPRD က သတင်းထုတ်ပြန်ချက် အရ သိရပါတယ်။

အလားတူ ဧရာဝတီတိုင်း ၊ မန္တလေးတိုင်းထဲက ကျေးရွာအချို့မှာလည်း ပြည်သူ့စစ်ဖွဲ့ဖို့အတွက် တပ်သားစုတာ ၊ ပြည်သူ့စစ် သင်တန်းဆင်းတာတွေ ဒီရက်ပိုင်းတွေမှာ တွေ့လာရပါတယ်။

ပြည်သူ့စစ်ဆိုတာ အရင်ကတည်းက မူဆယ်ဝန်းကျင်မှာ ပန်းဆေး ပြည်သူ့စစ် ၊ လောက်ကိုင် ပြည်သူ့စစ် ၊ ကွတ်ခိုင်ပြည်သူ့စစ်ဆိုတာ ရှိခဲ့သလို ကချင်ပြည်နယ် ဝါရဇွပ်ဘက်မှာလည်း ပြည်သူ့စစ်တွေ ရှိခဲ့ပါတယ်။ နစက အာဏာရယူပြီးနောက်မှာတော့ စစ်ကိုင်းတိုင်း ကန့်ဘလူနယ်မှာ ၅၅၀ ဆရာတော်ဦးဆောင်တဲ့ ပြည်သူ့စစ်ဟာလည်း သောင်းချီအင်အားရှိလာသလို မင်းကင်းနယ် ပန်းဆက်ပြည်သူ့စစ်ဟာလည်း အားကောင်းနေဆဲဖြစ်ပါတယ်။

ခုလိုအခြေအနေဖြစ်လာတာဟာ ကောင်းတဲ့လက္ခဏာ မဟုတ်ဘူးလို့ ငြိမ်းချမ်းရေးလိုလားသူတွေကပြောကြပါတယ်။ လက်ရှိအခြေအနေမှာလက်နက်ကိုင်တွေ အများစုက စစ်သားစုဆောင်းတာတွေ ပြုလုပ်လာတာကြောင့် ပြည်သူအများစုက မကြာခင်မှာ လက်နက်ကိုင်တွေ အချင်းချင်း တိုက်ပွဲတွေ ပြန်လည် ပြင်းထန်လာမှာကို စိုးရိမ်နေကြပါတယ်။

Photo Crd # channel Taunggyi နှင့် သတင်းမှန်ပြန်ကြားရေး

Related posts

Leave a Comment

VOM News

FREE
VIEW