လောက်ကိုင်က ဗမာတန်းအဆောက်အဦးတွေ အဖျက်ခံရပေမယ့် အစားထိုးနေရာ မရ

မတ် ၁၈၊ ၂၀၂၄
Shy V
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့ရှိ ဗမာတန်းက အဆောက်အဦးတွေကို မတ်လ ၁၇ ရက်နေ့က စတင်ဖြိုဖျက်ပြီဖြစ်ပေမယ့် အစားထိုး ပြန်ပေးဖို့ မကြားသေးကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“ဗမာတန်း ဒီနေ့စဖျက်တာ ဟုတ်တယ်။ ဗမာတန်းက တော်တော် အရှည်ကြီးဆိုတော့ ပစ္စည်း
မယူလိုက်ရတာတွေရှိတယ်။ ဒီဘက် ဘုံ ၇ ဆင့်ဘက်ကျတော့ ပစ္စည်းမယူလိုက်ရတဲ့သူတွေမရှိဘူး။ နေရာအစားထိုးပေးမယ်ဆိုတာတော့ မကြားသေးဘူး အခုထိတော့။ အိမ်ရှင်တွေတော့ သူတို့ လိုတဲ့ ပစ္စည်းတွေပဲ ယူသွားတာပေါ့။ အဲဒီမှာ သူတို့ ကိုးကန့် တရုတ်တွေကပဲ။ သုံးဘီးတွေနဲ့ရော၊ ကားတွေနဲ့ရော အိမ်တိုင်တွေပါ ချွတ်ယူနေကြတယ်။ ဖြိုတဲ့သူက ဖြို။” လို့ မျက်မြင် ဒေသခံ တစ်ဦးက ပြောပါတယ်။
ကျောင်း၊ ဈေးတွေနဲ့နီးပြီး လမ်းကျဉ်းကာ ကားတွေကျပ်တာကြောင့် မလုပ်မဖြစ်လုပ်ရမယ့်နေရာဖြစ်ပြီး ပြီးခဲ့တဲ့ မတ်လ ၉ ရက်နေ့က ၃ ရက်အတွင်း ပြောင်းရွှေ့ကြဖို့ အသိပေးထားတယ်လို့ ဆိုပါတယ်။
“ကျနော်တို့ ဗမာတန်း အလယ်တန်းကလည်း စစ်မဖြစ်ခင် စစ်တပ် အုပ်ချုပ် ကတည်းက ဖြိုမယ်လို့တော့ သတင်းက ထွက်ပြီးသားပါ။ ဒါပေမယ့် အဲဒီ တုန်းကတော့ မဖြိုဖြစ်ဘူးပေါ့။ အဲဒီမှာ အိမ်ဝယ်တဲ့ သူတွေကိုလည်း ဂရန်မချထားပေးဘူးတဲ့။ ဗမာပိုင်အိမ်ကတော့ ၇ အိမ်လောက်ပဲပါတယ်။ ကိုးကန့်လူမျိုးတွေရဲ့ အိမ်များတယ်။” လို့ နောက်ထပ်ဒေသခံ အမျိုးသမီး တဦးကလည်း ပြောပါတယ်။
ဗမာတန်းမဟုတ်တဲ့ တခြားနေရာတွေက အဆောက်အဦးတွေလည်း အများအပြား ဖြိုဖျက်လိုက်တာ ရှိတယ်လို့ သူက ပြောပါတယ်။
အိမ်တွေကို ဖြိုတာ ဘာမှ မပြောလိုပေမယ့် အဆင်ပြေတဲ့ အိမ်ပိုင်ရှင်တွေ ရှိသလို အဆင်မပြေတဲ့ အိမ်ပိုင်ရှင်တွေလည်း ရှိတာကြောင့် နေရာ အစားထိုး ပေးတာမျိုး၊ နစ်နာမှုအတွက် ထည့်သွင်း စဉ်းစားပေးတာမျိုး ဖြစ်စေချင်တယ်လို့ ဒေသခံ တချို့ကပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ဇန်နဝါရီ လဆန်းပိုင်းကစ လောက်ကိုင် မြို့ကို ကိုးကန့် MNDAA က ထိန်းချုပ်ထားပြီး ရှမ်းပြည်နယ် မြောက်ပိုင်းက မုံးကိုး၊ ပန်ဆိုင်း (ကြူကုတ်)၊ သိန္နီ၊ ကွမ်းလုံ၊ ချင်းရွှေဟော်၊ ကုန်းကြမ်း တွေကိုလည်း လက်ရှိ ကိုးကန့် MNDAA က ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့် MNDAA ထိန်းချုပ်နယ်မြေတွေမှာ ရှိတဲ့ နေရာတော်ဝောာ်များများမှာ လမ်း‌ဧရိယာဘက်ကျော်လွန် အဖီထိုးတာတွေ၊ တဲဆောက် ဈေးရောင်းတာတွေကိုလည်း ဖြိုဖျက်ပစ်နေတာ ဖြစ်ပါတယ်။
Video Crd-ဒေသခံတဦး
VOM Telegram Channel: https://t.me/VOMNEWS2023/5791
VOM Viber Channel: https://invite.viber.com/…
VOM Website Link: http://tinyurl.com/ywyd7eyn

Related posts

Leave a Comment

VOM News

FREE
VIEW