ပဲခူးတိုင်းမှာ တလအတွင်း ပစ်သတ်ခံရတာနဲ့ ပေါက်ကွဲမှုဖြစ်စဥ်တွေကြောင့် လူ နှစ်ဆယ်ကျော်သေဆုံး

မတ် ၊ ၁၉ ၊ ၂၀၂၄
TT(VOM)

ဒီရက်ပိုင်းအတွင်း ပဲခူးတိုင်ထဲက မြို့ရွာတွေမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၈ ရက်ကနေ မတ် ၁၈ ရက်အထိ တလအတွင်း ပစ်သတ်ခံရတာနဲ့ ပေါက်ကွဲမှုဖြစ်စဥ်တွေကြောင့် သေဆုံးရသူ လူပေါင်း နှစ်ဆယ်ကျော်ရှိတယ်လို့ ပဲခူးနယ်ခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။

 

” မနေ့ မတ် ၁၈ ရက် ညက ၉ နာရီလောက်မှာ တောင်ငူမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရဲ့ တွဲဘက်ကော်မတီဝင် တာဝန်ယူထားတဲ့ တောင်ငူမြို့နယ် ၊ နေပူကုန်းကျေးရွာအုပ်စု၊ ကန်တရာကျေးရွာမှာနေထိုင်တဲ့ ဦးစိန်မြင့် ၅၉ နှစ်ဟာ သူ့အိမ်မှာရှိနေတဲ့အချိန် အမည်မသိ (စုံစမ်းဆဲ) လက်နက်ကိုင် လူလေးငါးယောက်လောက်က သူ့အိမ်တံခါးဖွင့်ခိုင်းနေတုန်း ဦးစိန်မြင့်က တခြားခြံဝန်းဘက်ထွက်ပြေးတယ် ၊ အဲ့ဒီ အချိန် သူ့နောက်ကနေ သေနတ်နဲ့ ပစ်လိုက်တာကြောင့် ကျောနဲ့ လက်မောင်းမှာ ကျည်ဆံဖောက်ဝင်ပြီး နေရာမှာတင် သေဆုံးသွားတယ် ” လို့ တောင်ငူမြို့ခံ ပရဟိတသမားတယောက်က ပြောပါတယ်။

ဒါ့အပြင် မတ် ၁၇ ရက် ည ၇ နာရီဝန်းကျင်က ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့၊ ဆိပ်ကြီးကျေးရွာနားမှာရှိတဲ့ “ဖွားတိုး”ဆီစက်နှင့် “ရွှေခရီး”စက်သုံးဆီဆိုင်ရှေ့ လမ်းမှာ ပေါက်ကွဲမှုတခုဖြစ်ပြီး အသက် ၈ နှစ်အရွယ် မအိန္ဒြေဖြိုးဟာ နေရာမှာတင် သေဆုံးပြီး ၊ အသက် ၄ နှစ်အရွယ် မပန်းနုဝါ၊ အသက် ၃၉ နှစ်အရွယ် ဦးဖြိုးဝေအောင်နဲ့ အသက် ၆၃ နှစ်အရွယ် ဒေါ်မြမြရီတို့မှာ ဗုံးစထိမှန်လို့ ဆေးကုသမှုခံယူနေရတယ်လို့ သိရပါတယ်။

အဲ့ဒီအပြင် မတ် ၁၇ ရက် ည ၇ နာရီဝန်းကျင်က တောင်ငူခရိုင်၊ ရေတာရှည်မြို့၊ ခင်တန်းကြီးကျေးရွာမှာ လက်နက်ကြီး ကျည်ကျရောက် ပေါက်ကွဲတာကြောင့် အသက် ၅၂ နှစ်အရွယ် ဒေါ်သက်သက်၊ သားဖြစ်သူ အသက် ၁၁ နှစ်အရွယ် မောင်စိုးပြည့်ထွေးအောင်နဲ့ သားအကြီးဖြစ်သူ အသက် ၁၃ နှစ်အရွယ် မောင်စိုးပြည့်ဖြိုးအောင်တို့မှာ ပြင်းထန်ဒဏ်ရာတွေရရှိတာကြောင့် ဆေးကုသမှုခံယူနေရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မတ် ၁၅ ရက် ညနေပိုင်း ၃ နာရီမှာ ညောင်လေးပင်ခရိုင် ၊ ရွှေကျင်မြို့နယ် ၊ ဝင်ခနိမ်ကျေးရွာအုပ်စု ၊ ဝင်ခနိမ်ကျေးရွာနားက ရော်ဘာခြံတခုထဲက လောင်းကစားဝိုင်းမှာ ပေါက်ကွဲမှု ဖြစ်ပြီး ၊ အဲ့ဒီ ပေါက်ကွဲမှုဖြစ်စဥ်မှာ အမျိုးသား ရှစ်ယောက်နဲ့ အမျိုးသမီး ငါးယောက် ၊ စုစုပေါင်း ၁၃ ယောက် ထိခိုက်ဒဏ်ရာတွေရတယ်လို့ ပဲခူးတိုင်း လုံခြုံရေး အဖွဲ့နဲ့ နီးစပ်သူတယောက်ဆီက သိရပါတယ်။

ပြီးခဲ့တဲ့ မတ် ၁၅ ရက် ၊ မနက်ပိုင်း ၅ နာရီခန့်က ပဲခူးတိုင်း အနောက်ဘက်ခြမ်း သာယာဝတီခရိုင် ၊ လက်ပံတန်းမြို့နယ် ၊ရေငန်ကျေးရွာအုပ်စု ၊ သရက်တောကျေးရွာမှာ ၊ နှစ်လောင်းပြိုင် လူသတ်မှုဖြစ်ပွားခဲ့ပြီး ၊ မတ် ၁၄ ရက် ညပိုင်းကလည်း အဲ့ဒီရွာမှာ သုံးလောင်းပြိုင် လူသတ်မှုဖြစ်ခဲ့တာကြောင့် နာရီပိုင်းခြားပြီး စုစုပေါင်း လူငါးယောက် အသတ်ခံကတယ်လို့ သာယာဝတီခရိုင် လုံခြုံရေး အသိုင်းအဝိုင်းဆီက သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ မတ် ၃ ရက် ၊ ညနေပိုင်းကလည်း ပဲခူးတိုင်း ၊ သာယာဝတီခရိုင် ၊ အုတ်ဖိုမြို့နယ် ၊ ကိုင်းကြီးကျေးရွာအုပ်စုနဲ့ ဂုံညှင်တန်းကျေးရွာတွေမှာ ပစ်ခတ်မှုတွေဖြစ်ပွားပြီး ရဲတယောက် ၊ အရပ်သား တယောက် ၊ အုပ်ချုပ်ရေးမှူး လင်မယား နှစ်ယောက် ၊ PDF တယောက် စုစုပေါင်း ငါးယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၈ ရက် မနက် ၁၀ နာရီဝန်းကျင်က သာယာဝတီခရိုင် သစ်တောရေးရာဌာနမှာ တာဝန်ထမ်းဆောင်နေတဲ့ သစ်အုပ်ကြီး ဦးကျော်ဆန်းဝင်း၊ ချောင်းခေါင်း ဦးကျော်စွာဝင်း၊ ဆင်ဆေးကုဆရာဝန် ဦးဇော်ဝင်း၊ လက်ထောက်ဆင်ဆေးကု ဦးသက်နိုင်ထွန်းနဲ့ ဆင်ခေါင်း ဦးခင်ရင်တို့ ငါးယောက်ဟာ သာယာဝတီခရိုင် ၊ ကြို့ပင်ကောက်မြို့နယ် ၊ ကုန်းကျေးရွာအုပ်စုထဲမှာရှိတဲ့ ရွာတွေက စိုက်ခင်းတွေကို ဆင်တွေက ဝင်ရောက်ဖျက်ဆီးတာကြောင့် အဲ့ဒီဆင်တွေကို လိုက်ဖမ်းထိန်းသိမ်းဖို့သွားရင်း ကြို့ပင်ကောက်မြို့နယ်၊ ဘော်ဘင်ဆည်အထက်မှာရှိတဲ့ (ဒေသအခေါ်) တောင်နှစ်လုံးပေါက်နေရာဝန်းကျင်မှာ အဲ့ဒီ သစ်တောရေးရာဝန်ထမ်း ငါးယောက်ကို ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေက ဖမ်းဆီးသတ်ဖြတ်လိုက်တယ်လို့် သိရပါတယ်။

အဲ့ဒါကြောင့် ပဲခူးတိုင်းမှာ ဒီတလအတွင်း ပစ်သတ်ခံရတာနဲ့ ပေါက်ကွဲမှုဖြစ်စဥ်တွေကြောင့် သေဆုံးရသူပေါင်း နှစ်ဆယ်ကျော်ရှိသွားပြီလို့ သိရပါတယ်။

#voiceofmyanmar #vom #ပဲခူးတိုင်းမှာတလအတွင်းလူနှစ်ဆယ်ကျော်သေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW