ကလေးမြို့ ကမ္ဘောဇဘဏ် ၂ နားမှာ ပေါက်ကွဲမှုဖြစ်လို့ လူနှစ်ယောက်သေဆုံး

မတ် ၊ ၁၉ ၊ ၂၀၂၄
SP ( VOM)
စစ်ကိုင်းတိုင်း ၊ ကလေးခရိုင် ၊ ကလေးမြို့ ၊ စမ်းမြို့ရပ်ကွက် ၊ ဗိုလ်ချုပ်လမ်းမှာရှိတဲ့ ကမ္ဘောဇဘဏ်ခွဲ ( ၂) နေရာဝန်းကျင်နားမှာ မနေ့ မတ် ၁၈ ရက် မနက်ပိုင်းက ပေါက်ကွဲမှုဖြစ်ပြီး လမ်းသွားလမ်းလာ လူတချို့ ထိခိုက်သေဆုံးခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။
” စမ်းမြို့ ၊ ဗိုလ်ချုပ်လမ်းမှာရှိတဲ့ ကမ္ဘောဇ ဘဏ်ခွဲ ၂ နားက တံတားမှာ ပေါက်ကွဲမှုဖြစ်တာပါ ၊ အဲ့ဒီ ပေါက်ကွဲမှုကြောင့် လမ်းသွားလမ်းလာ အနည်းဆုံး လူငါးယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရတယ် ၊ အဲ့ဒီထဲက လူနှစ်ယောက်သေဆုံးတယ် ၊ သေဆုံးသူတွေကတော့ ကြို့သုံးပင်ရပ်ကွက်နေ မောင်ဒေးဗစ် ထန်ရှန်ဗန် David Thang Sian Vaan အသက် ၅ နှစ်နဲ့ သုံးဘီးဆိုင်ကယ် ( ဆိုက်တွဲ) ယာဥ်မောင်း ဦး Pa Thang Suan Pau တို့ နှစ်ယောက်သေဆုံးတယ် ၊ အဲ့ဒီအပြင် ဒဏ်ရာရသူတွေကိုလည်း ကလေးပြည်သူ့ဆေးရုံမှာ ဆေးကုသခံနေတယ် ” လို့ ကလေးမြို့ခံတယောက်က ပြောပါတယ်။
ကလေးခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” မနေ့က မြို့ထဲမှာ မိုင်းသတင်းရတယ် ၊ အဲ့ဒါကြောင့် အချိန်မီ သက်မဲ့ပြုလုပ် ဖယ်ရှားဖို့ လုပ်ငန်းစဥ်တွေ ဆောင်ရွက်နေချိန် ပေါက်ကွဲမှုဖြစ်တယ် ” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၁ ကနေ ၂၀၂၄ ဖေဖော်ဝါရီလကုန်အထိ နိုင်ငံအဝှမ်းမှာ ပေါက်ကွဲမှုဖြစ်စဥ်တွေကြောင့် ကလေးသူငယ် ရှစ်ရာကျော် ထိခိုက်သေဆုံးခဲ့တယ်လို့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။
​အဲ့ဒီ သေဆုံးမှုတွေထဲက ထင်းရှားတဲ့ ဖြစ်စဥ်တွေကတော့ ၂၀၂၁ မတ်၂၈ ရက်က ကလေးခရိုင် ၊ မင်းကင်းမြို့နယ် ၊ တောင်တွင်းချောင်းဒေသ ၊ မုံရွာ ယာကြီး ကလေးဝ ကားလမ်းမှာ ပေါက်ကွဲမှုဖြစ်ပြီး ကားပေါ်မှာလိုက်ပါလာတဲ့ ကလေးသုံးယောက် အပါအဝင် မိသားစု ငါးယောက် သေဆုံးခဲ့ပါတယ်။ ဒါ့အပြင် ၂၀၂၁ အောက်တိုဘာ ၂၃ ရက် မနက်ပိုင်းက စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ ၊ ဒေါနခြံရပ်ကွက် ၊ အထက ၂ ကျောင်းနား ပေါက်ကွဲမှုဖြစ်စဥ်မှာ ကလေးသုံးယောက်သေဆုံးခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ သင်္ကြန်အကြိုနေ့ (ဧပြီ ၁၃) ရက်ညနေပိုင်းက စစ်ကိုင်းမြို့နယ် ၊ ကြွယ်ပုံကျေးရွာက ရေကစား မဏ္ဍပ်မှာ ဒရုန်းနဲ့ဗုံးကျဲချခံရလို့ ရေကစားနေတဲ့ ကလေးငယ် ၈ ဦးဗုံးစထိမှန် သေဆုံးခဲ့ပြီး ၊ ၃၁ ယောက်ဒဏ်ရာရခဲ့တယ် ၊ နောက်ပြီး သင်္ကြန်အကျနေ့ (ဧပြီ ၁၄ ) ရက် ညပိုင်းက ဟုမ္မလင်းမြို့နယ် ၊ အောက်တောင်ပေါ်ကျေးရွာက သင်္ကြန်ပွဲတော် ၊ ပွဲခင်းစျေးအနီး ဆိုင်ကယ်မိုင်း ပေါက်ကွဲလို့ မဆိုင်းမော်ပန်း နဲ့ မဥက္ကာဆိုတဲ့ အမျိုးသမီးကလေးငယ် နှစ်ယောက်သေဆုံးခဲ့ပြီး ၉ ယောက်ဒဏ်ရာရတယ်လို့ သိရပါတယ်။
ဒါ့အပြင် သင်္ကြန်အကြိုကာလဖြစ်တဲ့ ပြီးခဲ့တဲ့ ဧပြီ ၁၁ ရက် မနက်ပိုင်းကလည်း ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာနားမှာ လေကြောင်းပစ်ခတ်မှုကြောင့် လူ ၁၀၀ ကျော်သေဆုံးခဲ့ရပြီး အဲ့ဒီထဲက ကလေးငယ်နှစ်ဆယ်ကျော်ပါဝင်တယ်လို့ သိရပါတယ်။
အဲ့ဒါကြောင့် ၂၀၂၁ နိုင်ငံရေး ပြောင်းလဲဖြစ်စဥ်တွေ ဖြစ်ပေါ်ပြီးနောက်ပိုင်း ပေါက်ကွဲမှုဖြစ်စဥ်တွေကြောင့် ကလေးငယ်တွေ ထိခိုက်သေးဆုံရတာ စစ်ကိုင်းတိုင်း ၊ ကယားပြည်နယ် ၊ ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်တို့ ပါဝင်တယ်လို့ သိရပါတယ်။
ဓာတ်ပုံ ၊ ကလေးမြို့ ပေါက်ကွဲမှုဖြစ်စဥ် (ဒေသခံတဦး)

Related posts

Leave a Comment

VOM News

FREE
VIEW