ဖားကန့်နယ်မှာ စျေးဝယ်ထွက်လာတဲ့ ရဲသုံးယောက် ပစ်သတ်ခံရ

ဖေဖော်ဝါရီ ၊ ၂၅ ၊ ၂၀၂၄
SP (VOM)

ကချင်ပြည်နယ် ၊ မိုးညှင်းခရိုင် ၊ ဖားကန့်မြို့နယ် ၊ ဆိုင်တောင်စျေးကို စျေးဝယ်ထွက်တဲ့ ရဲသုံးယောက်ဟာ ဒီကနေ့မနက် ၉ နာရီဝန်းကျင်က ပစ်သတ်ခံရလို့ တယောက်သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အဲ့ဒီ အကြောင်းနဲ့ ပတ်သက်ပြီး ဒေသခံ တယောက်က
” ဖားကန့်မှာ လေးငါးရက်ရှိပြီ မိုးဆက်တိုက်ရွာနေတာ ၊ ဒီမနက်က မိုးဆဲတုန်းအချိန်လေး ရဲတွေစျေးဝယ်ထွက်ကြတယ် ၊ အဲ့ဒီ အချိန် လမ်းမှာ ပစ်သတ်ခံရတာ ၊ အရာရှိတယောက်က နေရာတင် သေဆုံးပြီး ၊ သူနဲ့အတူပါလာတဲ့ ရဲတယောက်က အဖမ်းခံလိုက်ရတယ် ၊တယောက်ပျောက်နေတယ်။ ဘယ်အဖွဲ့က လုပ်သွားတယ်ဆိုတာ အခုထိ မသိရသေးဘူး ” လို့ ပြောပါတယ်။

ဒါ့အပြင် ကချင်ပြည်နယ် ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က ” ဒီမနက် ၉ နာရီဝန်းကျင်က စျေးသွားဝယ်တဲ့ ရဲသုံးယောက် ပစ်ခံရတယ် ၊ ရဲအရာရှိ အပတ်စဥ် ၆၅ က ရဲအုပ် အောင်စစ်မောင် ဆိုသူက နေရာမှာပဲ သေဆုံးတယ် ၊ သူနဲ့အတူသွားတဲ့ တပ်ဖွဲ့ဝင် နှစ်ယောက်ထဲက တယောက်ကဖမ်းဆီးခံရပြီး ကျန်တယောက်က အခုထိ ပျောက်ဆုံး ဆက်သွယ်မရဖြစ်နေတယ်လို့ ကနဦး သိရတယ် ၊ ဖြစ်စဥ် အသေးစိတ်တော့ မသိရသေးဘူး” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ စက်တင်ဘာ ၂၁ ရက် ညနေ ၅ နာရီဝန်းကျင်ကလည်း ဖားကန့်မြို့နယ် ၊ ဆိပ်မူးကျေးရွာ ၊ အမှတ် ၂ ရပ်ကွက်မှာရှိတဲ့ ပြင်ပ ဆေးခန်းတခုကို လာပြတဲ့ ရဲတပ်ကြပ်ကြီး ဝင်းဇော်ဦး ဆိုသူပစ်သတ်ခံရပြီး သူနဲ့အတူ လိုက်ပါလာတဲ့ ရဲတယောက်လည်း ဒဏ်ရာရခဲ့ပါတယ် ၊ အဲ့ဒီ ဒဏ်ရာရတဲ့ ရဲတပ်ဖွဲ့ဝင်က ဖားကန့်ပြည်သူ့ဆေးရုံမှာ ဆေးရုံတက် ကုသမှုခံယူနေစဥ် ၂၀၂၃ စက်တင်ဘာ ၂၅ ရက် နေ့လယ်ပိုင်းက ပစ်သတ်ခံရတယ်လို့ သိရပါတယ်။

ဖားကန့်နယ်မြေဟာ ဒေသခံ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရှိပြီး မကြာခဏ ဆိုသလို အပြန်အလှန် ထိတွေ့ပစ်ခတ်မှုတွေဖြစ်ပွားပြီး ရဲတပ်ဖွဲ့ဝင်တွေ ၊ ပြည်သူ့စစ်တွေ အပါအဝင် ၂ ဘက် ထိခိုက်ကျဆုံးမှုတွေရှိတယ်လို့ ဒေသခံတွေဆီ က သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၂၂ – ၂၃ တုန်းက စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ၊ ဆားလင်းကြီးမြို့ပေါ်မှာ စျေးထွက်ဝယ်တဲ့ ရဲလေးယောက် ပစ်သတ်ခံရပြီး လက်နက်ခဲယမ်းတွေပါသွားခဲ့တယ်လို့ သိရပါတယ်။ ဒီအပြင် ဆားလင်းကြီးမြို့နယ် ညောင်ပင်ကြီးရဲကင်းစခန်းက ရဲတပ်ဖွဲ့ဝင် လေးယောက်လည်း အလားတူ စျေးဝယ်ထွက်ရင်း လမ်းမှာ ပစ်သတ်ခံရလို့ သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW