လားရှိုး ညဈေးထိပ်က စန်းရွှင်ဟိုတယ်အနီး ဗုံးပေါက်ကွဲလို့ နှစ်ယောက်ထက်မနည်း ဒဏ်ရာရ

 

ဖေဖော်ဝါရီ-၇-၂၀၂၄

Shy V(VOM)

ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုး ညဈေးထိပ်၊ သုခလမ်းပေါ်က စန်းရွှင်ဟိုတယ် အနီး ကနေ့ ဖေဖော်ဝါရီ ၇ ရက်နေ့ ညနေ ၄ နာရီ ၄၆ မိနစ်မှာ ဗုံး ပေါက်ကွဲလို့ အနီးနားက ပြည်သူ နှစ်ယောက်ထက်မနည်း ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“နှစ်ယောက်‌ လောက်တော့ ထိတယ်။ ဒါပေမယ့် သေဝောာ့ မသေဘူး။ မိန်းကလေးက နှစ် ယောက်ထိတယ်။ တယောက်က သတိလစ်သွားတယ်။ တယောက်ကလက်မောင်း ထိသွားတယ်။ ယောက်ျားလေးက ဒီ စန်းရွှင်ဟိုတယ်က ။လုံခြုံရေး တယောက်က ချော်လဲတာလား ဘာလား မသိဘူး။ သူလည်း လန့်ပြီးတော့ ချော်လဲတာလားတော့ မသိဘူး လဲသွားတယ်။” ဒေသခံ တ‌ယာက်က ပြောပါတယ်။

ထိခိုက် ဒဏ်ရာရသွားတဲ့ မိန်းကလေး နှစ်ယောက်က မုန့်ဝယ်နေတာ ဖြစ်ပြီး ဆိုင်ကယ် တစီးလည်း ပျက်စီးသွားတယ်လို့ ဆိုပါတယ်။

“ဘယ်သူ လုပ်သွားမှန်းတောင် မသိဘူး။ ဆိုင်ကယ်နဲ့ ဒီလိုပဲ ချိန်ရင်း ပစ်သွားတာတဲ့။ ခါတိုင်းလိုမျိုး ဆိုင်ကယ် အစုတ်တွေ ထားပြီးမှ ပစ်သွားတာ မဟုတ်ဘူး။ ဖောက်တာ မဟုတ်ဘူး။ စန်းရွှင်ဟိုတယ် နားကိုပဲ ပစ်သွားတာလေ။” လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ မွန်းလွဲ ၃ နာရီ ခွဲကျော်ခန့်ကလည်း လားရှိုးမြို့၊ ရပ်ကွက် ၈ က နေအိမ် တစ်အိမ် ရှေ့မှာ ဗုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့ကာ လူ အထိအခိုက်တော့ မရှိခဲ့ပါဘူး။

ဒါ့အပြင် ဇန်နဝါရီလ ၃၀ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်မှာလည်း လားရှိုးမြို့၊ ရပ်ကွက် ၃၊ ကြာနီလမ်းနဲ့ သီရိလမ်းထောင့်က RD စက်ပစ္စည်းနဲ့ အထွေထွေရောင်းဝယ်ရေးဆိုင် ရှေ့မှာ လာရပ်ထားတဲ့ ဆိုင်ကယ်အစုတ် ၂ စီးပေါ်က ဗုံး တစ်လုံးစီ ပေါက်ကွဲလို့ အမျိုးသား တယောက် သေဆုံးသွားကာ ကလေးသူငယ် တစ်ယောက်နဲ့ အလုပ်သမား တစ်‌ေယာက် ထိခိုက် ဒဏ်ရာ ရရှိခဲ့ပါ‌တယ်။

၂၀၂၃ ခုနှစ် အတွင်း လားရှိုးမြို့ပေါ် ၁၂ ကြိမ်ခန့် ဗုံးပေါက်က်ကွဲမှုဖြစ်ပွားပြီး ပြည်သူ ၁၀ ယောက် အထက် သေဆုံးကာ အယောက် ၇၀ ကျော်ခန့် ထိခိုက် ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။

 

Related posts

Leave a Comment

VOM News

FREE
VIEW