တန့်ဆည်နယ် ကံထူးမ ရဲစခန်းတိုက်ခိုက်ခံရပြီးနောက် ဒေသခံ ရွာပေါင်း ၂၀ ကျော် တိမ်းရှောင်နေရ

ဖေဖော်ဝါရီ ၊ ၂၅ ၊ ၂၀၂၄
SP (VOM)

စစ်ကိုင်းတိုင်း ၊ ရေဦးခရိုင် ၊ တန့်ဆည်မြို့နယ် ၊ ကံထူးမ စံပြကျေးရွာမှာရှိတဲ့ ကံထူးမ နယ်မြေရဲစခန်းကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၁ ရက် မနက်ပိုင်းမှာ ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေက တိုက်ခိုက်ခဲ့ပြီးနောက် ဖေဖော်ဝါရီ ၂၃ ရက်စပြီး အဲ့ဒီ ကံထူးမတိုက်နယ်ကို နစက စစ်ကြောင်းတွေက နယ်မြေရှင်းလင်းဖို့ ဝင်ရောက်လာတာကြောင့် အနားက ရွာပေါင်း ၂၀ ကျော်ဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အဲ့ဒီ အကြောင်းနဲ့ ပတ်သက်ပြီး ကံထူးမ ဒေသခံတယောက်က
“ကံထူးမစံပြကျေးရွာဆိုတာ တန့်ဆည်မြို့ရဲ့ အနောက်ဘက် ၉ မိုင်လောက်ပဲဝေးတယ် ၊ မုံရွာ – ကလေးဝ မဟာမြိုင် ကားပေါ်မှာရှိတယ် ၊ အဲ့ဒီ ကံထူးမရွာနားမှာ ကျေးရွာပေါင်း ၂၀ ကျော်ရှိတယ် ၊ အဲ့ဒီ ရွာတွေက ရွာခံတွေက ကံထူးမ ရဲစခန်းတိုက်မယ်လို့ သတင်းကြားရကတည်းက တိုက်ပွဲရှောင်နေတာဖြစ်တယ် ၊ ၂၁ ရက်မှာ ကံထူးမ ရဲစခန်းတိုက်ခံရပြီးနောက် မြေပြင် စစ်ကြောင်းတွေက ၂၃ ရက်မှာ ဝင်ရောက်လာတယ် ၊ ကံထူးမရွာနားက ရွာတွေမှာ တိုက်ပွဲတွေဖြစ်တယ် ၊ အဲ့ဒါကြောင့် ရဲစခန်းအပါအဝင် လူနေအိမ်တွေနဲ့ အဆောက်အဦး တချို့ မီးလောင်ပျက်စီးကုန်တယ် ၊ ဒါ့အပြင် အင်တိုင်း၊ စီးကြီး၊ အနောက်ကုန်း၊ တောင်စွန်း၊ မှန်ချိုင်၊ ပန္နဲကုန်း၊ သရက်ကွ၊ မှန်ရင်း၊ ကန်ပေါက်၊ ကိုးတောင်ဘို့၊ ဝါးရုံကန်၊ အင်တံခါး၊ သာယာကုန်း၊ ရွာသစ်၊ ညောင်ရင်း၊ ရွှေကြာတန်း၊ ကုန်းရိုး၊ သပြေရင်း ခရမ်းခြံ၊ ကော်တက်၊ ကံထူးမ၊ အင်ရေအိုး၊ ရေရှင် စတဲ့ ကျေးရွာ နှစ်ဆယ်လောက်က ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ် ” လို့ ပြောပါတယ်။

အဲ့ဒီ ကံထူးမ ထိတွေ့မှုဖြစ်စဥ်နဲ့ ပတ်သက်ပြီး ရေဦးခရိုင် လုံခြုံရေး အဖွဲ့နဲ့ နီးစပ်သူ တယောက်က
” ဒီရက်ပိုင်းအတွင်း ကံထူးမဘက်ကို နယ်မြေရှင်းလင်းရေး လုပ်ငန်းတွေ စတင်လုပ်ဆောင်နေပြီဖြစ်တယ် ၊ မနေ့က မြေကော်ယာဥ် ယန္တယားတစီး ၊ ဒရုန်း တစီး ၊ အေကေ သေနတ် ေတွအပါအဝင် လက်နက်ခဲယမ်းတွေနဲ့ ရုပ်အလောင်းတချို့ သိမ်းဆည်းရမိထားတယ် ၊ အရေအတွက်တော့ မသိရသေးဘူး ” လို့ ပြောပါတယ်။

တန့်ဆည်မြို့ခံ တယောက်က
” လူဦးရေရဲ့ သုံးပုံ ၊ နှစ်ပုံကျော်ဟာ ၂၀၂၁ ကစလို့ နေရပ်စွန့်ခွာ ထွက်သွားကြတယ် ၊ အခုထိပဲဖြစ်တယ် ၊ ကျန်တဲ့ လူဦးရေးရဲ့ တဝက်ကျော်ဟာလည်း တိုက်ပွဲရှောင် ပြေးလွှားနေရတယ် ၊ တန့်ဆည်မှာ လက်ရှိ အခြေအနေရဆိုရင် အလွန်ဆုံးရှိမှ လူဦးရေ တသောင်းအထက်မပိုဘူး ၊ နောက်ပြီး ကျေးရွာပေါင်း ၂၇၁ ရွာမှာ ရွာပေါင်း နှစ်ရာကျော် မီးရှို့ဖျက်ဆီးခံရတယ် ၊ တချို့ရွာတွေဆိုရင် ဇီးရိုးရွာတွေဖြစ်ကုန်တယ် ၊ တန့်ဆည်နယ်မှာ အခြေခံပညာကျောင်းပေါင်း ၁၆၄ ကျောင်းနဲ့ ဘုန်းတော်ကြီးသင် ကျောင်း ၄ ကျောင်းရှိတယ် ၊ အဲ့ဒီထဲက ကျောင်းပေါင်း လေးကျောင်းလောက်ပဲဖွင့်နိုင်တယ် ၊ ကျန်တဲ့ကျောင်း ၁၆၀ လောက်က ၂၀၂၁ ကနေစလို့ ဒီကနေ့အထိ ပိတ်ထားရတယ် ၊ တန့်ဆည်မြို့မှာ ပြီးခဲ့တဲ့ သုံးနှစ်အတွင်း မြို့ပေါ်တိုက်ပွဲ ကြီးကြီးမားမား လေးကြိမ်ဖြစ်တယ် ၊ အဲ့ဒီ တိုက်ပွဲတွေမှာ နှစ်ဘက် လူအသေအပျောက် အများအပြားဖြစ်တယ် ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ နိုဝင်ဘာ ၂၂ ရက်ကလည်း တန့်ဆည်မြို့ပေါ်မှာရှိတဲ့ ဌာနဆိုင်ရာ စုပေါင်းနေရာတွေကို ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

၂၀၂၃ စက်တင်ဘာ ၂၂ ရက် ၊ မနက်အစောပိုင်း ၁ နာရီဝန်းကျင်ကလည်း ဒေသတွင်း လက်နက်ကိုင် PDFအဖွဲ့တွေက လာရောက်တိုက်ခိုက်လို့ ဌာနဆိုင်ရာရုံးတချို့ မီးလောင်ပျက်စီးပြီး ရဲတပ်ဖွဲ့ဝင် ငါးယောက်နဲ့ ပြည်သူ့စစ် တပ်ဖွဲ့ဝင် လေးယောက် သေဆုံးခဲ့ပါတယ်။

၂၀၂၂ တုန်းကလည်း တန့်ဆည်မြို့ ၊ မြို့တောင်ဘက် အဝင် ဂိတ်နေရာမှာ တာဝန်ကျ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ကားနဲ့အသွား ပစ်ခတ်ခံရပြီး ရဲ ခြောက်ယောက်သေဆုံးကာ ၊ သေနတ် ခုနှစ်လက်ပါသွားတာ ဖြစ်ခဲ့ပါသေးတယ်။

တန့်ဆည်မြို့ဟာ ၁၉၈၈ သြဂုတ် အရေးအခင်းကာလတုန်းက မြို့ခံလူထုက မြို့ပေါ်မှာရှိတဲ့ ရဲစခန်းကို ဝင်ရောက်စီးနင်းပြီးနောက် မြို့နယ်ရဲတပ်ဖွဲ့မှူး အပါအဝင် ရဲတပ်ဖွဲ့ဝင်တချို့ ခေါင်းဖြတ်သတ်ခံရတဲ့ ဖြစ်စဥ်တွေလည်း ပေါ်ပေါက်ခဲ့ကြောင်း မှတ်တမ်းတွေအရ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW