ရိုဟင်ဂျာဒုက္ခသည်တွေကို နိုင်ငံထဲ နောက်ထပ်ဝင်ခွင့်မပေးတော့ဘူးလို့ ဘင်္ဂလားဒေ့ရှ်ပြော

 

ဒါကာ ၊ ဖေဖော်ဝါရီ-၈-၂၀၂၄

မျိုးဆက်(VOM)

မြန်မာနိုင်ငံက နောက်ထပ် ရိုဟင်ဂျာဒုက္ခသည်တွေကို လက်မခံနိုင်တော့ဘူးလို့ ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူတွေက ပြောပါတယ်။

လက်ရှိမှာတော့ ၂၀၁၇ ခုနှစ်အတွင်း မြန်မာနိုင်ငံ ထွက်ပြေးလာတဲ့ ဒုက္ခသည် တသန်းနီးပါးဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားမှာ ခိုလှုံနေကြပါတယ်။

“ ဘယ်ရိုဟင်ဂျာကိုမှ နိုင်ငံထဲကို နောက်ထပ်ဝင်ခွင့်မပြုတော့ဘူး။ သူတို့က မိမိတို့အတွက် ဝန်ထုတ်ဝန်ပိုးဖြစ်နေပြီ။ နိုင်ငံတကာ အကူအညီတွေ သိသိသာသာ လျော့သွားတာကြောင့် သူတို့ကို ဘယ်လောက်ကြာအောင် ထောက်ပံ့ပေးနိုင်မလဲ မသေချာဘူး” လို့ အစိုးရအဖွဲ့ ဝန်ကြီးတဦးဖြစ်သူ အိုဘိုင်ဒူကွာဒါက ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ အေအေနဲ့ စနကတပ်တို့အကြား တိုက်ပွဲတွေပြင်းထန်နေတာကြောင့် ရိုဟင်ဂျာတွေအပါအဝင် ရာနဲ့ချီတဲ့ ဒုက္ခသည်တွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို ဝင်ရောက်ဖို့ မြန်မာနယ်စပ်မှာ စုဝေးနေကြတယ်လို့ ဘင်္ဂလားဒေ့ရှ်အခြေစိုက် ဒုက္ခသည် ကယ်ဆယ်ရေးနဲ့ နေရပ်ပြန်ပို့ရေး ကော်မရှင်နာ မိုဟာမက် မီဇာနာရာမန်က ပြောပါတယ်။

“ဘင်္ဂလားဒေ့ရှ်မှာ ရိုဟင်ဂျာမွတ်ဆလင်တွေကို လက်ခံထားတာဟာ ကျွန်တော်တို့ရဲ့ လုံခြုံရေး တရားဥပဒေစိုးမိုးရေးကို ခြိမ်းခြောက်မှုဖြစ်ပေါ်နေပြီး နယ်စပ်ဖြတ်ကျော်မှုခင်းတွေလည်း တိုးပွားလာနေပါတယ်” လို့ သူကပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ဒဏ်ရာရသူတွေအပါအဝင် မြန်မာနယ်ခြားစောင့်တပ်မှ တပ်ဖွဲ့ဝင် ၃၂၇ ဦးထက်မနည်းဟာ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးလာကြတယ်လို့ နယ်ခြားစောင့်တပ် ပြောရေးဆိုခွင့်ရှိသူ ရှာရီဖူအစ္စလမ်က ပြောပါတယ်။`

မြန်မာ့အရေး ပဋိပက္ခက ဘင်္ဂလားဒေ့ရှ်ကို မထိခိုက်စေရေး သေချာစေဖို့ ဘင်္ဂလားဒေ့ရှ်ဟာ အိန္ဒိယ၊ တရုတ်တို့နဲ့ ဆွေးနွေးနေတယ်လို့ သိရပါတယ်။

Ref: Straits Times

Photo: Reuters

Related posts

Leave a Comment

VOM News

FREE
VIEW