အင်ဒိုနီးရှားမှာ လေယာဉ်ပျံသန်းစဉ်အတွင်း လေယာဉ်မှူးနှစ်ဦးစလုံး နာရီဝက်နီးပါးကြာ အိပ်ပျော်သွားမှု စုံစမ်းစစ်ဆေးနေ

 

ဂျကာတာ၊ မတ်-၁၁-၂၀၂၄

မျိုးဆက်(VOM)

အင်ဒိုနီးရှားနိုင်ငံမှာ ပြည်တွင်းလေကြောင်းလိုင်း Batik Air က ခရီးသည်တင်လေယာဉ်တစ်စင်းဟာ ပျံသန်းနေစဉ်အတွင်း လေယာဉ်မှူးနှစ်ယောက်စလုံး နာရီဝက်နီးပါးကြာ အိပ်ပျော်သွားတာနဲ့ပတ်သက်ပြီး အာဏာပိုင်တွေက စုံစမ်းစစ်ဆေးနေပါတယ်။

လေယာဉ်မှူးအဖြစ်ကနေ ယာယီရပ်ဆိုင်းခံရတဲ့ အဲဒီလေယာဉ်မှူးနှစ်ဦးဟာ ဆူလာဝေစီကနေ မြို့တော် ဂျကာတာကို ဇန်နဝါရီ ၂၅ ရက်က ပျံသန်းစဉ်မှာ နှစ်ယောက်စလုံး အိပ်ပျော်သွားခဲ့တာဖြစ်ပါတယ်။

လေယာဉ်ထွက်ခွာပြီးနောက် နာရီဝက်အကြာမှာ အသက် ၃၂ နှစ်အရွယ် လေယာဉ်မှူးက အနားယူဖို့လိုတယ်ဆိုကာ တွဲဖက်လေယာဉ်မှူးကို လေယာဉ်ထိန်းချုပ်ဖို့ မှာကြားပြီး အိပ်ပျော်သွားခဲ့တယ်လို့ အင်ဒိုနီးရှား ပို့ဆောင်ရေးဝန်ကြီးဌာနက ပြောပါတယ်။

ဒါပေမယ့်လည်း လေယာဉ်ကို ထိန်းချုပ်မောင်းနှင်နေတဲ့ အသက် ၂၈ နှစ်အရွယ် တွဲဖက်လေယာဉ်မှူးဟာလည်း အမှတ်မထင် အိပ်ပျော်သွားခဲ့ပြီး လေယာဉ်မှူးအခန်းကို ဆက်သွယ်မှုတွေအပေါ် တုံ့ပြန်မှု တစုံတရာမလုပ်နိုင်ခဲ့ပါဘူး။

သူတို့ထဲက တယောက်ဟာ အမွှာကလေးငယ်မွေးထားပြီး ကလေးတွေကို ပြုစုစောင့်ရှောက်ခဲ့ရလို့ ပင်ပန်းနွမ်းနယ်နေတယ်လို့ သတင်းတွေက ဆိုပါတယ်။

ဒီဖြစ်စဉ်ဟာ ၂၈ မိနစ်ကြာမြင့်ခဲ့ပြီး နောက်ပိုင်းမှာတော့ လေယာဉ်မှူးပြန်နိုးလာပြီး အဲလ်ဘတ်စ် အေ ၃၂၀ အမျိုးအစားဟာ လမ်းကြောင်းအနည်းငယ်လွဲချော်ခဲ့ပေမယ့် ခရီးသည်နဲ့ အမှုထမ်း ၁၅၃ ယောက်လုံး အန္တရာယ်မရှိဘဲ ဘေးကင်းစွာ ဆင်းသက်နိုင်ခဲ့ပါတယ်။

Ref:BBC

Photo:Getty Images

 

Related posts

Leave a Comment

VOM News

FREE
VIEW