ပြည်တွင်း ရွှေဈေးကွက် ကြိုက်ရောင်း၊ ကြိုက်ဝယ်နဲ့ ဈေးကွက်ပျက်နေ

မတ် ၁၈ – ၂၀၂၄
SN (VOM)
ရွှေစျေးကစားသူတွေကို အရေးယူမယ်လို့ ရန်ကုန်တိုင်း ရွှေအသင်း (YGEA) က ထုတ်ပြန် ကြေညာပြီးနောက် ပြင်ပ ရွှေဈေးကွက်မှာ ကြိုက်ရောင်း၊ ကြိုက်ဝယ်စနစ်နဲ့ ဈေးကွက်ပျက်နေတယ်လို့ ရွှေလုပ်ငန်းရှင်တွေက ပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၁၆ ရက်က ပြည်တွင်းက ပြင်ပစျေးကွက်မှာ အခေါက်ရွှေ တကျပ်သား ၄၂ သိန်းနီးပါးအထိ စံချိန်တင် စျေးတက်လာချိန်မှာ YGEA က အခေါက်ရွှေ တကျပ်သားဈေးကို အသင်းက သတ်မှတ်ထားတဲ့ ကျပ် ၃၈ သိန်းအောက်ဈေးနဲ့ အရောင်းအဝယ်ပြုလုပ်ဖို့ အဲဒီနေ့မှာပဲ ညွှန်ကြားချက် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
“သူတို့ရည်ညွှန်းဈေးကိုပဲ အခြေခံပြီး အရောင်းအဝယ် လုပ်ရမှာပေါ့။ အဲ့ဒီ့ထက် ကျော်ရောင်းရင် ဖမ်းမယ်ဆီးမယ်သဘောမျိုး ပြောထားတာ ရှိတယ်လေ။ အပြင်လောကမှာတော့ အကုန်လုံးက အရောင်းအဝယ်ရပ်သလို ဖြစ်နေတာပေါ့။ အခုက ဈေးကွက် မရှိတော့ဘူး။ ကြိုက်ရောင်း၊ ကြိုက်ဝယ် ဖြစ်နေတာဆိုတော့ ဈေးက တနေရာတမျိုး ဖြစ်နေမှာပဲ။ အဲ့တော့ ဈေးထပ်တက်နိုင်ခြေ ရှိ၊ မရှိ ဆိုတာက အရမ်းကို ပြောရခက်ပါတယ်” လို့ ရွှေလုပ်ငန်းရှင်တယောက်က ပြောပါတယ်။
စျေးကွက်အတွင်းရှိ ရွှေဆိုင်တွေ၊ ပြင်ပရွှေ ဝယ်ရောင်းသူတွေ အားလုံးအနေနဲ့ YGEA က နေ့စဉ် သတ်မှတ် ထုတ်ပြန်ပေးနေတဲ့ အခေါက်ရွှေ‌ဈေးနှုန်း အောက်မှာသာ အရောင်းအဝယ် လုပ်ကြဖို့၊ သတ်မှတ်ဈေးအတိုင်း အရောင်းအဝယ် မလုပ်နိုင်ရင် ရွှေအရောင်းအဝယ် ရပ်ထားကြဖို့ အထူးသတိပေးတယ်လို့ YGEA က ထုတ်ပြန်ကြေညာထားတာ ဖြစ်ပါတယ်။
လက်ရှိ ပြင်ပစျေးကွက်မှာ အရောင်းအဝယ် ပြုလုပ်သူတွေအနေနဲ့ ကောလဟာလ အခြေအမြစ်မရှိတဲ့ သတင်းအမှား အမျိုးမျိုးကို အကြောင်းပြပြီး ရွှေစျေးနှုန်းကို ဆွဲတင်၊ ဆွဲချလျက်ရှိနေတယ်လို့ သိရပါတယ်။
ဒါကြောင့် ဖြစ်စဉ် အကြောင်းရင်းအမှန်တွေကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးလျက်ရှိပြီး အရေးယူ ဆောင်ရွက်နေတာကြောင့် ပြင်ပစျေးကွက်မှာ ရွှေစျေးကစားခြင်း မပြုလုပ်ဖို့ YGEA က ပန်ကြားထားတာ ဖြစ်ပါတယ်။
ဒါနဲ့ ပတ်သက်လို့ ရွှေကုန်သည်တယောက်က “အရောင်းအဝယ် အခြေအနေက လုံးဝ မကောင်းတော့ဘူး။ ဈေးကွက် ပျက်နေတယ်။ အဲ့ဒါကြောင့် ဒီ သတ်မှတ်ချက်ကြီး ဖြုတ်လိုက်ရင်တော့ ပိုပြီးတော့ အဆင်ပြေသွားမယ် ထင်ပါတယ်။ ဒီသတ်မှတ်ချက်ကြီးနဲ့ ဆိုတော့ အားလုံးက ရှောင်ကြတိမ်းကြ၊ မှောင်ခိုတွေဖြစ်ကြနဲ့ အဆင်မပြေပါဘူး” လို့ ပြောပါတယ်။
YGEA ရဲ့ ကြေညာချက်ဟာ လတ်တလောမှာ ရွှေမှောင်ခိုစျေးကွက်ကို ပိုမို အားကောင်းလာစေပြီး စျေးကွက်မှာ တရားဝင် ရောင်းဝယ်ခြင်း မပြုလုပ်ကြတော့ဘဲ သီးခြား ပြင်ပမှာသာ ကြိုက်ရောင်း၊ ကြိုက်ဝယ်စျေးနဲ့အရောင်းအဝယ် ပြုလုပ်နေကြတယ်လို့ သိရပါတယ်။
“YGEA ရဲ့ မတ်လ ၁၆ ရက်နေ့ ထုတ်ပြန်ချက်က ပြင်ပရွှေဈေးကွက်ကို လုံးဝ အရောင်းအဝယ် ရပ်သွားလောက်အောင်ကို သက်ရောက်မှု ရှိသွားတာပါ။ မနေ့က တနင်္ဂနွေနေ့ကတော့ ဆိုင်တွေ တော်တော်များ ပိတ်ထားကြပေမယ့် ဒီနေ့တော့ ပြန်ဖွင့်လာပါတယ်။ မနေ့ကတော့ တနင်္ဂနွေမို့လို့ ပိတ်တာလား၊ ဘာလားတော့ မသိဘူးပေါ့နော်။ ဒီနေ့တော့ တော်တော်များများ ပြန်ဖွင့်လာကြပါတယ်” လို့ ရွှေဆိုင်ပိုင်ရှင် တယောက်က ပြောပါတယ်။
ဒီကနေ့ မတ်လ ၁၈ ရက်၊ ညနေပိုင်း YGEA ရဲ့ အကယ်ဒမီ မီးလင်းရွှေ အပိတ်ဈေးနှုန်းကတော့ ကျပ် သုံးဆယ့်ခုနစ်သိန်း ကိုးသောင်းခုနစ်ထောင့်နှစ်ရာဖြစ်ပြီး ပြင်ပ ရွှေဈေးကွက် ပေါက်ဈေးကတော့ လက်ရှိမှာ ကျပ် လေးဆယ့်တသိန်း ခုနစ်သောင်းငါးထောင် ဈေးရှိနေကာ ကြိုက်ရောင်း၊ ကြိုက်ဝယ်စနစ်ကြောင့် အချိန်နဲ့အမျှ ဈေးအပြောင်းအလဲ ရှိနေတယ်လို့ သိရပါတယ်။
လက်ရှိမှာ ကမ္ဘာ့ရွှေဈေး တဖြည်းဖြည်းချင်း ပြန်လည် ကျဆင်းနေတာ ဖြစ်ပေမယ့် ‌ဒေါ်လာဈေး မြင့်တက်နေတာကြောင့် ပြည်တွင်း ပြင်ပရွှေဈေးက အတက်ဘက်ကို ဆက်သွားနေတာ ဖြစ်တယ်လို့ ရွှေလုပ်ငန်းရှင်တွေက ပြောပါတယ်။
ကမ္ဘာ့ရွှေဈေးဟာ ဒီကနေ့ မတ်လ ၁၈ ရက်၊ ညနေပိုင်းမှာ တအောင်စ ၂၁၅၀ ဒေါ်လာဈေး ဖြစ်ပေါ်နေပြီး တပတ်အတွင်း တအောင်စ ၂၈ ဒေါ်လာ ကျဆင်းလာပါတယ်။
အမေရိကန်ဒေါ်လာဈေးကတော့ ဒီကနေ့ မတ်လ ၁၈ ရက်၊ ညနေပိုင်းမှာ တဒေါ်လာ ရောင်းဈေး ၃၇၀၀ ကျပ် ဝန်းကျင်ကို ရောက်ရှိနေပြီး တပတ်အတွင်း တဒေါ်လာ ကျပ် ၅၀ ဝန်းကျင် မြင့်တက်လာတာ ဖြစ်ပါတယ်။
Photo Crd :Original Uploader
VOM Telegram Channel: https://t.me/VOMNEWS2023/5807
VOM Viber Channel: https://invite.viber.com/…
VOM Website Link: http://tinyurl.com/ywyd7eyn

Related posts

Leave a Comment

VOM News

FREE
VIEW