ပြင်ဦးလွင် မြို့ရှောင်လမ်းမှာ ကားမှောက်ပြီး ကားပေါ်ပါသူ သုံးယောက်စလုံး ပွဲချင်းပြီး သေဆုံး

မန္တလေး ၊ မေ ၈ – ၂၀၂၄
GG (VOM)
မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ် မြို့ရှောင်လမ်း၊ဖက်ဆွတ်ကန်အနီး ထင်းရှူးတောအစပ်နားမှာ ခွေးဘီလူးကားတစီး တိမ်းမှောက်ပြီး ယာဉ်ပေါ်ပါ အမျိုးသားသုံးယောက်လုံး သေဆုံးခဲ့တယ်လို့ ကူညီရေးလမ်းကြောင်းပါဝင်ခဲ့တဲ့ သန္တိသုခ အခမဲ့ လူမှုကူညီရေးအသင်းကသိရပါတယ်။
မနေ့က မေလ ၇ ရက်နေ့ ည ၆ နာရီကျော်လောက်မှာ အမျိုးသားသုံးယောက်လိုက်ပါလာတဲ့ ခွေးဘီလူးကား တိမ်းမှောက်ခဲ့တာဖြစ်ပြီး တိမ်းမှောက်မှုကြောင့်ကားမှာ ရစရာမရှိအောင်ပျက်စီးခဲ့သလို အမျိုးသားသုံးယောက်လုံးကိုလည်း ကားခေါင်းခန်းထဲကနေ ခက်ခက်ခဲခဲ ထုတ်ယူခဲ့ရတယ်လို့ ဆိုပါတယ်။
“ကားခေါင်းထဲမှာလူသုံးယောက်ညှပ်နေတယ်ဆိုလို့ကားတွေထွက်ခဲ့တယ်၊မီးသတ်နဲ့ပေါင်းပြီးထုတ်ခဲ့ရတယ်။သုံးယောက်လုံးနေရာမှာပွဲချင်းပြီးပဲ၊ ကားကတိုက်တာလို့လည်းပြောတယ်၊မှောက်တာလည်းပြောကြတယ်သေချာမသိရဘူး။တိုက်တဲ့နေရာက အမြန်လမ်းမကြီးလိုဖြစ်တော့ လူရှင်းတော့ သိပ်မသိကြဘူး။ကားပေါ်ပါသူတွေကလည်းအကုန်ဆုံးတော့ သေချာမသိရဘူးဖြစ်နေတာပေါ့ ” သန္တိသုခလူမှုကူညီအေသင်း ဝင်တယောက်ကပြောပါတယ်။
ယာဉ်တိမ်းမှောက်မှုကြောင့်သေဆုံးသူသုံးယောက်လုံးကို ပြင်ဦးဆေးရုံရှိ ရင်ခွဲရုံကိုပို့ဆောင်ထားကြောင်း ၊ သေဆုံးသူတွေက အသက် ၃၀ ဝန်းကျင်အရွယ်တွေဖြစ်တယ်လို့သိရပါတယ်။
လက်ရှိအချိန် သေဆုံးသူအမျိုးသားသုံးယောက်နဲ့ပတ်သက်ပြီး မိသားစုဝင်တွေနဲ့ချိတ်ဆက်မရရှိသေးတာကြောင့် သေဆုံးသူတွေရဲ့ နေထိုင်ရာမြို့နယ်အပါအဝင် အချက်အလက်ဘာမှမသိရသေးဘူးလို့သိရပါတယ်။
အခု ကားတိမ်းမှောက်မှုဖြစ်ပွားတဲ့ ပြင်ဦးလွင်မြို့ရှောင်လမ်း ထင်းရှူးတောစပ်နေရာမှာ ပြီးခဲ့တဲ့၂၀၂၂ ခုနှစ်တုန်းကလည ယာဉ်တိမ်းမှောက်မှုဖြစ်ပြီး ကိုးလောင်းပြိုင်သေဆုံးမှုရှိခဲ့တယ်လို့ သိရပါတယ်။
Photo – သန္တိသုခအသင်း

Related posts

Leave a Comment

VOM News

FREE
VIEW