မဟာမုနိဘုရားကြီးမှာ တပေါင်းလပြည့်နေ့ ဆီမီး ၁၀၀၀၀ ပူဇော်ပွဲကျင်းပမယ်

မန္တလေး၊ မတ်- ၁၉- ၂၀၂၄
SA(VOM)

မန္တလေးမြို့ ၊ ချမ်းမြသာစည်မြို့နယ်အတွင်းမှာ တည်ရှိတဲ့ မဟာမုနိမြတ်စွာဘုရားကြီး ရင်ပြင်တော်ပေါ်မှာ တပေါင်းလပြည့်နေ ညနေ ၆ နာရီ ကစပြီး ဌာနဆိုင်ရာ၀န်ထမ်းတွေနဲ့ ရပ်ကွက်လူမှုရေးအသင်းတွေ၊ ဘုရားဖူးလာပြည်သူလူထု ပူးပေါင်းပြီး ဆီမီး (၁၀၀၀၀) ပူဇော်ပွဲ ကျင်းပဖို့ စီစဉ်ထားတယ်လို့ မြို့တော်စည်ပင်သာရေးကော်မတီကနေ သိရပါတယ်။

အဲ့ဒီ ဆီမီး (၁၀၀၀၀) ပူဇော်ပွဲမှာ ဘုရားဖူးလာ ပြည်သူ လူထုကပါ ဆီမီး၀င်ရောက်ပူဇော်နိုင်သလို ဘုရားကြီး အရှေ့မြောက်ဒေါင့် ၄၅ တာ ယာဉ်ရပ်နားကွင်းမှာ ဖျော်ဖြေရေးအစီအစဉ်အနေနဲ့ အငြိမ့်တွေ ထည့်သွင်းထားပြီး ဈေနှုန်းသက်သာစွာ ၀ယ်ယူစားသောက်နိုင်ဖို့အတွက် နိဗ္ဗာန်ဈေး ဈေးတန်းကိုလည်း ရောင်းချဖို့ စီစဉ်ထားတယ်လို့ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ ပြည်သူ့ဆက်ဆံရေးနဲ့ ပြန်ကြားရေးမှူး ဦးတင်ထွန်းဦးက VOM ကို ပြောပါတယ်။

“အစီအစဉ်တွေအနေနဲ့ကတော့ မဟာမုနိဘုရားရင်ပြင်တော်ပေါ်က ဒေါင့် ၄ ဒေါင့်မှာ ဆီမီး ( ၁၀၀၀၀) ထွန်းညှိပူဇော်ပွဲလုပ်မယ်။ အရင်နှစ်တွေကတော့ တပေါင်းပွဲကို မန္တလေးကျုံး ရတနာပုံဥယျာဉ်မှာ လုပ်ပါတယ်။ ဒီနှစ်ကတော့ မဟာမုနိဘုရားကြီး ၄၅ တာ ယာဉ်ရပ်နားကွင်းထဲမှာ ဖျော်ဖြေရေးအစီအစဉ်တွေ ထည့်သွင်းထား သလို စတိတ်စင်နံဘေးပတ်လည်မှာ နိဗ္ဗာန်ဈေးတန်းတွေပါဖွင့်လှစ်ဖို့ စီစဉ်ထားပါတယ်။ နိဗ္ဗာန် ဈေးမှာ ကုသိုလ်ဖြစ် ရောင်းချပေးမှာဖြစ်လို့ သုံးထောင်လောက်တန်တဲ့ ရှမ်းခေါက်ဆွဲကို ၅၀၀ ကျပ်နဲ့ ရောင်းချမှာဖြစ်ပါတယ်။နောက်ပြီးရောင်းချလို့ရတဲ့ ပိုက်ဆံတွေကိုတော့ ဘုရားကြီးကို ပြန်လှူသွားမှာပါ။ အဲ့ဒီအတွက်လည်း လုပ်သား ပြည်သူတွေနဲ့ ဘုရားဖူးလာရောက်ဖို့ကို ဖိတ်ခေါ်ပါတယ်။” လို့ ဦးတင်ထွန်းဦးက ပြောပါတယ်။

တပေါင်းလပြည့်နေ့ ည ဘုရားကြီး ၄၅ တာ ယာဉ်ရပ်နားကွင်းထဲက ဖျော်ဖြေရေးအစီစဉ်တွေမှာ မန္တလာတက္ကသိုလ် နဲ့ ဆေးဝါးကျွမ်းကျင် တက္ကသိုလ်က ကျောင်းသူကျောင်းသားတွေပါ၀င်တဲ့ အငြိမ့်အဖွဲ့၊ မန္တလေးအနုပညာတက္ကသိုလ် ပန်တျာသင်တန်းကျောင်းက ကျောင်းဆင်းတွေကလည်း အငြိမ့်ကို မြန်မာ့ဆိုင်း၀ိုင်းေတွနဲ့ ဖျော်ဖြေသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ဒီနှစ်မှာ ထူးခြားချက်အနေနဲ့ ဘုရားကြီး ၄၅ တာ ယာဉ်ရပ်နားကွင်းရဲ့ အရှေ့တောင်ဒေါင့်မှာ တပေါင်းပွဲတော် အထိမ်းအမှတ်အဖြစ် ဉာဏ်တော်အမြင့် ၉ ပေရှိတဲ့ သဲပုံစေတီတော်ကိုလည်း တည်ထားပေးမှာဖြစ်တယ်လို့ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW