တရုတ်ဘက် နေထိုင်ခွင့် သက်တမ်းလွန်တဲ့ မြန်မာနိုင်ငံသားတွေကို စစ်ဆေး ဖမ်းဆီးမှု များလာ

 

ဖေ‌ဖော်ဝါရီ ၂၂၊ ၂၀၂၄

Shy V (VOM)

တရုတ် နယ်စပ်ဘက်ခြမ်းမှာ နေထိုင်ခွင့် သက်တမ်းလွန်တဲ့ မြန်အာနိုင်ငံသားတွေကို လတ်တလော စစ်ဆေး ဖမ်းဆီးမှု များလာကြောင်း တရုတ်ဘက်ခြမ်းမှာ နေထိုင်တဲ့ မြန်မာ နိုင်ငံသား တွေဆီက သိရပါတယ်။

“နေထိုင်ခွင့် သက်တမ်း ကုန်တဲ့ သူတွေကို စစ်ဆေး ဖမ်းဆီးတာတွေ လုပ်နေတာ။ အခုဒီရက်ပိုင်းမှာပဲ အဲလို ဖြစ်နေတာ။တပတ်ကျော်ကျော် လောက်ရှိပြီ ထင်တယ်။ QR ကုတ် လုပ်ပေးတာကတော့ ဧည့်စာရင်း တိုင်တာပဲလေ။ သူက နေထိုင်ခွင့် ပေးတာ မဟုတ်ဘူး။” လို့ တရုတ်ဘက် ရွှေလီမှာ နေထိုင်သူ မြန်မာနိုင်ငံ သားတ‌ယောက်က ပြောပါတယ်။

မြန်မာဘက်ခြမ်းက ၇ ရက် တပတ် ကဒ်နဲ့ ဝင်လာကြပြီး ပြန်မထွက်တော့ပဲ အလုပ်လုပ်နေကြတော့ တရုတ်ဘက်က မူဝါဒ၊ ဥပဒေတွေ အရ တခါသုံး ၇ ရက် တပတ် ကဒ်က တရားဝင် အလုပ်လုပ်ခွင့် မရှိသလို ၆ ညအိပ်၊ ၇ ရက် လည်ပတ် ခွင့် အတွက်သာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

တနှစ်ခံ နယ်စပ် ဖြတ်ကျော်ခွင့် စာအုပ် အနီတွေက တရုတ် – မြန်မာ နှစ်နိုင်ငံ ထိစပ်နေတဲ့ ဒေသတွေ အတွက်သာ ခရိုင်တွေ အတွက်သာ တရားဝင် ထုတ်ပေးခွင့်ဘရှိပြီး သွားလာခွင့် နယ်မြေတွေလည်း ထိစပ်နေတဲ့ ခရိုင် အတွင်းသာ ကန့်သတ်ထားတာ ဖြစ်ပါတယ်။

“ခုတလော ရွှေလီမှာ အရမ်းစစ်နေလို့ ကျွန်မတောင် အံ့ဩနေတာ။ ဘာဖြစ်တာလဲ မသိဘူး အရမ်းစစ်ပြီး ဖမ်းလည်း ဖမ်းနေတယ်။ အခုက ဆေးစစ်တာလည်း ဆံပင်နဲ့ ကိုပဲ စစ်တယ်။ ပြီးတော့ ခုက အရင်ကလို မဟုတ်တော့ဘူး။ လူတစ်ယောက်ရဲ့ အချက်အလက်ကို မျက်လုံးမှာ scan ဖတ်လိုက်ရင် အကုန် ကျလာတယ်။ အရင်က လို မလွယ်တော့ဘူး နည်းပညာတွေ အရမ်း ကွာလာပြီ။ လူတစ်ယောက်ကို လိုက်ဖို့ လွယ်လွယ် လေးပဲ” လို့ ရွှေလီမှာ အလုပ်လုပ်နေသူ မိန်းကလေး တယောက်က ပြောပါတယ်။

နေထိုင်ခွင့် သက်တမ်းလွန်သူတွေကိုတော့ ဖမ်းဆီးပြီး ထောင် ချတာမျိုး မဟုတ်ပဲ ဖမ်းဆီးပြီး မြန်မာနိုင်ငံဘက် ပြန်ပို့က တနှစ် ကနေ ငါးနှစ် အထိ သူ့အမှုနဲ့သူ တရုတ်ပြည် ဝင်ခွင့် ပိတ်ထားလိုက်တယ် လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း တရုတ် ပြည်ဝင်ခွင့် ပိတ်ထားတဲ့ မိန်းကလေး တယောက် မူဆယ် နယ်စပ်ကနေ တခါသုံး တပတ်ကဒ်နဲ့ ဝင်လာလို့ ရွှေလီ ရောက်တာနဲ့ ဖမ်းဆီးခံရတယ်လို့ ရွှေလီ မှာ နေထိုင်တဲ့ အမျိုးသား တယောက်က ပြောပါတယ်။

လက်ရှိမှာတော့ တခါသုံး တပတ်ကဒ်တွေ သီးသန့်ပဲ တရုတ်ဘက် အဝင် တရက်ကို နန်း‌တော်ဂိတ်နဲ့ ဆင်ဖြူဂိတ်တွေမှာ လူဦ်းရေ ၇၀၀/၈၀၀ ခန့်စီ ရှိတယ်လို့ တာဝန်ကျ ကာစတန် တယောက်က ပြောပါတယ်။

တရုတ်ဘက် ဝင်ရောက်လာတဲ့ မကွေးဘက်က မြန်မာလုပ်သားတွေ တချို့က လက်ရှိ နိုင်ငံရေးအခြေအနေကြောင့်ရယ် အလုပ်အကိုင် ရှားပါးမှုကြောင့်ရယ်၊ စစ်သားစုဆောင်းခံရမှာ စိုးရိမ်လို့ရယ် တရုတ်ဘက် အသိ မရှိပေမယ် အရဲစွန့် ထွက်လာခဲ့တာ တခါသုံးကဒ်ရဖို့ ဂိတ်နားမှာ တည အိပ် ၂ ရက်စောင့်ကာ ဝင်ခဲ့ကြရ‌ပေမယ့် ဘယ်မှာ သွားအိပ်ရမယ်ဆိုတာတောင် မသိသေးဘူး၊ အလုပ် မေးနေဆဲလို့ ပြောပါတယ်။

လက်ရှိမှာလည်း တရုတ် နယ်စပ်ဘက်မှာ အလုပ်လုပ်ရဖို့ မျှော်လင့်ပြီး လက်ရှိ မူဆယ် နယ်စပ်မြို့မှာ နယ်စပ်ဖြတ်သန်းခွင့် ကဒ် စောင့်ဆိုင်းနေကြသူ မြန်မာလုပ်သား ထောင်ချီ ရှိနေဆဲ ဖြစ်ပါတယ်။

Photo Crd# CJ

 

Related posts

Leave a Comment

VOM News

FREE
VIEW