သထုံမြို့နယ်မှာ သုံးရက်အတွင်း ပိုင်ရှင်မဲ့ အမျိုးသားအလောင်း လေးလောင်းတွေ့

မတ် ၊ ၂၄ ၊ ၂၀၂၄
SP ( VOM)

မွန်ပြည်နယ် ၊ သထုံခရိုင် ၊ သထုံမြို့နယ်မှာ မတ် ၂၁ ကေန မတ် ၂၄ ရက်အထိ သုံးရက်ဆက်တိုက် ပိုင်ရှင်မဲ့ အမျိုးသား ရုပ်အလောင်း လေးလောင်း​တွေ့ရှိခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။

ပရဟိတသမား တယာက်က ” မနေ့ မတ် ၂၃ ရက် မနက်ပိုင်းက ကြေးသွန်းဘုရားဝင်းအတွင်းမှာ အမည်မသိ အမျိုးသားတစ်ဦးရဲ့ ရုပ်အလောင်းတွေ့ရတယ် ၊ နောက်ပြီး မတ် ၂၂ ရက်က ကော့သန် ၊ အောင်ကန်သာလမ်းဘေး လယ်ကွင်းထဲမှာ အသက် ၄၀ နှစ် ဝန်းကျင်အရွယ် အမျိုးသားတယောက်ရဲ့ ရုပ်အလောင်းတွေ့ရတယ် ၊ နောက်ပြီး မတ် ၂၁ ရက်က ပိုင်ရှင်မဲ့ အလောင်းတွေ့ရတဲ့ ဖြစ်စဉ်နှစ်ခုရှိတယ် ၊ ပထမ ဖြစ်စဉ်က လိပ်အင်းရပ်ကွက်မှာရှိတဲ့ ရေတွင်းဟောင်းထဲမှာ အမည်မသိ ပိုင်ရှင်မဲ့ အမျိုးသားတလောင်းတွေ့ရတယ် ၊ အဲဒီနောက် ဒုတိယဖြစ်စဉ်က မတ် ၂၁ ရက် ညနေပိုင်းမှာဖြစ်တယ် ၊
ကော့သန်ကျေးရွာ ၊ အုတ်ဖိုရေကန်ထဲက အမည်မသိ ပိုင်ရှင်မဲ့ အမျိုးသား ရုပ်အလောင်တွေ့ရတယ် ၊ အဲ့ဒါကြောင့် သထုံနယ်မှာ သုံးရက်အတွင်း အမည်မသိ ပိုင်ရှင်မဲ့ အမျိုးသား ရုပ်အလောင်း လေးလောင်းတွေ့ရတယ် ၊ အလောင်းတွေကို သထုံပြည်သူ့ဆေးရုံမှာ ပို့ဆောင်ကူညီပေးထားတယ် ” လို့ ပြောပါတယ်။

မွန်ပြည်နယ် ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က ” ဒီရက်ပိုင်းမှာ မွန်ပြည်နယ်အတွင်း ပိုင်ရှင်မဲ့ အလောင်းတွေ တွေ့ရတာ လေးငါး​လောင်းထက်မနည်း ရှိတယ် ၊ သက်ဆိုင်ရာ ဆေးရုံတွေကို ပို့ဆောင်ထားပြီး မှုခင်းဆေးပညာအရ သဘာဝအတိုင်း (ဓမ္မတာအတိုင်း)သေဆုံးတာ ဟုတ် ၊ မဟုတ် သဘောထားမှတ်ချက် တောင်းခံထားတယ် ၊ အဲ့ဒီ ဆေးစာအဖြေရမှ ဘာကြောင့်သေတယ်ဆိုတာ သိရမှာဖြစ်တယ် ၊ အခုတော့ သေမှုသေခင်း ဖွင့်ပြီး စစ်နေတုန်းအဆင့်ပဲရှိသေးတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ မတ် ၆ ရက် မနက်ပိုင်းမွန်ပြည်နယ် ၊မော်လမြိုင်ခရိုင် ၊ သံဖြူဇရပ်မြို့နယ် ရဲ့ တောင်ဘက် ရှစ်မိုင်လောက်ဝေးတဲ့ ပင်လယ် ကမ်းခြေမှာရှိတဲ့ ဂရုပ္ပိကျေးရွာနဲ့ အံခဲကျေးရွာက ရွားသားလေးယောက်ဟာ အလှူပွဲအတွက် ဈေးဝယ်ဖို့ သံဖြူဇရပ်မြို့ကို သွားရာက နေ ဒီကနေ့အထိ ရွာပြန်ရောက်မလာပဲ ပျောက်ဆုံးနေတယ်လို့ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။

ဒါအပြင် ပြီးခဲ့တဲ့ မတ် ၁၇ ရက်က မွန်ပြည်နယ် ၊ ရေးမြို့နယ် ၊ လမိုင်းမြို့နယ်ခွဲ ၊ ကြိုးတံတားကျေးရွာနဲ့ စံပြကျေးရွာအကြား ရေး – သံဖြူရပ် ကားလမ်းမှာ တရက်တည်းမှာ လူသတ်မှု နှစ်ကြိမ်ဖြစ်ပွားပြီးအမည်မသိ ပိုင်ရှင်မဲ့ ရုပ်အလောင်းတွေကို ဒေသခံ လူမှုကူညီရေး အသင်းတွေက ကောက်ယူပြီး လမိုင်းမြို့ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးနေရတယ်လို့ပရဟိတသမားတွေဆီက သိရပါတယ်။

ဓာတ်ပုံ -အဖြူရောင်နှလုံးသား ကယ်ဆယ်ရေးအသင်း

Related posts

Leave a Comment

VOM News

FREE
VIEW