မန္တလေးကနေ မြစ်ကြီးနားကိုထွက်လာတဲ့ ခရီးသည်ကား မိုင်းဆွဲခံရလို့ နှစ်ယောက်သေ ၊ နှစ်ယောက်ဒဏ်ရာရ

 

မတ် ၊ ၁၇ ၊ ၂၀၂၄
SP ( VOM)

ဒီကနေ့ မနက်ပိုင်းက မန္တလေးမြို့ကနေ မြစ်ကြီးနားမြို့ကို ထွက်ခွာလာတဲ့ ခရီးသည်တင် ကားတစီးဟာ စစ်ကိုင်းတိုင်း ၊ ရွှေဘိုမြို့နယ် ၊ ရွှေဘို – ကျောက်မြှောင်းကားလမ်း ၊ တအုံကျေးရွာနားမှာ မိုင်းဆွဲခံရလို့ ယာဥ်ပေါ်ပါ ခရီးသည်တချို့ သေဆုံး ၊ ဒဏ်ရာရခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။

ကူညီဆောင်ရွက်ပေးခဲ့တဲ့ ပရဟိတသမားတယောက်က ” ဒီမနက် ၈ နာရီဝန်းကျင်မှာ ဖြစ်တယ် ၊ မိုင်းထိမှန်ထားတဲ့ကားက နုတ်အမျိုးအစား ကချင်မင်းသား ခရီသည်တင် ကားလေးဖြစ်တယ် ၊ အခင်းဖြစ်နေရာမှာ ခရီးသည် နှစ်ယောက်သေတယ် ၊ သေဆုံးသူတွေကတော့ မသဲမာကျော် ၃၉ နှစ်နဲ့ အမည်မသိ ( Unknow ) တယောက်ဖြစ်တယ် ၊ ဒါ့အပြင် ဒဏ်ရာရ ခရီးသည် နှစ်ယောက်လည်း ရှိတယ် ” လို့ ပြောပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်လို့ ကချင်မင်းသား မြစ်ကြီးနားဂိတ် တာဝန်ရှိသူတယောက်က ” ဒီမနက် မန္တလေးကနေ မြစ်ကြီးနား အထွက်ကားဖြစ်တယ် ၊ ရွှေဘိုနယ်ထဲမှာ မိုင်းဆွဲခံရတယ်လို့ ကြားရတယ် ၊ ထိခိုက်ပျက်စီးမှု မသိရသေးဘူး ” လို့ ပြောပါတယ်။

မန္တလေး – မြစ်ကြီးနား ပြေးဆွဲနေတဲ့ ကားသမားတယောက်က ” မန္တလေး မြစ်ကြီးနားကို အရင်က မန္တလေး ၊ ကြံညှပ် ၊ တကောင်း ၊ ထီးချိုင့် ၊ အင်းတော် လမ်းပိုင်းကနေ သွားကြတာများတယ် ၊ ဒီရက်ပိုင်း ထီချိုင့်နယ်မှာက တိုက်ပွဲတွေပြန်ဖြစ်နေတော့ လမ်းတွေပိတ်ထားတယ် ၊ အဲ့ဒါကြောင့် ကားတွေက အင်းတော် ၊ ကျောက်တန်း ၊ ရွှေဘို ၊ ကျောက်မြှောင်း လမ်းကနေ ပြေးဆွဲရတာဖြစ်တယ် ” လို့ ပြောပါတယ်။

ရွှေဘိုမြို့ခံတယောက်ကလည်း ” ရွှေဘို ကျောက်မြောင်းလမ်းမှာ ပြီးခဲ့တဲ့ နှစ်တွေက မိုင်းဆွဲခံရတဲ့ဖြစ်စဥ်တွေရှိဖူးတယ် ၊ အခုလို ခရီးသည်တင်ကား မိုင်းထိခံရတာ ပထမဆုံးဖြစ်စဥ်် ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ကနေစလို့ ၂၀၂၃ နှစ်ကုန်အထိ စစ်ကိုင်းတိုင်းထဲက မုံရွာ ၊ ပုလဲ ၊ ဂန့်ဂေါ ၊ ကလေး လမ်းပိုင်း ၊ တမူး ၊ ကလေး ၊ ကလေးဝ ၊ တန့်ဆည် ၊ ရေဦး ၊ ခင်ဦး ၊ ရွှေဘို ၊ မန္တလေး လမ်းပိုင်း ၊ မြစ်ကြီးနား ၊ ကန့်ဘလူ ၊ ရွှေဘို လမ်းပိုင်း ၊ ရွှေဘို ကျောက်မြောင်း လမ်းပိုင်း ၊ မုံရွာ ၊ အရာတော် ၊ ရွှေဘိုလမ်းပိုင်းနဲ့ ရေဦး ၊ ဒီပဲယင်း ၊ ဘုတလင် ၊ မုံရွာ ၊ မန္တလေးပိုင်း စတဲ့ ကားလမ်းတွေမှာ မိုင်းပေါက်ကွဲမှုဖြစ်စဥ် အကြိမ် နှစ်ရာကျော်ရှိတဲ့အနက် ခရီးသည် ၇၀ ကျော် သေဆုံးခဲ့ပြီး ၊ တရာကျော် ဒဏ်ရာရခဲ့တယ်လို့ မှတ်တမ်းများအရ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW