မူဆယ် ကောင်းမှုလွယ်မှာ ကားပေါ် မတော်တဆ ပေါက်ကွဲမှုကြောင့် ငါးယောက် ဒဏ်ရာရ

 

မတ် ၅၊ ၂၀၂၄

Shy V (VOM)

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့၊ ကောင်းမှုလွယ် နယ်မြေ ၆ က ဆန်ဂိုဒေါင်ရှိ တရုတ် ၁၂ ဘီးကားပေါ်မှာ မတ်လ ၅ ရက်နေ့ မနက် ၁၀ နာရီ ခွဲ ဝန်းကျင်က မတော်တဆပေါက်ကွဲမှု ဖြစ်ပွားပြီး အလုပ် သမား ငါးယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

“တိုင်ကီလို အိုးထဲ ဘာတွေရှိလဲတော့ မသိဘူး။ အလုပ်လုပ်ဖို့ သွားရင်း ဖွင့်လို့ မရလို့ ကျောက်စက်နဲ့ တိုက်ဖွင့်လိုက်တော့ အဲဒီမှာ ပွင့်ထွက် သွားတာပဲ။ ပေါက်ကွဲမှု ဖြစ်တာ။ ထိခိုက်တဲ့ သူတွေက အကုန်လုံး အလုပ်သမား။ အလုပ်သမား ငါးယောက်။ နှစ်ယောက် ဆိုရင် သူက အပေါ်ကို မြောက်ပြီးမှ ပြန်ပြုတ်ကျလာတာ။” လို့ ကူညီ ခဲ့သူ တယောက်ကပြောပါတယ်။

ထိခိုက်ဒဏ်ရာရသူ ငါးယောက်ထဲက ကျောက်စက် တိုက်တဲ့ သူက မျက်လုံးထိ ခိုက်သွားပြီး နှစ်ယောက်က မီးလောင် ဒဏ်ရာရကာ ကျန်ကယောက်က လေပေါ် မြောက်တက်ပြီး ပြန်ပြုတ်ကျလာတာကြောင့် နှစ် ယောက်ထဲက တယောက်က လက်ကျိုးသွားရာ အသက်အန္တရာယ်တော့ မစိုးရိမ်ရဘူးလို့ သူက ပြောပါတယ်။

ပေါက်ကွဲမှု ဖြစ်ပွားတဲ့ နေရာကို မြို့နယ် ဗဟိုမီးသတ် အဖွဲ့၊ ကောင်းမှုလွယ် မီးသတ်အဖွဲ့၊ ရွှေလင်းရောင် လူမှုကူညီရေးအသင်း၊ သဒ္ဓါဖြူစင် ပရဟိတအသင်း၊ နှလုံးလှ ပရဟိတ အသင်းတို့ သွားရောက် ကူညီ ကယ်ဆယ်ခဲ့ပြီး ဒဏရာရရှိသူတွေကို ဗဟို ပုဂ္ဂလိကဆေးရုံသို့ ကူညီ ပို့ဆောင်ပေးခဲ့ တယ်လို့ ဆိုပါတယ်။

“ဆန်ဂိုဒေါင်မှာလို့ သိရတယ်။ ပေါက်တာတော့။ ဆေးရုံရောက်လာမှ မေးရတယ်ဆိုတော့ ဘယ်လိုဖြစ်တယ် ဆိုတာတော့ အသေးစိတ် မသိရဘူး။ အလုပ်သမားတွေပါ။ ထိတဲ့ သူ တွေက အမျိုးသားတွေပါ။ အရမ်ဆိုးတဲ့ နှစ်ယောက်ထဲက တယောက်က အသက် ၃၃ နှစ်၊ တယောက်က ၂၆ နှစ်ပါ။ ကျန် နှစ်ယောက်က ဆေးရုံ မတက်ရတော့ အသက် ဘယ် လောက်လဲ မသိဘူး။ ဆေးရုံကိုတော့ လေးယောက်ပဲ ရောက်လာတယ်” လို့ ဆေးရုံ ဝန်ထမ်း တယောက်က ပြောပါတယ်။

အန္တရယ် ဖြစ်စေနိုင်တဲ့ အရာဆိုရင် မဖြစ်သင့်တာ မဖြစ်ရအောင် ပစ္စည်း တင်ထားသူ အနေနဲ့ သတိပေး အမှတ် အသားတွေ လုပ်ထားသင့်ကြောင်း ကူညီ ကယ်ဆယ်သူတွေက ပြောပါတယ်။

Photo Crd# ဒေသခံ

 

Related posts

Leave a Comment

VOM News

FREE
VIEW