ဆေးဝါး၊ စားသောက်ကုန် ဈေးနှုန်းတွေကြား ပျောက်ကွယ်နေဆဲ ပြည်သူ့မျှော်လင့်ချက်

 

ဖေဖော်ဝါရီ-၈-၂၀၂၄

SN (VOM)

“ဒီဆေးတွေမရဘူး ပစ္စည်းပြတ်နေတယ်” ဆိုတဲ့ ဆေးဆိုင်ပိုင်ရှင်ဆီက စကားကြောင့် ဒေါ်လှခင်တယောက် အလွန်စိတ်ညစ်သွားပါတယ်။

နှစ်ရှည်လများ ဆီးချိုရောဂါ ခံစားနေရတဲ့ ဒေါ်လှခင်အနေနဲ့ ပုံမှန်သောက်နေကျ ဆေးတွေ ပစ္စည်းပြတ်တာကြောင့် ဝယ်လို့မရတဲ့ အခြေအနေအပြင် ဝယ်လို့ရတဲ့ ဆေးတွေကျပြန်တော့လည်း ဈေးသုံးဆနီးပါး တက်သွားတဲ့အတွက် အခက်ကြုံနေရတာ ဖြစ်ပါတယ်။ သူမဟာ အားဆေးအပါအဝင် သွေးညှိဆေး၊ ဆီးချိုထိန်းဆေး စတဲ့ ဆေးဝါးငါးမျိုးကို မနက်၊ နေ့လယ်၊ ည သုံးကြိမ် နေ့စဉ် သောက်သုံးနေရသူတဦး ဖြစ်ပါတယ်။ သူမ သောက်နေကျဆေးတွေဟာ လက်ရှိမှာ ဈေးတက်တဲ့ဆေးက ဈေးတက်၊ ဝယ်မရတဲ့ဆေးက မရ ဖြစ်နေတယ်လို့ ပြောပါတယ်။

အရင်က လက်လီဈေးကွက်အတွင်း ဆီးချို၊ သွေးတိုး ရောဂါဆေးတွေဟာ အမျိုးအစားပေါ် မူတည်ပြီး ကျပ် ၃၀၀၀ ဝန်းကျင် ရှိခဲ့တာမှာ လက်ရှိမှာတော့ ၉၀၀၀ ကျပ်နီးပါး ရောက်ရှိနေသလို အရင်က ကျပ် တသောင်းဝန်းကျင်ရှိခဲ့တဲ့ နှလုံးရောဂါ သောက်ဆေးဟာလည်း လက်ရှိမှာ ကျပ် သုံးသောင်းကျော်အထိ မြင့်တက် ရောက်ရှိနေတယ်လို့ သိရပါတယ်။

“ဆေးတွေက အရင်လို ဆိုင်တဆိုင်တည်းမှာ ဝယ်လို့မရတော့ဘူး။ ဝယ်လို့ရတဲ့ဆိုင်ကျပြန်တော့လည်း ဈေးကတက်သွားတယ်။ ပုံမှန်ဆေးတကတ် ၁၅၀၀ တန်လောက်ကို ပစ္စည်းပြတ်ရင် ၃၀၀၀ ကျော်၊ ၄၀၀၀ နီးပါးလောက် ဖြစ်သွားရော” လို့ ဒေါ်လှခင်က ခပ်ညည်းညည်း‌လေး ပြောရှာပါတယ်။

မြောက်ဒဂုံမြို့နယ်၊ (၄၅) ရပ်ကွက်မှာ နေထိုင်သူတယောက်ဖြစ်တဲ့ ဒေါ်လှခင်လိုပဲ ဆေးဆိုင်တွေမှာ အိမ်သုံးဆေးဝါးတွေအပြင် ဆေးပစ္စည်းတွေပါ ဈေးတက်လို့ ညည်းညူနေကြတဲ့ ပြည်သူတွေအများကြီး ရှိနေပါသေးတယ်။

လက်ရှိမှာ ဆေးနဲ့ဆေးပစ္စည်း တင်သွင်းခွင့် ပါမစ်တွေကို အရင်လို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနကို တိုက်ရိုက် တင်ပြရတာမျိုး မဟုတ်တော့ဘဲ အဆင့်ဆင့် တင်ပြဆောင်ရွက်ရတာ ဖြစ်ပါတယ်။ ကုမ္ပဏီတွေအနေနဲ့ ဆေးဝါးနဲ့ ဆေးပစ္စည်းတွေ သွင်းကုန်လိုင်စင် လျှောက်ထားရာ မှာ မြန်မာနိုင်ငံ ဆေးနှင့်ဆေးပစ္စည်း လုပ်ငန်းရှင်များအသင်းကတဆင့် ကျန်းမာရေးဝန်ကြီးဌာနကိုတင်ပြရပြီး အဲ့ဒီ့ဌာနက စိစစ် လိုက်တဲ့ ကုမ္ပဏီတွေကို နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီထံ တင်ပြရပါတယ်။ စိစစ်ချက်တွေကို စီးပွား/ကူးသန်း ဝန်ကြီးဌာနက သွင်းကုန်လိုင်စင် ခွင့်ပြုပေးခြင်းဖြစ်ပါတယ်။

အဲ့ဒါကြောင့် သွင်းကုန်ပါမစ် အခက်အခဲတွေ ဖြစ်ပေါ်လာပြီး ဆေးနဲ့ဆေးပစ္စည်းတွေ အချိန်မီတင်သွင်းနိုင်ဖို့ ကြန့်ကြာလာတဲ့အတွက် ဈေးကွက်အတွင်း ပစ္စည်းပြတ်လပ်မှု၊ ဈေးနှုန်းမြင့်တက်မှုတွေရဲ့ဒဏ်ကို နောက်ဆုံး စားသုံးသူပြည်သူတွေက ခံစားနေကြရတာ ဖြစ်ပါတယ်။

“‌အခုက ဆေးဝယ်ရင် တဆိုင်တည်းနဲ့ မရတော့ဘူး။ နှစ်ဆိုင်၊ သုံးဆိုင် ပြောင်းပြီးဝယ်မှရတယ်။ ဒီဆေးတွေကို မသောက်မဖြစ်လို့သာ သောက်နေရတာ။ ဒီ့ထက် ထပ်တက်ရင်တော့ မလွယ်ဘူးတော့ဘူး။ ရှိတဲ့ပိုက်ဆံက ဆေးဖိုးနဲ့တင် ကုန်မှာပဲ။ ဘယ်လိုလုပ်ရမှန်းတောင် မသိတော့ဘူး” လို့ အသက် ၇၀ ကျော် ဝန်းကျင်အရွယ် ဒေါ်လှခင်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ လူဦးရေ သန်း ၅၀ ကျော်ရှိတဲ့အနက် နှစ်သန်းကျော်ဟာ နာတာရှည်ရောဂါရှိသူတွေဖြစ်ပြီး ဆေးဝါး ပုံမှန်သောက်သုံးမှသာ ရောဂါအခြေနေကို ထိန်းထားနိုင်တဲ့အတွက် ဈေးနှုန်းမြင့်တက်နေပေမယ့်လည်း ဝယ်သောက်နေကြရခြင်းဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာ ရင်ကြပ်ပန်းနာအတွက် ဂေါက်ရှူဆေးတွေ၊ ဆီးချိုရောဂါသည်တွေ သောက်သုံးတဲ့ ဆေးဝါးတွေ၊ အဆုတ်ရောဂါအတွက် သုံးတဲ့ ပိုးသတ်ဆေးတွေ၊ မျက်စင်းဆေးတွေနဲ့ ဈေးကြီးတဲ့ တခြားနိုင်ငံခြားဖြစ် ဆေးဝါးတချို့ဟာလည်း ဈေးကွက်ထဲ ပစ္စည်းပြတ်နေတယ်လို့ သိရပါတယ်။

ဆီးချို၊ သွေးတိုး ရောဂါဆေးတွေဟာ လက်လီဈေးကွက်အတွင်းမှာ အရင်က အမျိုးအစားပေါ် မူတည်ပြီး ကျပ် ၃၀၀၀ ဝန်းကျင် ရှိခဲ့ပေမယ့် လက်ရှိမှာတော့ ၉၀၀၀ ကျပ် နီးပါး ရောက်ရှိနေသလို အရင်က ကျပ် တသောင်းဝန်းကျင်ရှိခဲ့တဲ့ နှလုံးရောဂါ သောက်ဆေးဟာလည်း လက်ရှိမှာ ကျပ် သုံးသောင်းကျော်အထိ မြင့်တက် ရောက်ရှိနေတယ်လို့ သိရပါတယ်။

“ကုမ္ပဏီတွေက ပတ်ချာလည် ဈေးတက်နေတယ်။ တချို့ ဆေးကုမ္ပဏီတွေ ပိတ်ထားတာလည်း ရှိတယ်။ ကျွန်မတို့ကတော့ ဆေးရောင်းတဲ့အခါ ဆေးစွဲသောက်ရတဲ့သူတွေကို သူတို့ သောက်နေကျဆေးတွေ ပစ္စည်းပြတ်သွားတဲ့နေရာမှာ ဒီဆေးလေး ပြောင်းသောက်ပါလား၊ အာနိသင်အတူတူပဲလို့ ရှင်းပြပြီး ရောင်းနေရတယ်” လို့ မြောက်ဒဂုံမြို့နယ်မှာ ဆေးဆိုင်ဖွင့်လှစ်ထားသူတယောက်က ပြောပါတယ်။

လက်ရှိမှာ ဆေးတွေပြတ်မလားဆိုပြီး တချို့ ကြိုဝယ်စုသူတွေလည်း ရှိနေတယ်လို့ သိရပါတယ်။ တချို့ကုမ္ပဏီတွေဆိုရင် ပစ္စည်းပြတ်သွားတဲ့အတွက် ဈေးကွက်ထဲက လက်ကျန် ဆေးပစ္စည်းတွေ ဈေးမြင့်တက်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီလို ဆေးနဲ့ဆေးပစ္စည်းတွေ ဈေးနှုန်းမြင့်တက်လာတဲ့ အခြေအနေကြောင့် ရပ်ကွက်ဆေးခန်းတွေမှာလည်း အခက်အခဲ တွေရှိနေပါတယ်။

“တချို့ဆေးဆိုရင် နှစ်ဆ၊ သုံးဆလောက် တက်သွားတယ်။ အရေးကြီးလူနာတွေအတွက် ဝယ်ထားရတဲ့ ဆေးတွေရှိတယ်။ နှလုံးဆေးတို့၊ အာရုံကြောဆေးတို့ တော်တော်များများပဲ ဈေးကွက်ထဲမှာ ပြတ်နေတယ်။ အရင်တုန်းက Quality ကောင်းတဲ့ဆေးကိုပဲ သုံးတယ်။ အခုက Quality ကောင်းတဲ့ဆေးက ဈေးတွေ အဆမတန်တက်နေတော့ လူနာတွေအတွက် အဆင်မပြေဘူးပေါ့။ အဲဒီတော့ Quality ကောင်းပြီး နည်းနည်းဈေးသက်သာတဲ့ ဆေးကို လိုက်ရှာပြီး နောက်ပိုင်းသုံးရတယ်” လို့ ရန်ကုန်မြို့ထဲမှာ ဆေးခန်းဖွင့်ထားသူ အထွေထွေရောဂါကု ဆရာဝန်တယောက်က ပြောပါတယ်။

လက်ရှိဈေးကွက်ထဲမှာ လူနာတွေ Drip ချိတ်ရာမှာ အသုံးပြုတဲ့ Scalp Vein Set တို့၊ Infusion Set တို့လို Accessory ပစ္စည်း အသေးအဖွဲတွေကအစ ဈေးမြင့်တက်နေတာဖြစ်တယ်လို့ သိရပါတယ်။ စိုးရိမ်စိတ်နဲ့ ဆေးများစွာကို ဝယ်ပြီး ကြိုစုထားတာကိုလည်း ဆရာဝန်တွေက အားမပေးပါဘူး။ ဆေးနာမည် မတူရင်တောင် အကျိုးအာနိသင်တူညီတဲ့ ဆေးဝါးတွေကို သောက်သုံးလို့ရပြီး ဒီအချိန်မှာ ဆေးဝါးတွေကိုသာ အဓိက အားကိုမနေဘဲ ကံ၊ စိတ်၊ ဥတု၊ အာဟာရကို သင့်တင့်မျှတစွာ ဂရုစိုက်ဖို့လိုအပ်တယ်လို့ ဆရာဝန်တွေက အကြံပြုပါတယ်။

စားသုံးသူတွေကြား ဖြစ်ပေါ်နေတဲ့ ဆေးဝါးအခက်အခဲတွေနဲ့ ပတ်သက်ပြီး ကလေးအထူးကုဆရာဝန်ကြီး ပါမောက္ခ ဦးစောဝင်းက “အခုအချိန်မှာ သုံးစွဲနေတဲ့ ဆေးတွေ ဈေးတက်တာ၊ ဝယ်မရတာ ရှိနိုင်ပါတယ်။ ဒါကို အတော်အသင့် သက်သာစေမယ့် နည်းလမ်းရှိပါတယ်။ ဆေးတွေမှာ နာမည် နှစ်မျိုးရှိပါတယ်။ တခုက ဓါတုဗေဒနာမည် (Chemical name ) ပါ။ ဥပမာ ပါရာစီတမော (Paracetamol) ပါ။ နောက် နာမည်တမျိုးက ကုမ္ပဏီကပေးတဲ့နာမည် (Trade Name) ပါ။ ဥပမာ paracetamol မှာပဲ Biogesic , Lansen, Progesic, Paradenk, Calpol , Parasafe , Tylenol, Axel Para စသဖြင့် အများကြီးရှိပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ ဆရာဝန်အများစု (ကျွန်တော်အပါအဝင်) က ကုမ္ပဏီပေးတဲ့ နာမည်နဲ့ပဲ ရေးတတ်ကြပါတယ်။ အဲ့ဒီတော့ လူနာတွေကလည်း ဒီနာမည်ကိုပဲ ရှာဝယ်ကြပါတယ်။ တကယ်တော့ ဒီနာမည်နဲ့မရရင် တခြားကုမ္ပဏီကထုတ်တဲ့ ဓါတုဗေဒနာမည်တူတဲ့ အလားတူ ဆေးတွေကို ဝယ်သုံးလို့ရပါတယ်” လို့ သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ အကြံပြု ရေးသားထားပါတယ်။

လက်ရှိ မြန်မာနိုင်ငံဟာ ကျန်းမာရေးကဏ္ဍမှာ လိုအပ်ချက်များစွာရှိနေတဲ့ နိုင်ငံတနိုင်ငံဖြစ်ပါတယ်။ ဆီးချိုရောဂါ၊ သွေးတိုးရောဂါ စသဖြင့် မကူးစက်တတ်တဲ့ ရောဂါတွေကလည်း အဖြစ်များနေဆဲဖြစ်သလို ကိုဗစ် (၁၉) ကပ်ရောဂါရဲ့ လှိုင်းဒဏ်တွေကိုလည်း အပြင်းအထန် ခံစားခဲ့ရပါသေးတယ်။ ပြည်သူ ၉၀ ရာခိုင်နှုန်းလောက်ဟာ ပြည်ပကတင်သွင်းနေတဲ့ ဆေးဝါးတွေကို မှီခိုနေရတာဖြစ်တဲ့အတွက် ဒေါ်လှခင်လိုပဲ ဆေးဝါးဈေးနှုန်းတွေ မြင့်တက်မှုအခက်အခဲကို ရင်ဆိုင်နေရသူတွေ အများကြီး ရှိနေပါတယ်။

မိသားစုဝင် ငါးဦးရှိတဲ့ ဒေါ်လှခင်တို့မိသားစုမှာ ပုံမှန်ဝင်ငွေရှာဖွေသူက နှစ်ဦးတည်းသာ ရှိတဲ့အတွက် လက်ရှိ ကုန်ဈေးနှုန်းကြောင့် အရာရာကို ချွေတာသုံးစွဲနေရချိန် အခုလို ဆေးဝါးတွေပြတ်လပ်ပြီး ဈေးနှုန်းတွေ ပိုမြင့်တက်လာတာဟာ သူတို့မိသားစုကို ပိုပြီး ခက်ခဲစေတယ်လို့ ဆိုပါတယ်။ ဆေးဆိုင်တွေက ဆေးဈေးနှုန်းတွေ ပိုတက်ဦးမယ်လို့ပြောတာကြောင့် ဒီထက်ဈေးပိုမတက်ခင် ဝယ်ယူ စုဆောင်းထားချင်ပေမယ့် အရင်ကတည်းက ဝင်ငွေအပေါ် ချင့်ချိန်ပြီး ဝယ်ယူသောက်သုံးရတဲ့အတွက် အခုချိန်မှာ ပိုဝယ်ထားဖို့ ဆိုတာဟာလည်း မလွယ်ကူဘူးလို့ ဒေါ်လှခင်က ပြောပါတယ်။

မြန်မာ့ဆေးဝါးဈေးကွက်မှာ ဆေးပစ္စည်း ၈၀ ရာခိုင်နှုန်းကျော်ကို ပြည်ပနိုင်ငံတွေဖြစ်တဲ့ တရုတ်၊ အိန္ဒိယ၊ ပါကစ္စတန်နဲ့ ထိုင်းနိုင်ငံတို့ကနေ အများဆုံး တင်သွင်းနေရတာဖြစ်ပြီး ကျန်တဲ့ ၂၀ ရာခိုင်နှုန်းကိုတော့ ပြည်တွင်းမှာ ထုတ်လုပ်နေတာဖြစ်တယ်လို့ သိရပါတယ်။ နိုင်ငံခြားကနေ တင်သွင်းရတဲ့ အိမ်သုံးဆေးဝါးဈေးတွေဟာ ၂၀၂၁ ခုနှစ်နောက်ပိုင်း ဒေါ်လာဈေးနှုန်းတွေ အဆမတန် မြင့်တက်လာပြီးနောက် မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းလာတဲ့အတွက် ဈေးနှုန်း တဖြည်းဖြည်း မြင့်တက်လာတာဖြစ်တယ်လို့ ဈေးကွက်ကျွမ်းကျင်သူတွေက ပြောပါတယ်။

အမေရိကန်ဒေါ်လာဈေးနဲ့ ပတ်သက်လို့ သက်ဆိုင်ရာတာဝန်ရှိသူတွေက ဈေးကွက်အတွင်း ငွေလဲနှုန်းတွေ တည်ငြိမ်အောင်၊ ကျဆင်းလာအောင် ထိန်းသိမ်း ဆောင်ရွက်နေတယ်လို့ ဘယ်လိုပင် ပြောဆိုနေကြသော်ငြားလည်း တဒေါ်လာ ၃၅၀၀ ကျော်ဝန်းကျင်ကို မကြာခဏဆိုသလို မြင့်တက် ရောက်ရှိနေတာဖြစ်ပါတယ်။

၂၀၂၀ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်မှာ ၁၃၃၅ ကျပ်သာရှိခဲ့တဲ့ အမေရိကန်ဒေါ်လာဈေးဟာ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လမှာ ၁၆၃၃ ကျပ်၊ ၂၀၂၁ ဒီဇင်ဘာမှာ ၁၉၃၀ ကျပ် ရှိခဲ့ပါတယ်။ ၂၀၂၂ ခုနှစ်၊ ဇူလိုင်မှာတော့ တဒေါ်လာ ၂၅၀၀ ကျပ်ကို ရောက်ရှိလာပြီး ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလမှာတော့ ၂၆၀၀ ကျပ်ဈေး ဖြစ်ပေါ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ရဲ့ ဇူလိုင်လမှာတော့ နှစ်သောင်းတန်ငွေစက္ကူ ထုတ်မယ်ဆိုတာကြောင့် ဒေါ်လာဈေးဟာ ၄၀၀၀ ဝန်းကျင်အထိ တက်သွားခဲ့ပြီး လကုန်ပိုင်းမှာတော့ ၃၄၀၀ ကျပ်ဝန်းကျင်ကို ပြန်ကျလာခဲ့ပါတယ်။ အဲ့ဒီ့နှစ်၊ ဒီဇင်ဘာလမှာတော့ ဒေါ်လာဈေးဟာ ၃၅၂၀ ဝန်းကျင်အထိ ဈေးပေါက်ခဲ့ပြီး အခု ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၈ ရက်နေ့အထိ အဲ့ဒီ့ဈေးတန်းဝန်းကျင်မှာပဲ အတက်အကျ အနည်းငယ်နဲ့ ဆက်ရှိနေပါတယ်။

နိုင်ငံရေးအပြောင်းအလဲ မဖြစ်ခင် ဒေါ်လာဈေးနဲ့ အခုလက်ရှိ ဒေါ်လာဈေးကို ယှဉ်ကြည့်လိုက်ရင် မြန်မာကျပ်ငွေတန်ဖိုးဟာ တော်တော်လေး ထိုးကျသွားတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ရာခိုင်နှုန်းနဲ့ ဖော်ပြရရင် ၁၅၆ ဒသမ ၂ ရာခိုင်နှုန်း ကျပ်ငွေတန်ဖိုး လျော့ကျသွားတာပါ။ အခုဖော်ပြတဲ့အတိုင်း မြန်မာကျပ်ငွေဈေးဟာ ဇောက်ထိုးဆင်းသွားတာကို မြင်တွေ့ရမှာပါ။

“ဒီလိုကျဆင်းသွားတာက ဘာသဘောဆောင်သလဲဆိုရင် ပြည်သူတွေပိုင်ဆိုင်တဲ့ ငွေသားဟာ သုံးနှစ်တာကာလအတွင်း ထက်ဝက်မက ကျဆင်းသွားတယ် ဆိုတဲ့ သဘောပါပဲ။ မြန်မာကျပ်ငွေ ဘီလီယံ ၁၀ ပိုင်ဆိုင်တဲ့ လူတဦးဟာ နိုင်ငံရေးအပြောင်းအလဲ မဖြစ်ခင်က အမေရိကန်ဒေါ်လာ ခုနစ်သန်းခွဲနီးပါးနဲ့ ညီမျှတဲ့ ငွေတွေ ပိုင်ဆိုင်ပြီး သုံးနှစ်အကြာမှာတော့ အဲဒီငွေကြေးတန်ဖိုးဟာ ဒေါ်လာ ၂ ဒသမ ၈ သန်းပဲ တန်ဖိုးရှိပါတော့တယ်။ နေရင်းထိုင်ရင်း ဒေါ်လာ လေးသန်းခွဲလောက် ဆုံးရှုံးသွားတဲ့ သဘောပါပဲ” လို့ ငွေကြေးဈေးကွက် ကျွမ်းကျင်သူတယောက်က ပြောပါတယ်။

အမေရိကန် ဒေါ်လာဈေးတွေဟာ ၂၀၂၂ ခုနှစ်၊ ဧပြီ ၄ ရက်က စတင်ပြီး ဗဟိုဘဏ်က တဒေါ်လာကို မြန်မာငွေ ကျပ် ၁၈၅၀ နဲ့ ရောင်းချစေတဲ့ နောက်ပိုင်းကစလို့ ပြင်ပဈေးကွက်မှာ တရိပ်ရိပ် မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။ ဒီ့နောက်ပိုင်း နိုင်ငံခြားငွေ ကိုင်ဆောင်ခွင့်ကို ထိန်းချုပ်လိုက်တဲ့အခါ လူသုံးကုန်၊ စားသောက်ကုန်၊ ဆေးနဲ့ ဆေးပစ္စည်း အစရှိတဲ့ ပြည်ပက သွင်းကုန်ဈေးနှုန်းတွေ မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။

လူတိုင်းအတွက် မရှိမဖြစ်၊ နေ့စဉ်စားသုံးနေရတဲ့ ဆန်ဈေးကွက်ကို ကြည့်မယ်ဆိုရင်လည်း မြန်မာ့ဆန်ဈေးနှုန်းတွေဟာ အကျထက် အတက်ဘက်ကိုသာ ပိုမို ခရီးတွင်နေတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဇန်နဝါရီ နောက်ဆုံးအပတ်က ကျပ် တသိန်းငါးသောင်း ရှစ်ထောင်ဈေး ရှိခဲ့တဲ့ ရွှေဘိုပေါ်ဆန်းတအိတ်ဈေးဟာ အခု ဖေဖော်ဝါရီလ ဒုတိယပတ်မှာတော့ တသိန်းရှစ်သောင်းအထိ ပေါက်ဈေးရှိနေပြီ ဖြစ်ပါတယ်။ ကျပ် တသိန်းဝန်းကျင် ရှိခဲ့တဲ့ ဆန်ကြမ်းတအိတ် ဈေးကတော့ တသိန်းတသောင်း လေးထောင်ကျပ်အထိ မြင့်တက်လာတယ်လို့ ဈေးကွက်အတွင်းက သိရပါတယ်။

ကြားပျံရှယ် တအိတ်ကို တသိန်းကနေ တသိန်းတသောင်း ငါးထောင်ကျပ်၊ ဖျာပုံပေါ်ဆန်း တအိတ် တသိန်းကနေ တသိန်းတသောင်းကျပ်၊ မြောင်းမြပုသိမ်ပေါ်ဆန်း တသိန်းကနေ တသိန်းတသောင်းကျပ်၊ ဧည့်မထဆန် ရှစ်သောင်းနှစ်ထောင်ကျပ်ကနေ ရှစ်သောင်းလေးထောင်ကျပ် စသဖြင့် မြင့်တက်နေပြီး ဆန်အရည်အသွေးအလိုက် ဈေးနှုန်း ကွာခြားမှုတွေ ရှိတယ်လို့ သိရပါတယ်။

ဆန်စပါးကုန်သည်တွေကတော့ အခုလို ဆန်ဈေးနှုန်း မြင့်တက်လာတာဟာ ပြည်ပဆန်တင်ပို့မယ့် ကုမ္ပဏီတွေက လိုက်လံဝယ်ယူနေတာကြောင့်လို့ ပြောဆိုကြပါတယ်။ အခြေခံစပါး မြင့်တက်လာသလို သယ်ယူပို့ဆောင်ရး စရိတ်တွေလည်း တက်လာတဲ့အတွက် ဆန်ဈေးနှုန်းတွေ မြင့်တက်လာတာဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိမှာ အကြမ်းစပါးဈေးက တင်းတရာကို အနိမ့်ဆုံး ၂၁ သိန်းကနေ ၂၄ သိန်းအထိ ပေါက်ဈေး ရှိနေတယ်လို့ သိရပါတယ်။

“ဆန်ဈေး၊ စပါးဈေးတွေ တက်လာလို့ သူတို့ကတော့ အဝယ်ရပ်မယ်ပြောတာပဲ။ အခုထိ ဈေးတွေကတော့ မကျသေးဘူး။ ဒေါ်လာဈေးကလည်း တက်နေတယ်၊ အဲ့ဒီ့ရဲ့ နောက်ဆက်တွဲ စက်သုံးဆီဈေးလည်းတက်နေတယ်။ အဲ့တော့ သယ်ယူစရိတ်တွေလည်း တက်လာပြီ။ သက်ဆိုင်ရာ တာဝန်ရှိသူတွေက စပါးဈေးကျအောင် စပါးကို နယ်မကျော်ရ၊ တိုင်းမကျော်ရတွေ လုပ်ပေမယ့်လည်း ခုချိန်ထိ ထိရောက်တဲ့ တိုးတက်မှု မရှိသေးဘူး” လို့ ဆန်စက်ပိုင်ရှင်တယောက်က ပြောပါတယ်။

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ကတော့ လက်ရှိ ဆန်ဈေးမြင့်နေမှုအပေါ် ထိန်းညှိနိုင်ဖို့ ပြည်ပတင်ပို့မှုအတွက် ပေါင်းဆန်နဲ့ ဆန်ကွဲကိုသာ ဦးစားပေးမှာဖြစ်တယ်လို့ ပြောဆိုထားပါတယ်။ ဆန်ဖြူဆိုရင် ၅ မှတ်ဆန်ကိုသာ တင်ပို့မှာဖြစ်ပြီး အဲ့ဒီ့လုပ်ငန်းစဉ်ကို အခု ဖေဖော်ဝါရီလနဲ့ မတ်လမှာ စတင်ဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

အဲ့ဒီ့လို ဆန်ဈေးနှုန်း မြင့်တက်မှုနဲ့အတူ လက်ရှိမှာ အခြေခံ စားသောက်ကုန်ဈေးတွေဟာလည်း မြင့်တက်လျက်ရှိနေပါတယ်။ စားသုံးဆီတွေဟာ အမြင့်ဈေးမှာပဲ ရှိနေတာဖြစ်ပြီး မြေပဲဆီ တပိဿာ တသောင်းငါးထောင့်ငါးရာကျပ်၊ မြေပဲဆီ (အလတ်စား) တပိဿာ တသောင်းသုံးထောင်ကျပ် ရှိနေတဲ့အပြင် ဈေးကွက်ထဲမှာ တံဆိပ်အမျိုးမျိုးနဲ့ ရောင်းချနေတဲ့ စားသုံးဆီတွေကတော့ ၅၀ သားပါတဲ့ တလီတာကို ၅၀၀၀ ကျပ်ကနေ ၆၀၀၀ ကျပ် ဈေးတွေ ရှိနေတယ်လို့ သိရပါတယ်။

အဲ့ဒီ့လိုပဲ ကြက်သွန်နီနဲ့ ကြက်သွန်ဖြူ ဈေးတွေဟာလည်း အမြင့်ဈေးမှာပဲ ရှိနေပြီး မြစ်သားကြက်သွန်နီ တပိဿာ ၃၀၀၀ ကျပ်ဈေး၊ ကျန်တဲ့ ကြက်သွန်နီအမျိုးအစားတွေကတော့ တပိဿာ ၂၀၀၀ ကျပ်နဲ့ ၂၅၀၀ ကျပ် ဈေးတွေမှာ ရှိနေပါတယ်။ ကြက်သွန်ဖြူကတော့ တပိဿာ တသောင်းသုံးထောင်ကျပ်ဈေး ရှိနေပြီး လက်လီလက်ကားဈေးကွက်မှာ ဆိပ်ဖြူကြက်သွန်နီ ၁၁၀၀ ကျပ်ကနေ ၂၀၀၀ ကျပ် စသဖြင့် ဈေးအမျိုးမျိုးရှိပါတယ်။

အာလူးကတော့ တပိဿာ ၃၆၀၀ ကျပ်ဈေး ရှိနေပြီး လက်လီလက်ကား ဈေးကွက်မှာ အာလူး တပိဿာ ၂၇၀၀ နဲ့ ၂၉၀၀ ကျပ် ပေါက်ဈေးရှိနေပါတယ်။ ငရုတ် (ဆင်ဖြူကျွန်း) ကတော့ တပိဿာ တသောင်းလေးထောင်ကျပ်ကနေ တသောင်းခြောက်‌ထောင့်ငါးရာကျပ်ဈေး ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။ (အခုဖော်ပြခဲ့တဲ့ ဈေးနှုန်းတွေဟာ နေရာဒေသအလိုက် ပြောင်းလဲမှုရှိနိုင်ပါတယ်။)

“ဈေးတွေက အရင်လို ခုန်တက်တာမျိုး မရှိပေမယ့် တဖြည်းဖြည်းချင်း တက်နေတာ။ ကျလည်း ခဏပဲ။ ကျရင်သာ နှေးတာ၊ ပြန်တက်ရင်တော့ မြန်တယ်။ အရင်တက်ထားတဲ့ ဈေးထက်တောင် ကျော်သွားသေးတယ်။ အသီးအရွက်ဖြစ်တဲ့ ခရမ်းချဉ်သီး၊ ငရုတ်သီးစိမ်းတွေလည်း တက် တာပဲ။ ပဲသီးတစီး အရင် ၂၀၀ ကျပ်ကနေ အခု ၅၀၀ ကျပ် ဖြစ်နေပြီ” လို့ လှိုင်သာယာမြို့နယ်က အိမ်ရှင်မတယောက်က ပြောပါတယ်။

နစကဟာ ဒေါ်လာဈေးအပြင် အခြေခံစားကုန်တွေဖြစ်တဲ့ ဆန်နဲ့ စားအုန်းဆီ ဈေးတွေကိုလည်း ထိန်းချုပ်တဲ့အနေနဲ့ ရည်ညွှန်းဈေး သတ်မှတ်ပေးပြီး ရောင်းချစေခဲ့တာကြောင့် ဈေးကွက်ထဲမှာ ဈေးသုံးလေးမျိုး ဖြစ်လာပြီး မှောင်ခိုဈေးကွက်ကို ပိုပြီး တွန်းအားပေးသလို ဖြစ်စေခဲ့ပါတယ်။ တဖက်မှာလည်း ကျပ်ငွေတန်ဖိုး တလိမ့်ခေါက်ကွေး ကျဆင်းနေတဲ့အတွက် ကုန်ဈေးနှုန်းတွေ တက်လာတာကို ပြည်သူတွေ ခံစားနေရတာပါ။ အခြေခံ စားသောက်ကုန်တွေဟာ အာဏာမသိမ်းခင်က ဈေးနဲ့ နှိုင်းယှဉ်မယ်ဆိုရင် နှစ်ဆကျော် သုံးဆလောက်အထိ မြင့်တက်လာခဲ့ပြီ ဖြစ်ပါတယ်။

ဆန်ကြမ်းတပြည်ဈေးဟာ ၂၀၂၁ ခုနှစ် မတိုင်ခင်က ကျပ် ၁၀၀၀ ဝန်းကျင်သာ ရှိခဲ့တာဖြစ်ပေမယ့် အခုအခါမှာတော့ ၄၀၀၀ ကျော်ထိ မြင့်တက်လာပါတယ်။ အခြေခံပြည်သူတွေ အဓိက စားသုံးတဲ့ စားအုန်းဆီ တပိဿာ ဈေးဟာလည်း နိုင်ငံရေး အပြောင်းအလဲမဖြစ်ခင်က ကျပ် ၂၀၀၀ ဝန်းကျင်သာ ရှိခဲ့ရာကနေ ၂၀၂၃ နှစ်လယ်လောက်မှာ တသောင်းကျော်အထိ ဈေးတက်လာခဲ့ပြီး လက်ရှိအချိန်မှာတော့ ကျပ် ၇၀၀၀ ကျပ်ဝန်းကျင်ဈေး ဖြစ်ပေါ်နေပါတယ်။

ဒါ့အပြင် ငွေကြေးဖောင်းပွမှုပိုင်းကို ကြည့်မယ်ဆိုရင်လည်း အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ရဲ့ အဆိုအရ မြန်မာနိုင်ငံရဲ့ ငွေကြေးဖောင်းပွမှုဟာ ၂၀၂၁ ခုနှစ်မှာ ငွေကြေးဖောင်းပွမှုနှုန်း ၃ ဒသမ ၇ ရာခိုင်နှုန်း ရှိခဲ့ပြီး ၂၀၂၂ ခုနှစ်မှာ ၁၈ ဒသမ ၉ ရာခိုင်နှုန်း ရှိခဲ့တယ်လို့ သိရပါတယ်။ ၂၀၂၃ ခုနှစ်မှာတော့ ငွေကြေးဖောင်းပွမှုနှုန်း ၁၄ ရာခိုင်နှုန်း ရှိခဲ့ပြီး အခု ၂၀၂၄ ခုနှစ်မှာတော့ ငွေကြေးဖောင်းပွမှုနှုန်း ၈ ဒသမ ၂ ရာခိုင်နှုန်း ရှိမယ်လို့ ခန်းမှန်းထားပါတယ်။ ၂၀၂၂ ခုနှစ်ကုန်က ခန့်မှန်းချက်မှာတော့ ၂၀၂၃ ခုနှစ်မှာ ငွေကြေးဖောင်းပွမှုဟာ ၈ ဒသမ ၅ ရာခိုင်နှုန်း ရှိမယ်လို့ ခန့်မှန်းခဲ့ပေမယ့် ၂၀၂၃ ခုနှစ် ကုန်ခါနီးမှာတော့ ငွေကြေးဖောင်းပွမှု ၁၄ ရာခိုင်နှုန်း ရှိခဲ့တယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ်က ဆိုပါတယ်။

ဗဟိုစာရင်းအင်းအဖွဲ့ရဲ့ အစီရင်ခံစာအရဆိုရင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်ရဲ့ ပထမသုံးလပတ်မှာ မြန်မာနိုင်ငံရဲ့ ပျမ်းမျှ ငွေကြေးဖောင်းပွမှုနှုန်းဟာ ၂၈ ဒသမ ၅၉ ရာခိုင်နှုန်း ရှိခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်တွေနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ငွေကြေးဖောင်းပွမှုနှုန်းဟာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ရဲ့ ပထမသုံးလပတ်မှာ ၁၈ ဒသမ ၄၅ ရာခိုင်နှုန်းပဲ ရှိခဲ့သလို ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ပထမသုံးလပတ်မှာ ၁၁ ဒသမ ၃၉ ရာခိုင်နှုန်းပဲ ရှိခဲ့တယ်လို့ သိရပါတယ်။ ကုန်ဈေးနှုန်းတွေ သိသိသာသာ ကြီးမြင့်လာတာ၊ ကျပ်ငွေဈေး ထိုးကျသွားတာတွေဟာ မြန်မာနိုင်ငံရဲ့ ငွေကြေးဖောင်းပွမှု ပြဿနာကို မီးမောင်းထိုးပြနေပါတယ်။

ဒါ့အပြင် တိုင်းပြည်တပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို တိုင်းတာတဲ့ GDP အညွှန်းကိန်းတွေကို ကြည့်မယ်ဆိုရင်လည်း ၂၀၂၁ ခုနှစ်မှာ အနုတ် ၆ ဖြစ်ခဲ့ပြီး ၂၀၂၂ ခုနှစ်မှာ ၂ ရာခိုင်နှုန်း တိုးတက်ခဲ့တယ်လို့ သိရပါတယ်။ ၂၀၂၃ ခုနှစ်မှာတော့ တိုင်းပြည်ရဲ့ GDP အညွှန်းကိန်းဟာ ၁ ရာခိုင်နှုန်းကို ပြန်လည်ကျဆင်းသွားပြီး ၂၀၂၄ ခုနှစ်မှာလည်း ဆက်လက်ကျဆင်းနိုင်ကာ အနုတ်ဘက်ကို ရောက်သွားနိုင်တယ်လို့ စီးပွားရေးပညာရှင်တွေက သုံးသပ်ထားပါတယ်။

ဒါ့အပြင် အပြည်ပြည် ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ IMF ရဲ့ ၂၀၂၃ ခုနှစ်စာရင်းအရ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံ ၂၅ နိုင်ငံထဲမှာ မြန်မာနိုင်ငံ ပါဝင်နေပြီး အရှေ့တောင်အာရှ နိုင်ငံတွေထဲမှာလည်း မြန်မာနိုင်ငံကို အဆင်းရဲဆုံးနိုင်ငံအဖြစ် ဖော်ပြထားပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ နိုင်ငံတဝန်း စစ်ရေးပြဿနာတွေကလည်း စီးပွားရေး ပိုမို ကျဆင်းမှုဆီ ဦးတည်နေပြီး အခု ၂၀၂၄ ခုနှစ်မှာ လူထုရဲ့ စားဝတ်နေရေး ကျပ်တည်းမှုတွေ ပိုပြီး ဆိုးရွားလာမယ့် အခြေအနေ ဖြစ်ပေါ်နေတာပါ။ ကမ္ဘာ့ဘဏ်ရဲ့အဆိုအရ မြန်မာနိုင်ငံမှာ ပဋိပက္ခဖြစ်ပွားမှုနှုန်း အရှိန်အဟုန် ထပ်ပြီး မြင့်တက်လာခြင်း မရှိဘူးဆိုရင်တောင် အခု ၂ဝ၂၄ ခုနှစ်အတွင်း စီးပွားရေးတိုးတက်မှုနှုန်းဟာ ဆက်ပြီး နှေးကွေးနေဦးမှာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် လာမယ့် ၂၀၂၅ ခုနှစ်မှာလည်း မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေး၊ ကုန်ထုတ်လုပ်ရေးနဲ့ ကုန်သွယ်မှုကဏ္ဍ အပါအဝင် ကုန်ထုတ်ကဏ္ဍတွေမှာ နှေးကွေးကြန့်ကြာမှုတွေ ဆက်လက် ကျယ်ပြန့်လာနိုင်တယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းထားပါတယ်။ ဒါရဲ့ အကျိုးဆက်ကတော့ ဈေးကွက်အတွင်း ကုန်ပစ္စည်းရှားပါးလာမှုနဲ့ ကုန်ဈေးနှုန်း ကြီးမြင့်မှုဖြစ်ပြီး အဲ့ဒီ့ လှိုင်းဒဏ်ဟာ မြန်မာ့ပြည်သူလူထုအပေါ် ရိုက်ခတ်မှု ပိုပြီး ပြင်းထန်လာနိုင်ပါတယ်။

မြန်မာနိုင်ငံမှာ ဆယ်စုနှစ်တခုကြာ အရှိန်ရလာတဲ့ စီးပွားရေး တိုးတက်မှုနဲ့ အခွင့်အလမ်းတွေဟာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ နိုင်ငံရေး အပြောင်းအလဲကြောင့် ပျောက်ပျက်သွားခဲ့ပြီ ဖြစ်ပါတယ်။ အနာဂတ်ခရီးလမ်းအတွက် မသေချာ မရေရာမှုတွေဟာ နိုင်ငံ့အပြောင်းအလဲ သုံးနှစ်ပြည့်ချိန်မှာ အကျပ်တည်းဆုံး အခြေအနေကို ဆိုက်ရောက်နေတာပါ။

ထိလွယ်ရှလွယ် အနေအထားမှာ အကဲဆတ်လွန်းနေတဲ့ မြန်မာ့စီးပွားရေးဟာ အခက်အခဲတွေကြားကနေ နာလန်ပြန်ထူလာနိုင်ဖို့ ဆိုတာကတော့ လက်ရှိမှာ ကမ်းမမြင် လမ်းမမြင်နိုင်သေးတဲ့ မျှော်လင့်ချက်တခု အဖြစ်နဲ့သာ ရှိနေပြီး ဒီအခက်အခဲတွေအတွက် အကောင်းဆုံး ဖြေရှင်းနိုင်မယ့် နည်းလမ်းတရပ်ကို ပြည်သူတွေအနေနဲ့ လိုလား တောင့်တလျက်ရှိနေပါတယ်။

Photo: Original Uploader

 

Related posts

Leave a Comment

VOM News

FREE
VIEW