ရခိုင် – မတ် – ၂၄ – ၂၀၂၄
GG( VOM)
ရခိုင်ပြည်နယ် သယံဇာတရေးရာဝန်ကြီး ဦးသန်းထွန်း (ခ) ဆရာကျားချေ သည် ဒီကနေ့ မတ်လ ၂၄ ရက်နေ့ မနက်ပိုင်းက နှလုံးရောဂါနဲ့ ရုတ်တရက် ကွယ်လွန်သွားခဲ့တယ်လို့ သိရပါတယ်။
ဝန်ကြီးဦးသန်းထွန်းဟာ မနက်အစောပိုင်းမှာ လမ်းလျှောက်ပြီးပြန်လာစဥ် နေအိမ်ထဲမှာ ရုတ်တရက်အမောဖောက်ပြီးလဲကျသွားတာကြောင့် ဆေးရုံကိုပို့ဆောင်ကာ ကုသမှုခံယူခဲ့ပေမယ့် သေဆုံးသွားတာဖြစ်တယ်လို့သိရပါတယ်။
” အမောဖောက်ပြီးလဲသွားလို့ စစ်တွေဆေးရုံကိုပို့ပြီး ဆေးကုနေချိန် ကွယ်လွန်သွားတာပါ။ ဝန်ကြီးက နဂိုထဲကလည်း နှလုံးရောဂါအခံရှိတယ်လို့ပြောတယ်။ အခုကျ နှလုံးရောဂါဖောက်တဲ့သဘောပေါ့၊ ဝန်ကြီးက အသက် ၆၇ နှစ် ရှိပြီ ၊ပရဟိတတွေလည်း လုပ်ခဲ့သူတဦးပါ ၊ ၆ နာရီခွဲလောက်ဆုံးတာပါ၊ သူ့တပည့်တွေကတော့ ဝမ်းနည်းနေကြတာပေါ့ ” လို့ စစ်တွေမြို့ခံ ပရဟိတသမားတဦးကပြောပါတယ်။
ဝန်ကြီးဦးသန်းထွန်းဟာ လက်ရှိ နစကလက်ထက်မှာမှ အသစ်ခန့်အပ်ထားတဲ့ သယံဇာတဝန်ကြီးဖြစ်ပါတယ်။
ဝန်ကြီးဦးသန်းထွန်းမှာ အရင်ကတည်းက နှလုံးရောဂါအခံရှိပြီး ရခိုင်ပြည်နယ်တွင်း တာဝန်ထမ်းဆောင်နေတုန်းကလည်း နှလုံးရောဂါဖောက်လို့ အရေးပေါ်ဆေးကုသမှုတွေ ပြုလုပ်ခဲ့ရဘူးတယ်လို့သိရပါတယ်။
ဒါ့အပြင် အရင်က ဝန်ကြီး ဦးသန်းထွန်းဟာ ရခိုင်ပြည်နယ် ရှိလူမှုကူညီရေးကိစ္စရပ်တွေကိုလည်း ကူညီဆောင်ရွက်ပေးတတ်သူတယောက်ဖြစ်ပြီး စစ်တွေမြို့မှာ နာမည်ကျော်ကြားတဲ့ သချင်္ာဆရာတဦးဖြစ်ကာ စစ်တွေမြို့အထက်တန်းကျောင်း အမှတ်၄ ရဲ့ကန်တော့ခံ ဆရာတဦးဖြစ်တယ်လို့ သိရပါတယ်။
ဒါကြောင့် ဝန်ကြီးဦးသန်းထွန်းသေဆုံးမှုအပေါ် ပညာရေးအသိုင်းအဝိုင်းက မိတ်ဆွေတွေနဲ့ ကျောင်းသူကျောင်းသားဟောင်းတွေက ဝမ်းနည်းကြောင်း လူမှုကွန်ယက်မှာ ရေးသားနေကြပါတယ်။