ချောက်မြို့ပေါ်က ရပ်ကွက်အုပ်ချုပ်ရေးမှူး လင်မယား အပစ်ခံရလို့ အုပ်ချုပ်ရေးမှူး သေဆုံး

ဖေဖော်ဝါရီ ၊ ၂၇ ၊ ၂၀၂၄
SP (VOM)

မကွေးတိုင်း ၊ ချောက်မြို့ ၊ အမှတ် ၁၄ ရပ်ကွက် ၊ ရတနာ (၂) စားသောက်ဆိုင်ထဲမှာ မနေ့ ဖေဖော်ဝါရီ ၂၆ ရက် ၊ ည ၈ နာရီဝန်းကျင်က ရပ်ကွက်အုပ်ချုပ်ရေးမှူး လင်မယား နှစ်ယောက် ပစ်သတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒီ အကြောင်းနဲ့ ပတ်သက်ပြီး ချောက်မြို့နေ ဒေသခံတယောက်က “” မနေ့ညက ၈ နာရီဝန်းကျင်မှာ အမှတ် ၁၄ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်ကိုကိုဝင်း ၄၂ နှစ်ဆိုသူက သူ့မိန်းမ မသားသားနဲ့အတူ ရတနာ ၂ စားသောက်ဆိုင်ထဲမှာ ထိုင်နေတဲ့အချိန် ၊ အနော်ရထာ တံတားချဉ်းကပ်လမ်းအတိုင်း ဆိုင်ကယ်စီးလာတဲ့ အမည်မသိ (စုံစမ်းဆဲ) လူနှစ်ယောက်က ဆိုင်ထဲရှိ အုပ်ချုပ်ရေးမှူး လင်မယား နှစ်ယောက်ကို ဝင်ရောက်ပစ်သတ်သွားတယ် ၊ သေနတ်သံ ခုနှစ်ချက် ၊ ရှစ်ချက်လောက်ရှိမယ် ၊ အဲ့ဒီ ပစ်ခတ်မှုကြောင့် အုပ်ချုပ်ရေးမှူး ဦးအောင်ကိုကိုဝင်း ဆိုသူဟာ နေရာမှာပဲ သေဆုံးတယ် ၊ သူ့မိန်းမ မသားသားဆိုသူက ဘယ်ညာ ဗိုက်နေရာ နှစ်ချက်မှန်တယ် ၊ အခြေအနေက အသက်အန္တရာယ်စိုးရိမ်နေရတယ် ” လို့ ပြောပါတယ်။

ဒီ ဖြစ်စဉ်နဲ့ ပတ်သက်လို့ ချောက်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။

ချောက်မြို့နယ်ဟာ မြို့ပေါ်လူနေရပ်ကွက်ပေါင်း ၂၀ ရှိပြီး ၊ ကျေးရွာအုပ်စု ၅၁ အုပ်စု ၊ ကျေးရွာပေါင်း ၂၂၆ ရွာရှိတယ်လို့ သိရကာ ရပ်ကွက် အုပ်ချုပ်ရေးမှူး အသတ်ခံရတဲ့ ဖြစ်စဉ်ဟာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၃ ရက်က မကွေးတိုင်း ဆင်ပေါင်ဝဲမြို့နယ်မှာ မြို့နယ်တရားသူကြီး တာဝန်ထမ်းဆောင်နေသူ ဦးထွန်းထွန်းနိုင်ဆိုသူဟာ အဲ့ဒီနေ့မနက်ပိုင်းက သူ့ရဲ့ဇာတမွေးရပ်မြေ နတ်မောက်မြို့နယ် ၊ ကမ်းပြိုရွာကိုသွားတဲ့အခါ ဖမ်းဆီးသတ်ဖြတ်ခံရတယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီ ၁၂ ရက် ကလည်း တောင်တွင်းကြီးမြို့ ၊ ရခိုင်ဘုရားဝန်းနားမှာ နေ့လယ် ၂ နာရီဝန်းကျင်က ပင်ချောင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဝင်းအောင် အပါအဝင် လူ သုံးယောက် ပစ်သတ်ခံရပြီး ၊ အဲ့ဒီ အပြင် နတ်မောက်မြို့နယ် ၊ ကုလားရှင်စံပြကျေးရွာက အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဌေး ဆိုသူလည်း ပစ်သတ်ခံရကာ ဒီရက်ပိုင်းအတွင်း မကွေးတိုင်းမှာ လူသတ်မှုဖြစ်စဉ်တွေ များပြားလာတယ်လို့ သိရပါတယ်။

Photo Crd: Original Uploader

Related posts

Leave a Comment

VOM News

FREE
VIEW