ဒိုက်ဦးက ပျောက်ဆုံးနေတဲ့ သုံးနှစ်အရွယ် ကလေးငယ်ကို ဒီမနက်ပိုင်းမှာ သေဆုံးလျက် ပြန်တွေ့

 

ဖေဖော်ဝါရီ ၂၇ – ၂၀၂၄

SN (VOM)

ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်၊ ရှမ်းစုကျေးရွာအနောက်ပိုင်းက သုံးရက်ကြာ ပျောက်ဆုံးနေတဲ့ သုံးနှစ်နဲ့ နှစ်လအရွယ် ကလေးငယ် မောင်ဇွဲမာန်သစ်ကို ဒီကနေ့ ဖေဖော်ဝါရီ ၂၇ ရက်၊ မနက် ၈ နာရီဝန်းကျင်မှာ အိမ်နဲ့ မနီးမဝေးဆီက ချောင်းရိုးတခုမှာ သေဆုံးလျက် ပြန်လည် တွေ့ရှိခဲ့တယ်လို့ မိသားစုဝင်တယောက်က ပြောပါတယ်။

ကလေးငယ်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၄ ရက် ညနေ ၅ နာရီဝန်းကျင်က နေအိမ်ခြံဝင်းအတွင်း ရှိနေစဉ် ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

“ပြန်တွေ့တာတော့ ရှမ်းစုကနေ လယ်နှစ်ကွက်ကျော်ပေါ့။ သူတို့အိမ်နဲ့ နည်းနည်းတော့လှမ်းတယ်။ အဲ့ဘက်မှာဆိုရင် ရန်ကုန်-မန္တလေး ကားလမ်းမကြီးရှိတယ်။ လမ်းမအဟောင်းပါ။ အဲ့ဒီ့ ကားလမ်းကို ကျော်သွားရင် အဲ့မှာ အရင်တုန်းက လွမ်းစေတီ ဆိုတာရှိတယ်။ အောင်ဆန်းသူရိယလှသောင်း ကျဆုံးခဲ့တဲ့ နေရာလေးပေါ့။ အဲ့ဒီ့နေရာမှာ ချောင်းရိုးလေးရှိတယ်။ ကလေးကို အဲ့ ချောင်းရိုးလေးမှာ ပြန်တွေ့တာပါ” လို့ မိသားစုဝင်တယောက်က ပြောပါတယ်။

လက်ရှိမှာ အဲ့ဒီ့ ကလေးငယ်ကို ဦးခေါင်းဒဏ်ရာနဲ့ ရေထဲမှာ သေဆုံးလျက်ပြန်တွေ့ခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် ကလေးရဲ့ မိသားစုဝင်ကတော့ ဒါကို ငြင်းဆိုထားပါတယ်။

“ဦးခေါင်းဒဏ်ရာကတော့ မဟုတ်ပါဘူး။ ‌ခေါင်းက ရေနူးနေတာတော့ ရှိတယ်။ ဆရာဝန် ဆေးစစ်ချက်ဘာညာတော့ ထွက်မလာသေးဘူး။ ဘာ့ကြောင့် သေတယ် ဆိုတာကလည်း ခုချိန်မှာ စစ်ဆေးနေတုန်းဆိုတော့ ဘာမှန်းမသိသေးဘူး။ ကလေးက အဖော်မပါဘဲ အိမ်ခြံပြင်တွေဘာတွေ ထွက်‌စမရှိဘူး။ အဲ့တော့ ဒီချောင်းရိုးကို သူ့ဘာသာသူ ရောက်သွားတာတော့ မဖြစ်နိုင်ဘူး။ များသောအားဖြင့်တော့ အကုန်လုံးက ထင်ကြတာတော့ ကလေးကတော့ သူ့ချည်းသက်သက် ဒီလောက်အကွာအဝေး မရောက်နိုင်ဘူးပေါ့။ ရဲစစ်ချက်ကတော့ ဘယ်လို ထွက်လာဦးမလဲတော့ ကျွန်တော်တို့လည်း မသိသေးဘူး။ သင်္ဂြိုဟ်တာက‌တော့ ရင်ခွဲရုံကနေ ဆေးစစ်ချက်ထွက်လာပြီးတာနဲ့ တန်းပြီး သင်္ဂြိုဟ်မှာပါ။ ဘာလို့ဆို ကလေးက ထားလို့လည်း မရတော့ဘူးလေ” လို့ သူက ပြောပါတယ်။

လက်ရှိမှာ ကလေးရဲ့အလောင်းကို ရဲလုပ်ထုံးလုပ်နည်းအညီ စစ်ဆေးနေဆဲဖြစ်ပြီး ဆေးစစ်ချက်‌အဖြေရပြီးတာနဲ့ ရှမ်းစုသုဿန်မှာ ချက်ချင်း မီးသွင်းသင်္ဂြိုဟ်ဖို့ စီစဉ်ထားတယ်လို့ သူက ပြောပါတယ်။

အခုရက်ပိုင်းအတွင်း ကလေးငယ် ပျောက်ဆုံးမှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၅ ရက်၊ မွန်းလွဲ ၂ နာရီ အချိန်ဝန်းကျင်ကလည်း စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ အောင်သစ္စာရပ်ကွက်၊ ရွှေကျောင်းတော်အနီးနေ အသက် လေးနှစ်အရွယ် မမေဇင်ကျော်လည်း ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။

Photo Crd: Original Uploader

 

Related posts

Leave a Comment

VOM News

FREE
VIEW