ပဲခူးတိုင်းမှာ တပတ်အတွင်း အုပ်ချုပ်ရေးမှူးအပါအဝင် လူ ၁၀ယောက် ပစ်သတ်ခံရ

ပဲခူး – မတ် ၂၂- ၂၀၂၄
GG (VOM)

ပဲခူးတိုင်း အနောက်ပိုင်း ၊ပြည်မြို့၊သဲကုန်းမြို့နယ်မှာ မတ်လ ၂၁ ရက်နေ့က စစ်မှုထမ်းဖို့အတွက် လူစာရင်းကောက်ပြီးပြန်လာတဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးနဲ့ ရပ်ကျေးစာရေး ပစ်ခတ်ခံရပြီး အုပ်ချုပ်ရေးမှူး သေဆုံးမှုဖြစ်ပွားခဲ့ပါတယ်။

ဒါကြောင့် ပဲခူးတိုင်းမှာ မတ်လ ၁၄ ရက်နေ့ကနေ မတ်လ ၂၁ ရက်အထိ တပတ်အတွင်းမှာဆိုရင် အုပ်ချုပ်ရေးမှူး အပါအဝင် လူပေါင်း ၁၁ ယောက်ပစ်ခတ်ခံရပြီး ၁၀ ယောက်သေဆုံးခဲ့ရတယ်လို့သိရပါတယ်။

သေနတ်နဲ့ ပစ်ခတ်ခံရသူတွေကတော့ ရပ်ကျေးအုပ်ချုပ်ရေးမှူး ၊ရာအိမ်မှူး၊ ရပ်ကျေးစာရေး၊ ကျောင်းဆရာမ၊လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့မိသားစုဝင်တွေ ၊နိုင်ငံရေး ပါတီဝင်၊ ဒေသခံ တွေဖြစ်တယ်လို့သိရပါတယ်။

” မနေ့က သဲကုန်းက အုပ်ချုပ်ရေးမှူးနဲ့ စာရေးအပစ်ခံရပြီး အုပ်ကြီးကသေသွားတယ်။စာရေးကလည်းဒဏ်ရာပြင်းတယ်ဆိုပြီးရန်ကုန်ဆေးရုံခေါ်သွားတယ်။ သူတို့ကိုတော့ စစ်မှုထမ်းဖို့ လူစုတယ်ဆိုပြီး လာပစ်သွားတာလို့တော့ ကနဦး သိရတယ် ၊စစ်မှုထမ်းလူစုလို့ဆိုပြီး ပစ်သတ်တာ ဒါကတော့ ပြည်ဘက်မှာပထမဆုံးပြောရမယ် ” လို့ ပြည်မြို့နယ် လုံခြုံရေးအဖွဲ့နဲ့နီးစပ်သူ ဒေသခံတယောက်ကပြောပါတယ်။

အလားတူ မတ်လ ၂၁ ရက်နေ့မှာပဲ ညောင်လေးပင်ခရိုင်၊ကျောက်တံခါးမြို့နယ်၊ပဲနွယ်ကုန်းမြို့နယ်မှာ နေအိမ်ခြံဝန်းထဲ စကားဝိုင်းဖွဲ့ပြောနေတဲ့ လူတွေထဲက အမျိုးသားတဦး သေနတ်နဲ့ပစ်သတ်ခံခဲ့ရပါတယ်။

မတ်လ ၁၈ ရက်နေ့မှာ ပဲခူးအနောက်ပိုင်း၊နတ်တလင်းမြို့နယ်၊ပျဉ်ပုံရွာက အသက် ၅၀ အရွယ် ဦးစိုးလေးဆိုသူ သေနတ်နဲ့ပစ်သတ်ခံခဲ့ရပါတယ်။

မတ်လ ၁၇ ရက်နေ့ကလည်း ပဲခူးအရှေ့၊တောင်ငူမြို့နယ်က ကြံ့ခိုင်ရေးပါတီ မြို့နယ်ကော်မဝင်ဆိုသူ ဦးစိန်မြင့် သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့သိရပါတယ်။

မတ်လ ၁၅ ရက်နေ့မှာ လည်း ပဲခူးအနောက်ခြမ်း၊ နတ်တလင်းမြို့က ရပ်ကျေးအုပ်ချုပ်ရေးမှူး ဦးသိန်းဝင်း ဆိုသူ သေနတ်နဲ့ပစ်ခတ်ခံခဲ့ရပါတယ်။

အလားတူ မတ်လ ၁၄ ရက်နေ့ကလည်း ပဲခူးတိုင်း အနောက်ပိုင်း ၊ သာယာဝတီခရိုင် ၊ လက်ပံတန်းမြို့နယ်ရှိ သရက်တောရွာနဲ့ ရေငံရွာက ကျောင်းဆရာမ ညီအစ်မ နှစ်ယောက်နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့မိသားစုဝင် သုံးယောက် အသတ်ခံခဲ့ရတာဖြစ်ပါတယ်။

အဆိုပါ ပစ်ခတ် သတ်ဖြတ်မှုတွေကိုတော့သက်ဆိုင်ရာနယ်မြေခံ PDF အဖွဲ့တွေက လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သူတို့ရဲ့လူမှုကွန်ယက်စာမျက်နှာတွေကနေ အသိပေးထားမှုအရသိရပါတယ်။

ပဲခူးတိုင်းအနောက်ပိုင်းမှာ လက်ရှိ စစ်မှုထမ်းဖို့ အတွက် လူငယ်တွေကို အစည်းအဝေးလုပ်တာ ၊ ဆင့်ခေါ်တာ တွေ ပြုလုပ်နေပြီဖြစ်တယ်လို့သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW