ဟိန္ဒူဘုရားတွေရဲ့ အမည်နာမနဲ့ ပူးကပ်သယောင် လုပ်တဲ့အပေါ် ဟိန္ဒူလူငယ်တွေ ဝေဖန်

 

ဖေဖော်ဝါရီ ၂၃ – ၂၀၂၄

SN (VOM)

ဟိန္ဒူဘာသာမှာ “သိုက်” ဆိုတဲ့ အယူအဆ မရှိတဲ့အတွက်

ဟိန္ဒူဘုရားတွေရဲ့ အမည်နာမနဲ့ ပူးသယောင်၊ ကပ်သယောင် ပြုလုပ်သူတွေဟာ လူလိမ်စစ်စစ်တွေသာဖြစ်တယ်လို့ ဟိန္ဒူလူငယ်တွေအကြား ဝေဖန်မှုတွေ ရှိနေပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက အနုပညာရှင်အသိုင်းအဝိုင်းမှ အမျိုးသမီးတယောက်ဟာ သိုက်ချော့တယ်လို့ ဆိုပြီး ဟိန္ဒူရိုးရာ အမျိုးသမီးအဝတ်အစားတွေကို ဝတ်ဆင်ကာ ပူးကပ်နေတဲ့ ရုပ်သံဖိုင်တခု လူမှုကွန်ယက်မှာ ပျံ့နှံ့ခဲ့ပြီးနောက် ဝေဖန်မှုတွေ မြင့်တက်ခဲ့ခြင်းဖြစ်ပြီး အဲ့ဒီ့နောက် ဟိန္ဒူဘာသာရေးအသိပညာအဖွဲ့ကလည်း အသိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။

“ထုတ်ပြန်ချက်ရဲ့ ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံမှာ တချို့ ဓာတ်၊ နတ်၊ သိုက်လောက က လူတွေက ဟိန္ဒူဘာသာရဲ့ မွန်မြတ်လှတဲ့ဘုရားရှင်တွေကို မသင့်တော်တဲ့လုပ်ရပ်တွေနဲ့ ရောယှက်နေကြတာကိုတွေ့ရလို့ပါ။ ဒီလို ရောယှက်မှုတွေက အလွန်အင်မတန် သရုပ်ပျက်သလို သာသနာ့ပုံရိပ်ကိုလည်း ညှိုးနွမ်းစေလို့ပါ။ အဓိကကတော့ မအေမီဈာန်ရဲ့ သရုပ်ပျက် သိုက်ချော့မှုလို့ ပြောလို့ရပါတယ်။ အဲ့ဒီမှာ ဟိန္ဒူဘာသာရဲ့ ဘုရားတွေကို ကုလားသိုက်ဆိုပြီး ဖော်ညွှန်းသွားတာက မသင့်တော်ဆုံး မို့လို့ပါ။ အဲ့လိုဖြစ်ရပ်တွေ နောက်နောင်မှာ ဖြစ်မလာဖို့အတွက် အသိပေးတဲ့သဘောနဲ့ တင်လိုက်ရခြင်းဖြစ်ပါတယ်” လို့ ဟိန္ဒူဘာသာရေးအသိပညာအဖွဲ့မှ တာဝန်ရှိသူတယောက်က ပြောပါတယ်။

ဘာသာရေးအရ “သိုက်” ဆိုတဲ့ အယူအဆ မရှိတဲ့အတွက် အမှန်တကယ် ပူးကပ်တယ် ဆိုရင်လည်း ဘုရားမဟုတ်ဘဲ မကျွတ်မလွတ် သရဲတစ္ဆေ၊ လမိုင်းတွေသာ ဖြစ်တယ်လို့ အဲ့ဒီ့အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပြီး ဟိန္ဒူဘုရားတွေကို မေတ္တာပို့ခြင်းကို လုံး၀လက်မခံသလို ဟိန္ဒူသာသနာကို အကြောင်းပြုပြီး ပူးကပ်ခြင်း ဖြစ်စဉ်တွေကိုလည်း အပြင်းအထန်ဆုံး ရှုတ်ချတယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

“သိုက်ဆိုတာကတော့ ဒီနိုင်ငံက ရိုးရာဓလေ့ အယူအဆဖြစ်တဲ့အတွက် လက်သင့်ခံပါတယ်။ သူ့စည်း သူ့ဘောင်ထဲက ဖြစ်တည်မှုတွေကို လက်ခံရုံသာမက လေးစားပါတယ်။ သို့ပေမယ့် မဆိုင်တဲ့ ဟိန္ဒူက ဘုရားတွေကိုပါ ရောနှောပြီး ကုလားသိုက်ဆိုပြီး မဆိုင်တဲ့နေရာကို ထည့်သွင်းတာက ဒီသာသနာကို အင်မတန် အကျည်းတန်ဖွယ်ကောင်းလို့ပါ။

အဲ့တော့ အယူအဆရောယှက်ပြီး ဟိန္ဒူဘုရားတွေကို မေတ္တာပို့တာ၊ အမျှဝေတာ စတဲ့ မသက်ဆိုင်တဲ့ အယူအဆတွေကို လူအများနားလည်သဘောပေါက်ပြီး အမှားမပြုစေချင်တာပါ” လို့ သူက ပြောပါတယ်။

ဒါ့ကြောင့် ဟိန္ဒူဘာသာရေး အသိပညာအဖွဲ့ အနေနဲ့ အခုလို အပြုအမူ ပြုမူသူ တဦးတယောက်ချင်းစီကို မှတ်တမ်းယူထားပြီး အမည်ပျက်စာရင်း သွင်းသွားမှာ ဖြစ်တယ်လို့ အသိပေး ကြေညာထားပါတယ်။

ဟိန္ဒူဘာသာရေး အသိပညာအဖွဲ့ကို ၂၀၂၁ ခုနှစ်မှစတင်ကာ ဟိန္ဒူလူငယ်တွေ စုပေါင်း ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ဘာသာရေးနဲ့ ပတ်သက်တဲ့ အသိဗဟုသုတတွေ ဝေမျှနေတဲ့ အဖွဲ့အစည်းတခုဖြစ်တယ်လို့ သိရပါတယ်။

Photo Crd: Original Uploader

Related posts

Leave a Comment

VOM News

FREE
VIEW