ရာဖာမြို့ကို အစ္စရေးထိုးစစ်ဆင်ရင် လက်နက်ထောက်ပံ့မှုတွေ ရပ်မယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ပြော



ဝါရှင်တန် ၊ မေ-၉-၂၀၂၄
မျိုးဆက်(VOM)

အစ္စရေးအနေနဲ့ ရာဖာမြို့ကို ထိုးစစ်ဆင်တိုက်ခိုက်မယ်ဆိုရင် အမေရိကန်က လက်နက်အချို့ထောက်ပံ့မှုကို ရပ်ဆိုင်းသွားမှာဖြစ်ကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က သတိပေးပြောဆိုလိုက်ပါတယ်။

“ အစ္စရေးတပ်တွေ ရာဖာထဲရောက်သွားရင် ကျွန်တော်တို့ရဲ့ လက်နက်တွေ ထုတ်ပေးမှာ မဟုတ်ပါဘူး” လို့ အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က စီအင်န်အင်န်နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ဆိုပါတယ်။

အမေရိကန်ဘက်က ခိုင်မာပြတ်သားတဲ့ ကန့်ကွက်မှုတွေရှိနေပေမယ့် အစ္စရေးကတော့ ရာဖာကို အကြီးအကျယ်ထိုးစစ်ဆင်ဖို့ အသင့်ဖြစ်နေပုံရပါတယ်။ ဂါဇာတောင်ပိုင်းရှိ လူစည်ကားတဲ့ ဒီမြို့ဟာ ဟားမတ်စ်တို့ရဲ့ နောက်ဆုံးအမာခံမြေလည်းဖြစ်ပါတယ်။

ဂါဇာကမ်းမြှောင်အခြားဒေသတွေက ဒုက္ခသည်အများအပြားပါ ခိုလှုံနေတဲ့ရာဖာကို အစ္စရေးက စစ်ဆင်ရေးလုပ်မယ်ဆိုရင် အရပ်သားအသေအပျောက် များပြားနိုင်တယ်လို့ အမေရိကန်တာဝန်ရှိသူတွေက သတိပေးထားပါတယ်။

“ ဒီလိုလုပ်မယ်ဆိုရင် လက်နက်တွေနဲ့ အမြောက်ကျည်တွေ ထောက်ပံ့ပေးမှာ မဟုတ်တော့ပါဘူး။ ဒါကို နေတန်ယာဟုနဲ့ အစ္စရေးစစ်ဝန်ကြီးအဖွဲ့ကို ရှင်းရှင်းလင်းလင်း ပြောပြထားတယ်” လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ပြောပါတယ်။

အမေရိကန်အနေဖြင့် ရာဖာမြို့ကို စစ်ဆင်ရေးနယ်မြေအဖြစ် ယူဆမထားကြောင်းနဲ့ ဂါဇာအရပ်သားတွေ သေဆုံးမှုမှာ အမေရိကန်လက်နက်တွေအသုံးပြုခဲ့တဲ့အပေါ် ဂျိုးဘိုင်ဒင်က ဝန်ခံပြောဆိုခဲ့ပါတယ်။

Ref:BBC
Photo:Getty Images

Related posts

Leave a Comment

VOM News

FREE
VIEW