စလင်းမြို့နယ်မှာ စစ်မှုထမ်းဥပဒေကို အသံချဲ့စက်နဲ့ရှင်းပြနေတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး ဖမ်းဆီးသတ်ဖြတ်ခံရ

မတ် ၊ ၁၉ ၊ ၂၀၂၄
SP ( VOM)

မကွေးတိုင်းက မြို့ရွာတွေမှာ လူသတ်မှုဖြစ်စဉ်တွေ များပြားလာတယ်လို့ မကွေးနယ်ခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။

မနေ့ မတ် ၁၈ ရက် ၊ ညပိုင်းက မကွေးတိုင်း ၊ မင်းဘူးခရိုင် ၊ စလင်းမြို့နယ် ၊သရက်တောတိုက်နယ် ၊ ပခက်တိုင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမြင့်ထူး အသက် ၅၀ နှစ်ဆိုသူကို ဒေသတွင်း လက် နက်ကိုင် PDF အဖွဲ့တွေက နေအိမ်ကနေ ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ပစ်သတ်လိုက်တယ်လို့ သိရပါတယ်။

” ကျေးရွာလူထုကို စစ်မှုထမ်း ဥပဒေနဲ့ ပတ်သက်ပြီး အသံချဲ့စက်နဲ့အုပ်ကြီးက ထပ်ဆင့်ရှင်းပြနေတုန်း PDF တွေက သေနတ်ထောက်ပြီး ဖမ်းခေါ်သွားတယ် ၊ အဲဒီနောက် လမ်းမှာ ပစ်သတ်ခံရတာဖြစ်တယ် ” လို့ ရွာခံပရဟိတသမားတယောက်က ပြောပါတယ်။

စလင်းမြို့နယ်ဟာ မြို့ပေါ်လူနေရပ်ကွက် ၆ ရပ်ကွက် ၊ ကျေးရွာအုပ်စု ၅၁ အုပ်စု ၊ ကျေးရွာပေါင်း ၂၀၄ ရွာရှိတဲ့အနက်က ကျေးရွာတချို့မှာ ၂၀၂၁ နောက်ပိုင်း ကျေးရွာအုပ်ချုပ်ရေး လုပ်ကိုင်မယ့်သူ မရှိသလောက်ဖြစ်နေတယ် လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မတ် ၁၃ ရက် မနက်ပိုင်းကမကွေးတိုင်း ၊ အောင်လံခရိုင် ၊ အောင်လံမြို့နယ် ၊ ဒါးစမ်းကျေးရွာမှာ ကျောင်းထိုင် ဘုန်းကြီးတပါးနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းအောင် ဆိုသူကို ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေက လာရောက်သတ်ဖြတ်သွားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၆ ရက် ည ၈ နာရီဝန်းကျင်က မကွေးတိုင်း ၊ ချောက်မြို့ ၊ အမှတ် ၁၄ ရပ်ကွက် ၊ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်ကိုကိုဝင်း ၄၂ နှစ်ဆိုသူဟာ ရတနာ (၂) စားသောက်ဆိုင်ထဲမှာ ပစ်သတ်ခံရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၃ ရက်က မကွေးတိုင်း ဆင်ပေါင်ဝဲမြို့နယ်မှာ မြို့နယ်တရားသူကြီး တာဝန်ထမ်းဆောင်နေသူ ဦးထွန်းထွန်းနိုင်ဆိုသူဟာ အဲဒီနေ့မနက်ပိုင်းက သူ့ရဲ့ဇာတိမွေးရပ်မြေ နတ်မောက်မြို့နယ် ၊ ကမ်းပြိုရွာကိုသွားတဲ့အခါ PDF တွေက ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရပါတယ်။

ဒါအပြင် ဖေဖော်ဝါရီ ၁၂ ရက် ကလည်း တောင်တွင်းကြီးမြို့ ၊ ရခိုင်ဘုရားဝန်းနားမှာ နေ့လယ် ၂ နာရီဝန်းကျင်က ပင်ချောင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဝင်းအောင် အပါအဝင် လူ သုံးယောက် ပစ်သတ်ခံရပြီး ၊ အဲ့ဒီ အပြင် နတ်မောက်မြို့နယ် ၊ ကုလားရှင်စံပြကျေးရွာက အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဌေး ဆိုသူလည်း ပစ်သတ်ခံရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ နိုဝင်ဘာ ၂၆ ညဦးပိုင်း အချိန်မှာ သရက်ခရိုင်ထဲက အထက် မင်းလှမြို့နယ်နဲ့ မင်းတုန်းမြို့နယ်တွေမှာ ဒီရက်ပိုင်းအတွင်း ရပ်/ ကျေး အုပ်ချုပ်ရေးမှူးတွေ တပြိုင်းတည်း ပစ်သတ်ခံရလို့ မင်းတုန်းမြို့နယ်ထဲက တောင်ယံကျေးရွာ အုပ်ချုပ်ရေးမှူး အပါအဝင် မင်းလှ မြို့နယ်ထဲက လင်းကယ်ကျေးရွာ ၊ မီးလောင်ကုန်းကျေးရွာ ၊ ပေတောကုန်းကျေးရွာ ၊ ကဒေါင်းစောက်ကျေးရွာနဲ့ ကံ(အလယ်)ရွာ စတဲ့ကျေးရွာတွေမှာ ရပ် / ကျေး အုပ်ချုပ်ရေးမှူးတွေကို တချိန်တည်း တပြိုင်းတည်း ဆိုသလို ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေက နေအိမ်တွေမှာ ဝင်ရောက် ပစ်သတ်သွားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၀ ရက်ကလည်း အောင်လံမြို့နယ်၊ ညောင်ပင်ဝိုင်းကျေးရွာအနီး ကျေးရွာချင်း ဆက်လမ်းပေါ်မှာ စားအုန်းဆီထုတ်ပြီး ပြန်လာတဲ့ ကင်မွန်းခြုံကျေးရွာအုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီး သေဆုံးခဲ့ပါသေးတယ်။

အဲဒါကြောင့် ပြီးခဲ့တဲ့ ၂၀၂၁ နိုင်ငံရေး အခင်းအကျင်း ပြောင်းလဲဖြစ်ပေါ်ပြီးနောက် မကွေးတိုင်းမှာရှိတဲ့ မြို့နယ် ၂၆ မြို့နယ် ၊ မြို့ပေါင်း ၃၂ မြို့ ၊ ရပ်ကွက်ပေါင်း ၁၉၉ ရပ်ကွက် ၊ ကျေးရွာအုပ်စုပေါင်း ၁၅၃၈ အုပ်စု နဲ့ ကျေးရွာပေါင်း ၄၇၈၈ ရွာရှိခဲ့ရာက အခုဆိုရင် ဆော ၊ ကျောက်ထု ၊ ပေါက် ၊ ထီးလင်း ၊ ဂန့်ဂေါ ၊ ကျော ၊ ဆိပ်ဖြူ ၊ ရေစကြို ၊ မြိုင် စတဲ့ မြို့နယ်တွေမှာ ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးတွေ အသတ်ခံရလို့ အခုထိ အုပ်ချုပ်ရေးမှူး နေရာ လုပ်မယ့်သူ မရှိဘူးလို့ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW