ရွှေစက်တော်ဘုရားဖူးကား တိမ်းမှောက်လို့ ၁၁ ယောက်ဒဏ်ရာရ

မင်းဘူး -မတ်လ ၁၈- ၂၀၂၄
GG (VOM)
မကွေးတိုင်း၊ မင်းဘူးမြို့နယ်ထဲမှာ ရွှေစက်တော်ဘုရားဖူးကားတစီး တိမ်းမှောက်ပြီး ကားပေါ်သူအနက် လူ၁၁ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ခဲ့တဲ့ ခေမာလူမှုကယ်ဆယ်ရေးအသင်း(မကွေး)ဆီက သိရပါတယ်။
ဖြစ်စဥ်မှာ မတ်လ ၁၇ ရက်နေ့ ညနေ ၅ နာရီခွဲလောက်မှာ ရွှေစက်တော်ဘုရားပွဲကနေ ဘုရားဖူးပြီးပြန်အလာ မင်းဘူးမြို့၊ ပုသိမ်-မုံရွာလမ်းမကြီးပေါ်မှာ ကားကအရှိန်များပြီးမထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့တာဖြစ်တယ်လို် သိရပါတယ်။
” လမ်းကအဖြောင့်ကြီး ကားကလည်းတစီးတည်းကို သူ့ဘာသာအရှိန်များပြီး မထိန်းနိုင်ဘဲ မှောက်တဲ့သဘောပါ။ရွှေစက်တော်ကနေ အပြန် မင်းဘူးထဲမှာပေါ့၊လမ်းမကြီးဆိုရင်တော့ ပုသိမ်မုံရွာလမ်းပေါ့။ကားပေါ်မှာကလည်း ယောကျ်ားလေးတွေချည်းပဲပါတယ်။ဘုရားဖူးကအပြန်ဆိုတော့ နည်းနည်းလည်းသောက်ထားကြမယ်တူပါတယ်။ အကုန်လုံး ၁၃ ယောက်လောက်ပါမယ်ခန့်မှန်းရတယ် အဲ့ထဲကမှ ၁၁ ယောက်ဒဏ်ရာရတာပေါ့၊ဒဏ်ရာတွေကတော့စိုးရိမ်ရတာမရှိပါဘူး။အကုန်လုံးကပွန်းပဲ့ဒဏ်ရာပါပဲ။ကျိုးပဲတာမရှိဘူး ၊ အကုန်လုံးတော့ဆေးရုံပို့ပေးခဲ့တယ် ” လို့ ခေမာလူမှုကယ်ဆယ်ရေးအသင်း(မကွေး)မှ တာဝန်ရှိသူတဦးကပြောပါတယ်။
အဆိုပါ တိမ်းမှောက်ခဲ့တဲ့ကဟာ မကွေးနဲ့မင်းဘူးမြို့က လူငယ်တွေလိုက်ပါလာတဲ့ ဘုရားဖူးကားဖြစ်ပြီး ကားက လိုက်ထရပ်အမျိုးအစားဖြစ်တယ်လို့သိရပါတယ်။
အခုနှစ် ရွေစက်တော်ဘုရားပွဲကျင်းပတဲ့ လက်ရှိအချိန်အတွင်းမှာဆိုရင် အဆိုပါယာဥ်တိမ်းမှောက်မှုက ပထမဆုံးအကြိမ်ဖြစ်ပြီး ရွှေစက်တော်ဘုရားသွားရာလမ်းမှာ မြေသားလမ်းလည်းရှိသလို အကွေ့အကောက်လည်းရှိတာကြောင့် ကားမောင်းကျွမ်းကျင်ဖို့လိုအပ်သလို အရှိန်ပြင်းပြင်းမောင်းနှင်ခြင်း၊အရက်သောက်ပြီးမောင်းနှင်ခြင်း ၊ လူပိုတင်ခြင်းတွေ မလုပ်သင့်ဘူးလို့သိရပါတယ်။
နှစ်စဥ်ရွှေစက်တော်ဘုရားပွဲကာလအတွင်းမှာ ယာဥ်မတော်တဆမှုဖြစ်စဥ် အချို့ဖြစ်ပွားမှုရှိပေမယ့် လူသေဆုံးတာမျိုးထိ ကြီးမားတဲ့ဖြစ်စဥ် မရှိဘဲ ထိခိုက်ဒဏ်ရာရရှိလောက်တာမျိူးသာရှိခဲ့တယ်လို့ သိရပါတယ်။
ရွှေစက်တော်ဘုရားပွဲကိုတော့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ စတင်ဖွင့်လှစ်ကျင်းပခဲ့ပြီး ဧပြီလ ၁၇ ရက်နေ့ ( မြန်မာနှစ်ဆန်းတစ်ရက်နေ့ အထိ) ရက်ပေါင်း ၆၄ ရက်ကြာအောင်ကျင်းပသွားမှာဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့မတ်လ ၁၁ ရက်နေ့ကလည်း ပုဂံမှာ ဘုရားဖူးကားတစီးတိမ်းမှောက်လို့ ၅ ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
VOM Viber Channel: https://invite.viber.com/…
VOM Website Link: http://tinyurl.com/ywyd7eyn

Related posts

Leave a Comment

VOM News

FREE
VIEW