“လူမှုဘဝ အခက်အခဲတွေကြား ရုန်းကန်နေရတဲ့ ပြည်သူတွေ”

 

 

သွေး (စစ်ကိုင်း)

 

ရန်ကုန်အပါအဝင် မြန်မာနိုင်ငံရဲ့ နေရာဒေသ အသီးသီးမှာ နေထိုင်ကြတဲ့ ပြည်သူတွေ အတွက် လျှပ်စစ်မီး မှန်မှန်ရရှိဖို့ အထူးပဲ အရေးကြီးပါတယ်။ လျှပ်စစ်မီး မမှန်တာ, လာချိန်ပျက်ချိန် မမှန်တာတွေက နွေရာသီမှာ ပိုများလာသလို နေ့စဉ် လူနေမှုဘဝတွေကိုပါ သက်ရောက်လာနေတာပါ။ တစ်ဖက်ကလည်း တရိပ်ရပ်မြင့်မားလာတဲ့ ကုန်ဈေးနှုန်းကြောင့် ပြည်သူအများစုဟာ ထမင်းနပ်မှန်ဖို့တောင် မနည်းရုန်းကန်နေရတဲ့ အနေအထား ဖြစ်ပါတယ်။

 

ရန်ကုန်တိုင်း ယုဇနဥယျာဉ်မြို့တော်မှာ နေထိုင်တဲ့ “မမိုးမိုး”ဟာ Layout ဒီဇိုင်နာအလုပ်နဲ့ အသက်မွေးရသူပါ။ သူမဆီ အပ်ထားတဲ့ အလုပ်တွေ အချိန်မီ ပြီးစီးဖို့က လျှပ်စစ်မီးလာတာ, မလာတာအပေါ် မူတည်နေပါတယ်။

 

“မီးက လာချင်သလို လာပြီး ပျက်ချင်သလို ပျက်နေတာက တော်တော်ဆိုးတယ်၊ မနက် ၉ နာရီကနေ နေ့ခင်း ၁ နာရီထိ ပုံမှန်လာရမယ့် အလှည့်မှာ ၁၁ နာရီလောက်ကျမှ လာပြီး ၁ နာရီ မထိုးခင်မှာပဲ ပျက်သွားရော။ နေ့ခင်း ၁ နာရီကနေ ညနေ ၅ နာရီထိ လာရမယ့် အလှည့်ဆိုရင်လည်း ၃ နာရီလောက်ကျမှ လာပြီး ၅ နာရီမထိုးခင် ပျက်သွားတာမျိုးပေါ့။ ရေဆိုလည်း တစ်ရက်ခြားပဲ လာတာဆိုတော့ မီးလာချိန်လေးမှာ ရေတင်ရတဲ့ အလုပ်ကို ဦးစားပေးနေရတော့ ကွန်ပျူတာကိုင်ပြီး အလုပ်လုပ်ဖို့က အချိန်နည်းပါးသွားရတယ်၊ မီးလာတဲ့ အချိန် အတိအကျဆိုရင်တော့… လိုအပ်သလို စီစဉ်လို့ရတာပေါ့”

 

၂၀၂၄ ခုနှစ် မတ်လ ၁၆ ရက်နေ့ကဆိုရင် နေ့လယ် ၃ နာရီ ၃၀ ဝန်းကျင်ကစ,ပြီး ရန်ကုန်တိုင်းဒေသကြီး တစ်ခုလုံးမှာ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု ဖြစ်ပေါ်ခဲ့ပါတယ်။ တချို့မြို့နယ်တွေမှာ မီးပျက်ချိန် ကြာမြင့်လွန်းတဲ့ အတွက် အဆင်မပြေမှုတွေ ရှိခဲ့တာပါ။ အလှည့်ကျစနစ်နဲ့ မီးပေးနေတာ နှစ်ချီကြာမြင့်နေပြီ ဆိုပေမဲ့… တစ်မြို့နယ်နဲ့ တစ်မြို့နယ် မတူပါဘူး။ ဥပမာအားဖြင့် ရန်ကုန်မြို့လယ်ကောင်လို့ ပြောနိုင်တဲ့ ကျောက်တံတားမြို့နယ်မှာ ညနေ ၅ နာရီနောက်ပိုင်း မီးမှန်မှန်လာပြီး အလှည့်ကျ ဖြတ်တောက်ရမယ့် အချိန်မှာသာ ဖြတ်တောက်တာပါ။ ဒါပေမဲ့ ဒေါပုံ, သာကေတ, မြောက်ဒဂုံ, တောင်ဒဂုံ, အင်းစိန် လို မြို့နယ်တွေမှာတော့ မီးပုံမှန်လာတာ နည်းပါးပါတယ်။

 

သာကေတမြို့နယ်မှာဆိုရင် နေ့လယ် ၁ နာရီကနေ ညနေ ၅ နာရီထိမီးလာတယ် ဆိုရင် ညနေ ၅ နာရီကနေ ည ၉ နာရီထိ မီးပြတ်တောက်ပါတယ်။ မနက် ၉ နာရီကနေ နေ့လယ် ၁ နာရီထိ မီးလာတဲ့ အလှည့်ဆိုရင် ညနေ ၅ နာရီမှ မီးပြန်လာ တာပါ။ ဒါပေမဲ့… ည ၉ နာရီမှာ ပြန်ပျက်ချင်ပျက်သွားတာမို့ မိုးလေဝသခန့်မှန်းရ ခက်သလို မီးလာချိန်ကို ခန့်မှန်းရ ခက်တဲ့ သဘောပါ။

 

အထပ်မြင့် တိုက်ခန်းတွေများပြားတဲ့ ရန်ကုန်လို မြို့မှာ မီးလာမှသာ ရေတင်လို့ ရပြီး မီးပျက်ချိန်ကြာမြင့်တာနဲ့အမျှ ရေတင်ဖို့ အခက်အခဲဖြစ်ကြရပါတယ်။ မီးလာတဲ့ အချိန်မှာလည်း စည်ပင်ရေလွှတ်တဲ့ အချိန်နဲ့ တိုက်ဆိုင်မှသာ ရေတင်လို့ ရတာကြောင့် ညဉ့်နက်တဲ့အထိ စောင့်ပြီး ရေတင်ရတာတွေ ရှိပါတယ်။ လျှပ်စစ်မီးနဲ့ လုပ်ငန်းလည်ပတ် လုပ်ကိုင်နေကြရတဲ့ လုပ်ငန်းရှင်တွေဟာလည်း မီးမလာတဲ့ အခါ သူတို့လုပ်ငန်း လည်ပတ်ဖို့ မီးစက်ကိုပဲ အားကိုးပြီး လုပ်ငန်းလည်ပတ်နိုင်အောင် လုပ်ဆောင်ကြရပါတယ်။ မြင့်မားလာတဲ့ လောင်စာဆီ ဈေးနှုန်း တွေကြောင့် အရှုံးပေါ်ပြီး တချို့ဆိုရင် လုပ်ငန်းရပ်ဆိုင်းလိုက်ရတဲ့ အဖြစ်တွေ ရှိလာနေတာပါ။

 

ရန်ကုန်အပါအဝင် မြန်မာနိုင်ငံက မြို့အတော်များများမှာ နေထိုင်ကြတဲ့ အိမ်ရှင်မတွေ အတွက်တော့ ‘ဘူးလေးရာ ဖရုံဆင့်’ ဆိုသလို ကုန်ဈေးနှုန်းမြင့်မားနေတဲ့ကြား မီးကပါ ပျက်ပျက်နေတော့… မိသားစုစားသောက်ဖို့ ထင်း, မီးသွေး, ဂက်စ်ကို သုံးပြီး ချက်ပြုတ်ကြရတာ ဆိုတော့ အပိုဆောင်းကုန်ကျငွေ တိုးလာစေပါတယ်။ တစ်နေ့လုပ် တစ်နေ့စား ဖြတ်သန်းနေရတဲ့ ပြည်သူတွေအတွက် စိန်ခေါ်မှု အခက်အခဲတွေ ပိုများလာနေတယ် လို့ ဆိုရမှာပါ။

 

စစ်ကိုင်းမြို့နယ်က အိမ်ရှင်မတစ်ယောက်ဖြစ်တဲ့ “မချိုချိုဦး”က “ဟင်းသီးဟင်းရွက်ဈေးက နည်းနည်းသက်သာတယ် ဆိုပေမဲ့ ဆန်ဈေး, ဆီဈေးက မသက်သာဘူးလေ။ သားဈေးငါးဈေးကလည်း ကြီးတယ်။ ကျွန်တော်တို့မှာ အိမ်ရှိ လူကုန် အလုပ်,လုပ်မှ ထမင်းနပ်မှန်ရုံပဲ။ ဆန်က စားဖြစ်တဲ့ အနိမ့်ဆုံးဆန်တောင်မှ တစ်ပြီကို ၅,၀၀၀ လောက်ပေးပြီး ဝယ်နေ ရတာ” လို့ ပြောပြပါတယ်။

 

သူမတို့မှာ မိသားစု ၅ ယောက်ရှိပြီး အားလုံး အလုပ်လုပ်နေကြတာတောင် ‘ငွေကြေးစုမိဖို့က အဝေးကြီးပါ’ လို့လည်း ဆိုပါတယ်။ နယ်တွေမှာ အလုပ်အကိုင် အခွင့်အလမ်းနည်းပါးလို့ ရန်ကုန်မှာ လာရောက် အလုပ်,လုပ်ကြတဲ့သူတွေ ကျတော့လည်း အဆောင်လခ, အိမ်လခ, ကြီးမြင့်မှုနဲ့ ရင်ဆိုင်နေကြရပြန်ပါတယ်။ လူစည်ကားတဲ့ လှည်းတန်းက အဆောင်တွေမှာ တစ်ယောက်ခန်း တစ်ခန်းကို တစ်လ ၁ သိန်းကျပ်ထိ ပေးနေရပါတယ်။

 

မကွေးတိုင်းကနေ ရန်ကုန်ကို အလုပ်လာလုပ်တဲ့ “မောင်သူရ” က သူရရှိတဲ့ လ,စာနဲ့ ကုန်တာနဲ့ မကာမိအောင် ဖြစ်နေတယ် လို့ ဆိုပါတယ်။

 

“သူငယ်ချင်းတွေစုပြီး တိုက်ခန်းငှားနေကြတယ်၊ အဆောင်သဘောမျိုးပေါ့ဗျာ။ ဒါပေမဲ့ အဆောင်ငှားနေရင် ပိုဈေးကြီးပြီး ကျဉ်းကျဉ်းကျပ်ကျပ်နေရမှာမို့ သူငယ်ချင်း ၅ ယောက် စုငှားလိုက်တယ်။ တစ်လကို ၆ လွှာမှာတောင် ၂ သိန်းကျော် ပေးရတာဗျ။ ရေဖိုး မီးဖိုးပါတွက်ရင် ၂ သိန်းခွဲကျော်တယ်။ ထမင်း ဟင်းကိုတော့ မီးလာရင် ချက်စားတယ်။ မီးပျက်လို့ ဝယ်စားရရင်တော့ ပိုကုန်တာပေါ့။ နယ်က မိဘတွေဆီ တစ်လ ၃ သောင်းလောက် ပို့နိုင်ဖို့အရေး အများကြီး ချွေတာသုံးစွဲနေရတယ်”

 

တိုက်ခန်းဈေးနှုန်းတွေက မြင့်မားလာနေတဲ့ အတွက် အခြေခံလူတန်းစားတွေမှာ အခန်းတစ်ခန်း ဝယ်ယူဖို့ကလည်း ပို၍ပို၍ အလှမ်းကွာဝေးနေတာပါ။ ကုန်ဈေးနှုန်းက အချိန်နဲ့အမျှ မြင့်တက်လာနေပေမဲ့ ဝင်ငွေက တက်မလာတဲ့ အခါ ဈေးဝယ်သွားရတဲ့ အခက်အခဲကို သာကေတမြို့နယ်က အိမ်ရှင်မတစ်ဦးဖြစ်တဲ့ “မသီတာ” က အခုလို ပြောပြပါတယ်။

 

“အရင်က ကြက်သား ခုတ်သားက တစ်ပိဿာမှ ၇,၀၀၀ ကျပ် ဆိုတော့ အဆင်ပြေသေးတယ်။ ဟိုနေ့က သွားဝယ်တော့ တစ်ပိဿာ ၁၂,၀၀၀ ကျပ် ဖြစ်သွားပြီ။ ငါးဖယ်ခြစ်က တစ်ပိဿာ ၂၅,၀၀၀ ကျပ် ရှိတယ်။ ကြက်စာဈေးတွေ တက်လို့ ကြက်သားဈေးတက်ရတာ လို့ ပြောတာပဲ။ ပိုက်ဆံ ၁ သောင်းခွဲလောက် ပါရင်တောင် ဘာမှ ဟုတ်တိပတ်တိ ဝယ်မရဘူး။ ကျတာက စိတ်ဓာတ် လို့ပဲ ပြောချင်တော့တယ်။ ဆပ်ပြာ, တစ်ရှူးက အစ အကုန်ဈေးတက်နေတာ”

 

ရန်ကုန်အပါအဝင် မြို့တော်တော်များများမှာလည်း ပြည်သူတွေဟာ မလုံခြုံမှုတွေနဲ့ နေထိုင်ဖြတ်သန်းနေရသလို ခိုးမှု ခါးပိုက်နှိုက်မှု လုယက်မှုတွေလည်း နေ့စဉ်လိုလို ဖြစ်ပွားနေတာပါ။ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ဒေသတွေမှာ နေအိမ် စွန့်ခွာ ထွက်ပြေးသွားသူတွေရဲ့ နေအိမ်တွေကို ဖောက်ထွင်းခိုးယူမှုတွေ ဖြစ်နေတယ် ဆိုတဲ့ သတင်းတွေလည်း ကြားနေရပါတယ်။ ညဘက်တွေမှာသာမက နေ့ခင်းကြောင်တောင်မှာတောင် ဖောက်ထွင်းခိုးယူမှုတွေ, ဆွဲကြိုးဖြတ် လုယက်တာတွေ, ရိုက်နှက်ပြီး ဆိုင်ကယ်လုတာတွေ ဖြစ်ပွားနေတာတွေ ရှိပါတယ်၊ ပြန်ခုခံရင်လည်း ဓားနဲ့ ထိုးသွားတာ၊ ကျောက်လက် ဒါမှမဟုတ် ဝက်အူလှည့် (Screwdriver) နဲ့ ထိုးသွားတာတွေကြောင့် ပြည်သူတွေဟာ မလုံခြုံတဲ့ နေ့ရက်တွေကို ဖြတ်သန်းနေရတာပါ။ ဆိုင်ကယ်နဲ့ ရုတ်တရက် အနားကပ်သွားပြီး ပိုက်ဆံအိတ်တွေ, လက်ကိုင်ဖုန်းတွေ လုယူမောင်းပြေးတာတွေကို လုယက်သူတွေက အတင့်ရဲစွာ လုပ်ဆောင်လာကြတာဟာ တရားဥပဒေစိုးမိုးမှု အားနည်းခြင်းကို ပြသ,နေပါတယ်။

 

ဒါအပြင် လူမှုကွန်ရက် စာမျက်နှာတွေမှာ လူပျောက်ကြော်ငြာတွေ ခပ်စိပ်စိပ်တွေ့မြင်လာရပါတယ်။ ပျောက်ဆုံးသူတွေဟာ အများအားဖြင့် ကလေးတွေနဲ့ ငယ်ရွယ်သူတွေ ဖြစ်နေပြီး တချို့ကို ဘေးမသီရန်မခ ပြန်တွေ့ရပေမဲ့ တချို့ကို အသက်သေဆုံးလျက် ပြန်တွေ့ရတာတွေလည်း ရှိပါတယ်။ မိသားစုဝင်တွေဆီ ဖုန်းဆက်ပြီး ခြိမ်း‌ခြောက်ငွေညှစ်တာလည်း ရှိလာလို့ သွားလာနေထိုင်ရာမှာ တော်တော်လေးဂရုစိုက်ရမယ့် အနေအထားပါ။

 

 

လျှပ်စစ်မီး မှန်မှန်ရရင် ချက်ပြုတ်ရေးက အစ ကုန်ထုတ်လုပ်ငန်းတွေ အထိ အဆင်ပြေမှာ ဖြစ်သလို… အိမ်ရှင်မတွေ အလိုလားဆုံးက မီးမှန်မှန်လာဖို့နဲ့ ကုန်ဈေးနှုန်း တည်ငြိမ်ဖို့ပါပဲ။ ကျောင်းသွား ကျောင်းပြန်, အလုပ်သွား အလုပ်ပြန် သားသမီးရှိတဲ့ မိဘတွေ အနေနဲ့ သူတို့ရဲ့ သားသမီးတွေ အချိန်တန်ရင် အိမ်ကို ဘေးကင်းလုံခြုံစွာ ပြန်လာနိုင်ဖို့ ပူပင်နေကြရတဲ့ အပြင် အပြင်ထွက် အလုပ်, လုပ်နေရတဲ့သူတွေ အတွက်လည်း စိတ်မအေးနိုင် ဖြစ်နေရတာပါ။ တစ်ဖက်ကလည်း စားရေး, ဝတ်ရေး, နေရေး စတဲ့ အခက်အခဲကလည်း စိန်ခေါ်မှုကြီးမားလာနေတဲ့ အတွက် လူမှုဘဝ အခက်အခဲတွေကြား ရုန်းကန်နေကြရတဲ့ ပြည်သူတွေဟာ အချင်းချင်းတတ်နိုင်သရွေ့ ဖေးမကူညီဖြေရှင်းနေရဆဲပါ။   ။

 

သွေး (စစ်ကိုင်း)

#voiceofmyanmar #VOM #လူမှုဘဝအခက်အခဲတွေကြားရုန်းကန်နေရတဲ့ ပြည်သူတွေ #သွေး(စစ်ကိုင်း)

 

 

 

Related posts

VOM News

FREE
VIEW