ကလေးမြို့နယ်မှာ ပစ်ခတ်တိုက်ခိုက်မှုတွေဖြစ်ပွားလို့ လူ သုံးဦးသေဆုံးပြီး ၊ ၁၀ ဦးထက်မနည်း ဒဏ်ရာရ

ဖေဖော်ဝါရီ ၊ ၂၂ ၊ ၂၀၂၄
SP ( VOM)

စစ်ကိုင်းတိုင်း ၊ ကလေးခရိုင် ၊ ကလေးမြို့မှာ မနေ့ ဖေဖော်ဝါရီ ၂၁ ရက်က နေရာတချို့ ပစ်ခတ်တိုက်ခိုက်မှုတွေဖြစ်ပွားလို့ သေဆုံး ၊ ဒဏ်ရာရတဲ့သူတွေရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အဲ့ဒီ အကြောင်းနဲ့ ပတ်သက်ပြီး ပရဟိတသမားတယောက်က
” မနေ့က ကလေးမြို့ပေါ်မှာ နစကတပ်ဖွဲ့နဲ့ ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေကြား ပစ်ခတ်မှုတွေဖြစ်ပွားတယ် ၊ အဲ့ဒီ နှစ်ဘက် ပစ်ခတ်မှုတွေကြောင့် မွန်းလိုင်ရပ်ကွက် စာသင်ကျောင်းနားမှာနေတဲ့ လယ်နွမ်းသား (Lal Nun Thar) ၊ သူ့အစ်မ မိုင်ထျာန်ကျုယ် (Mai Than Cuai ) နဲ့ သူတို့ရဲ့ အိမ်နီးနားချင်းဖြစ်တဲ့ မိုင်မိုနီကာ (Mai Monica) ဆိုသူသုံးယောက်က လက်နက်ကြီး ကျည်စ ထိမှန်ပြီး နေရာမှာတင် သေဆုံးတယ် ၊ အဲ့ဒီအပြင် ကလေးမြို့နယ် မြောက်ပိုင်း ပြည်တော်သာ ၊ လက်ပံချောင်း စတဲ့ရွာတွေဘက်မှာ ထိခိုက်ဒဏ်ရာရသူ ၁၀ ဦးထက်မနည်းရှိတယ်လို့ သိရတယ် ၊ ဘယ်အဖွဲ့က ပစ်လိုက်တဲ့ လက်နက်ကြီးကျည်ဆိုတာ အခုထိမသိရသေးဘူး ” လို့ ပြောပါတယ်။

အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်လို့ ကလေးခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က
” နယ်မြေရှင်းလင်းရေး အဖွဲ့တွေနဲ့ ထိတွေ့မှုဖြစ်စဥ်တော့ရှိတယ် ၊ အခုထိ ၊ ထိခိုက်သေဆုံး အရေအတွက် မသိရသေးဘူး”လို့ ပြောပါတယ်။

ဒါ့အပြင် ကလေးမြို့နယ် ဒေသတွင်း လူမှုကွန်ရက်ပေါ်မှာ ဖော်ပြထားတာက မွန်းလိုင်ရပ်ကွက် စာသင်ကျောင်းနားမှာ လက်နက်ကြီးကျည်စ ထိမှန်သေဆုံးသူ သုံးယောက်ဟာ အရပ်သားတွေဖြစ်တယ်လို့ ဖော်ပြထားတယ်လို့ သိရပါတယ်။

မနေ့က တရက်တည်းမှာ စစ်ကိုင်းတိုင်း အတွင်း တန့်ဆည်မြို့နယ် ၊ ကံထူးမ ရဲစခန်းနဲ့ ဒီပဲယင်းနယ် စိုင်ပြင်မြို့နယ်ခွဲ ရဲစခန်းတွေ တိုက်ခိုက်ခံရပြီး နှစ်ဘက် ထိခိုက်မှုတွေရှိတယ်လို့ သိရပါသေးတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW