ရခိုင်အမျိုးသမီးများကွန်ရက် ဥက္ကဋ္ဌ ဒေါ်ညိုအေး ထောင်ဒဏ် နှစ်နှစ်ချမှတ်ခံရ

 

မတ် ၁၉ – ၂၀၂၄

SN (VOM)

ရက္ခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ပုဒ်မ ၅၀၅ ( ခ) နဲ့ တရားစွဲဆိုခံထားရတဲ့ ရခိုင်အမျိုးသမီးများကွန်ရက် (RWN) ဥက္ကဋ္ဌ ဒေါ်ညိုအေးကို မနေ့ မတ်လ ၁၈ ရက်မှာ စစ်တွေမြို့နယ်တရားရုံးက ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်တယ်လို့ ရှေ့နေအသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ဒေါ်ညိုအေးဟာ စစ်တွေ ကျောင်းသားသမဂ္ဂက ဦးဆောင်ပြုလုပ်တဲ့ (၅၆) နှစ်မြောက် “စစ်တွေဆန်ပြဿနာနေ့” (ဩဂုတ် ၁၃) အခမ်းအနားကို တက်ရောက်ပြီး သမိုင်းအတွေ့အကြုံတွေကို ဟောပြောခဲ့တဲ့အတွက် အဲ့ဒီ့ အခမ်းအနားအပြီး နောက်နှစ်ရက်အကြာမှာ ဖမ်းဆီးခံခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။

အဲဒီနောက် အမှတ် (၁) ရဲစခန်းမှူးက တရားလို ပြုလုပ်ကာ အမှုဖွင့်ပြီး စစ်တွေထောင်မှာ ဖမ်းဆီးချုပ်နှောင်ထားခြင်း ခံခဲ့ရတယ်လို့ သိရပါတယ်။

ရှစ်လကြာ တရားရင်ဆိုင်ပြီးနောက် မနေ့ မတ်လ ၁၈ ရက်၊ မနက် ၁၁ နာရီခွဲကျော်မှာ ဒေါ်ညိုအေးကို စစ်တွေဆန်ပြဿနာနေ့ အခမ်းအနားကို တက်ရောက်ခဲ့တာ သေချာတဲ့အတွက် ပုဒ်မ ၅၀၅ (ခ) နဲ့ ငြိစွန်းတယ်လို့ ဆိုကာ ‌လက်ရှိ ဖမ်းဆီးထားတဲ့ စစ်တွေထောင်မှာပဲ ပြစ်ဒဏ်ကျခံဖို့ အမိန့်ချမှတ်လိုက်တာဖြစ်ပြီး ချုပ်ရက်ပါ ခံစားခွင့်ရှိတယ်လို့ သိရပါတယ်။

“ဒေါ်ညိုအေးရဲ့ ရုံးက ဆန်ပြဿနာနေ့အခမ်းအနား ဗီနိုင်းစာရွက်ရတယ်ဆိုပြီး အဲဒီသက်သေနဲ့တကွ ပုဒ်မ ၅၀၅ (ခ) နဲ့ ငြိတယ်ဆိုပြီး ထောင် နှစ်နှစ်ချလိုက်တာ။ သူက ပွဲစီစဥ်သူဖြစ်တယ် ဆိုပြီးတော့ပေါ့။ ဒါပေမယ့်သူက ပွဲစီစဉ်တဲ့သူတွေက ဖိတ်ကြားလို့ စစ်တွေဆန်ပြဿနာနေ့ အတွေ့အကြုံတွေကို ကိုယ်တိုင် ကြုံတွေ့ခဲ့ရသူတဦးအနေနဲ့ပဲ ပွဲကိုတက်ရောက် ဟောပြောခဲ့တာ။ ဟောပြောတယ် ဆိုတာကလည်း မျိုးဆက်သစ်လူငယ်တွေ သမိုင်းကိုသိအောင် ပြောပြပေးရုံပါ။ အဲဒါကို စစ်တွေဆန်ပြဿနာအခမ်းအနား ဗီနိုင်း ဒေါ်ညိုအေးရုံးက ရတယ်ဆိုပြီး အမိန့်ချလိုက်တာ” လို့ ရှေ့နေအသိုင်းအဝိုင်းနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

အသက် ၆၇ နှစ်အရွယ် ရှိပြီဖြစ်တဲ့ ဒေါ်ညိုအေးဟာ လက်ရှိမှာ သွေးတိုးရောဂါအပြင် အသည်းအဆီဖုံးရောဂါကိုပါ ခံစားနေရတာကြောင့် ကျန်းမာရေး အခြေအနေ ဆိုးဝါးနေပြီး အထူးသတိထားနေရတယ်လို့ မိသားစုဝင်တွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။

“ကျန်းမာရေး ဆိုးရွားနေတဲ့အချိန် ဆေးကုသခွင့်မပေးဘဲ ထောင်ချလိုက်တာ စိတ်မကောင်းဖြစ်မိတယ်။ သူ့ကျန်းမာရေးကလည်း ကောင်းလိုက်၊ ပြန်ဖြစ်လိုက်ဆိုတော့ ဆေးကုသခွင့်လေးတော့ ရစေချင်ခဲ့တာပါ” လို့ မိသားစုဝင်နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီခေတ် ၁၉၆၇ ခုနှစ်က ရခိုင်ပြည်နယ်မှာ ဆန်စပါးရှားပါးပြီး အငတ်ဘေးကြုံတွေ့ခဲ့ရတဲ့အတွက် စစ်တွေမှာ ဆန္ဒပြမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

၁၉၆၇ ခုနှစ်၊ သြဂုတ်လ ၁၃ ရက်နေ့မှာ ပစ်ခတ်ခံရမှုကြောင့် ရခိုင်ပြည်သူတွေ သေဆုံး၊ ဒဏ်ရာရခဲ့တဲ့ ဖြစ်စဉ်ကြောင့် နှစ်စဉ် သြဂုတ်လ ၁၃ ရက်နေ့ကို “စစ်တွေဆန်ပြဿနာနေ့” အဖြစ် သတ်မှတ်ကာ အထိမ်းအမှတ်ပွဲ ကျင်းပ ပြုလုပ်ခဲ့ကြခြင်းဖြစ်ပြီး စစ်တွေကျောင်းသားသမဂ္ဂအသင်း အနေနဲ့ ဆန်ပြဿနာနေ့ကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် အပါဝင် ၁၁ နှစ် ပြုလုပ်ကျင်းပခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။

ဒေါ်ညိုအေးဟာ ဆန်ပြဿနာဖြစ်တဲ့ ၁၉၆၇ ခုနှစ်မှာ အသက် ၁၃ နှစ်အရွယ် ရှိပြီဖြစ်ပြီး အဲ့ဒီ့အချိန် ဆန္ဒပြမှုဖြစ်စဉ်ကို ကိုယ်တိုင် ကြုံတွေ့ခဲ့ရသူတဦးလည်း ဖြစ်တယ်လို့ သိရပါတယ်။

နစကအနေနဲ့ ဒေါ်ညိုအေးကို ဖမ်းဆီးခဲ့ပြီးနောက် ရခိုင်ပြည်ကျောင်းသားသမဂ္ဂအဖွဲ့မှ တာဝန်ရှိသူတချို့ အပါအဝင် ကျောင်းသား ၂၀ ကျော်ကိုလည်း ၅၀၅ (ခ) ပုဒ်မနဲ့ ဖမ်းဆီးနိုင်ဖို့ ဖမ်းဝရမ်းထုတ်ကာ လိုက်လံရှာဖွေနေတယ်လို့ သိရပါတယ်။

နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅ဝ၅ (ခ) ဟာ ထောင်ဒဏ် နှစ်နှစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်တဲ့ ပုဒ်မ ဖြစ်တယ်လို့ သိရပါတယ်။

Photo Crd: Original Uploader

Related posts

Leave a Comment

VOM News

FREE
VIEW